Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 22, 2014

လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့ရန် အမည်စာရင်း နိုင်ငံတော်သမ္မတ လွှတ်တော်တင်

ပြည်ထောင်စု လွှတ်တော်မှ အတည်ပြု ထားသော အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ လာဘ်ပေး လာဘ်ယူမှု တိုက်ဖျက်ရေး ကော်မရှင်ဖွဲ့ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ကော်မရှင် အဖွဲ့ဝင်များ၏ အမည်စာရင်းကို ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်းခဲ့ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောကြားသည်။
အဆိုပါ အမည်စာရင်းတွင် ဦးမြ၀င်း စစ်မှုထမ်း (အငြိမ်းစား)၊ ဦးတင်ဦး သံအမတ်ကြီး (အငြိမ်းစား) ဦးကျော်ကျော် နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား)၊ ဦးစိုးတင့် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး ညွှန်ကြားရေးမှူး (အငြိမ်းစား)၊ ဦးသန်းအောင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ညွှန်ကြားရေးမှူး (အငြိမ်းစား) တို့ပါဝင်ကြောင်း ၎င်းကဆိုသည်။ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ကော်မရှင်ကို နိုင်ငံတော်သမ္မတက အမည်စာရင်း တင်သွင်းသူ ငါးဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က အမည်စာရင်းတင်သွင်း ငါးဦးစီ နှင့် စုစုပေါင်း ၁၅ ဦးဖြင့် ဖွဲ့စည်းရမည်ဟု အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေတွင် ပြဌာန်းထားသည်။
ယင်းသို့ ငါးဦးစီ ရွေးချယ် ဖွဲ့စည်းခြင်းသည် ပွင့်လင်း မြင်သာမှုနှင့် အပြန်အလှန် ထိန်းညှိမှု ရှိမည် ဖြစ်ပြီး လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး လုပ်ငန်းများကို ယုံကြည် စိတ်ချစွာ လုပ်ကိုင်နိုင်မည် ဖြစ်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။ “ဥပဒေထဲမှာ ညွှန်ကြားထားတဲ့အတိုင်း ကော်မရှင် ဖွဲ့စည်းတာပါ။ ဥပဒေကြီးကို အတည်ပြု ထားပေမယ့် အလုပ်လုပ်တဲ့ ကော်မရှင် မရှိရင် ဘာမှဆက်ပြီး ဆောင်ရွက်လို့ မရဘူး” ဟု ၎င်းကဆိုသည်။
လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဖေဖော်ဝါရီ ၂၄ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြုမည် ဖြစ်ကြောင်း သူရဦးရွှေမန်းက ပြောကြားသည်။ အဆိုပါ လာဘ်ပေးလာဘ်ယူမှု တိုက်ဖျက်ရေး ကော်မရှင် လုပ်ငန်းဆောင်ရွက်မည့် အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို ၂၀၁၃ ခုနှစ် သြဂုတ်လ ပထမပတ်အတွင်း ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းခဲ့ခြင်း ဖြစ်သည်။

No comments:

Post a Comment