Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 10, 2014

နိုင်ငံတော်သမ္မတ အကြံပေးအဖွဲ့ဝင် CB ဘဏ်ဥက္ကဋ္ဌ ဦးခင်မောင်အေးပိုင် KMA ကုမ္ပဏီက ဒဂုံဆိပ်ကမ်းရှိ လယ်မြေများကို အင်အားသုံးခြံခတ်သည့်အပြင် ကုမ္ပဏီအလုပ်သမားများ၏ ကိုယ်ထိလက်ရောက် ကျူးလွန်မှုကြောင့် တောင်သူများ ထိခိုက်ဒဏ်ရာ ရရှိမှုအပေါ် အမှုဖွင့်မည်


Tuesday, February 11, 2014

နိုင်ငံတော် သမ္မတရုံးက ဖွဲ့စည်းပေးထား သော အမျိုးသားစီးပွားရေးနှင့် လူမှုရေး အကြံပေး ကောင်စီအဖွဲ့ဝင်၊ စီဘီဘဏ်ဥက္က| ဦးခင်မောင်အေး ပိုင် KMA Group of Companies (ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီလီမိတက်) မှ ဒဂုံဆိပ်ကမ်းမြို့နယ် အတွင်းရှိ မြေဧက ၅ဝ ကျော်ရှိ လယ်မြေများတွင် အင်အားသုံး ခြံခတ်သည့်အပြင် ကုမ္ပဏီ အလုပ်သမားများက တောင်သူများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်မှုကြောင့် တောင်သူများ ထိခိုက်ဒဏ်ရာ ရမှုအပေါ် ကောင်းမြန်မာအောင် ကုမ္ပဏီကို တောင်သူများက အမှုဖွင့် အရေးယူရန် ပြင်ဆင်လျက်ရှိကြောင်း တောင်သူများက The Daily Eleven သတင်းစာသို့ ဖေဖော်ဝါရီ ၁ဝ ရက်က ပြောကြားသည်။

“မနေ့ (ဖေဖော်ဝါရီ ၉ ရက်) က နံနက် ၈ နာရီလောက်မှာ ကောင်းမြန်မာအောင် ကုမ္ပဏီက ခြံစည်းရိုး အဓမ္မ အတင်းခတ်တယ်။ သူတို့ကတော့ ဧက ၅ဝ ကျော် အကုန်ခတ်မှာ။ အခုစဖြစ်တာက ဦးချစ်လှိုင်ရဲ့ ၁၃ ဒသမ ၄ဝ ဧကနေရာမှာ။ အဲဒီမှာ ဦးချစ်လှိုင်က မခတ်ဖို့တားတယ်။ မရဘူး။ အဲဒီမှာ စဖြစ်ကြတာ။ သူတို့လာတော့ ကုမ္ပဏီက ခေါ်လာတဲ့သူက အနည်းဆုံး ၅ဝ အောက်တော့ မဆင်းဘူးပေါ့။ လူတွေကားနှစ်စီးတိုက် ခေါ်လာတာ။ ကျွန်တော်တို့ကို မနေ့က ရိုက်တဲ့သူတွေပေါ့။ ပြီးတော့ ရဲအင်အားက ၅၂ ယောက်၊ နောက်ရောက်လာတဲ့ရဲ မပါသေးဘူး။ ၉၃၊ ၉၄ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေပါတယ်”ဟု ဦးချစ်လှိုင်၏ သမက်ဖြစ်သူ ကိုအေးထွန်းက ပြောကြားသည်။

ယင်းသို့ ကုမ္ပဏီမှ ခေါ်ဆောင်လာသူများက တောင်သူများကို လေးခွဖြင့်ပစ်ခြင်း၊ အုတ်ခဲကျိုးဖြင့် ထုခြင်းတို့ကြောင့် တောင်သူ ငါးဦးခန့် ထိခိုက်ဒဏ်ရာရရှိကာ ဦးချစ်လှိုင် ၏ သမီးဖြစ်သူမှာ ဦးခေါင်းပေါက်ပြဲဒဏ်ရာ ကြောင့် လက်ရှိတွင် သင်္ဃန်းကျွန်းစံပြ ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူနေရဆဲဖြစ်ကြောင်း ကိုအေးထွန်းက ဆက်လက် ပြောကြားသည်။

ယင်းကဲ့သို့ ကောင်းမြန်မာအောင် ကုမ္ပဏီမှ ၎င်းတို့ခေါ်ဆောင်လာသူများက တောင်သူများအပေါ် ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်း၊ အင်အားသုံးကာ အငြင်းပွား မြေပေါ်တွင် ခြံစည်းရိုးခတ်ခြင်းများအပေါ် တောင်သူများက ကောင်းမြန်မာအောင် ကုမ္ပဏီကို အမှုဖွင့်အရေးယူရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

“ဒီလို အငြင်းပွားနေဆဲ မြေပေါ်မှာ သူတို့လက်နက် အပြည့်အစုံနဲ့လာပြီး အင်အားသုံးပြီး ခြံစည်းရိုးခတ်တယ်။ ကျွန်တော်တို့က တားတော့ သူတို့မှာ အသင့်ပါလာတဲ့ လက်နက်တွေနဲ့ ကျွန်တော်တို့ကို ကိုယ်ထိလက်ရောက် ကျူးလွန်လို့ ကျွန်တော်တို့က ကောင်းမြန်မာအောင် ကုမ္ပဏီကို ပုဒ်မတပ်ပြီး ဒဂုံဆိပ်ကမ်း ရဲစခန်းမှာ ဒီနေ့အမှုဖွင့်ဖို့ ပြင်ဆင်နေပါတယ်”ဟု ကိုအေးထွန်းက ပြောကြားသည်။

အဆိုပါ မြေများကို ၁၉၉၄ ခုနှစ်တွင် နိုင်ငံတော်က သိမ်းယူခဲ့ပြီး ပြေစာကဲ့သို့ အထောက်အထားရှိသည့် မူလတောင်သူများကို သီးစားပြန်လည် ချထားခဲ့ကြောင်း၊ ယင်းနောက် အဆိုပါမြေများကို တောင်သူများအား ဆက်လက်လုပ်ကိုင်စေခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မြေတိုင်း၊ ရပ်ကွက်အမှတ် ၇၄၊ ၇၅၊ မြေကွက်အမှတ် ၁၊၂၊ ၂၂၈/၅၊ ၂၂၈/၇ နှင့် ၂၂၈/၈ တို့ကို ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီ လီမိတက်သို့ ၂ဝ၁၃ ခုနှစ်၊ မေလ ၂ဝ ရက်နေ့တွင် နှစ် ၆ဝ အငှားစာချုပ်ဖြင့် ချထားပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ နှစ်ပေါင်း ၆ဝ မြေငှားစာချုပ် ကာလအပိုင်းအခြားတွင် ၂ဝ၂၈ ခုနှစ် မေ ၁၉ ရက်တွင် ကုန်ဆုံးသည့် ပထမ ၁၅ နှစ် အတွင်း သုံးလပတ်အတွင်း မြေငှားရမ်းခငွေ ကျပ် ၅၄၅၅ဝကျပ် (ငါးသောင်း လေးထောင် ငါးရာလေးဆယ်) ကိုသာ ပေးဆောင်ရမည်ဖြစ်ပြီး ဇန်နဝါရီ၊ ဧပြီ၊ ဇူလိုင်လနှင့် အောက်တိုဘာလများ၏ လဆန်း ၁ ရက်နေ့ များတွင် ကြိုတင်ပေးဆောင် ရမည်ဖြစ်ကြောင်း ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီ လီမိတက်၏ ကုန်သေတ္တာလွင်ပြင် စီမံကိန်းဆိုသော အငြင်းပွားမြေကွက်ပေါ်တွင် စိုက်ထူထားသည့် ဆိုင်းဘုတ်၌ ဖော်ပြထားချက်အရ သိရသည်။

ထို့ပြင် အဆိုပါနှစ် ၆ဝ ကာလအပိုင်း အခြား၏ ဒုတိယ၊ တတိယနှင့် စတုတ္ထ ၁၅ နှစ်စီ အတွက်လည်း အထက်ပါ မြေငှားခအတိုင်း ပေးဆောင်ရမည် ဖြစ်ကြောင်းလည်း ယင်းဆိုင်းဘုတ်တွင် ဆက်လက် ဖော်ပြထားသည်။

ဖေဖော်ဝါရီ ၉ ရက်က အငြင်းပွားမြေနေရာပေါ်တွင် ကုမ္ပဏီက ခြံလာခတ်မှုကြောင့် အလုပ်သမားများနှင့် တောင်သူများ ရုန်းရင်းဆန်ခတ်ဖြစ်နေစဉ်

Eleven Media Group

No comments:

Post a Comment