Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားသည့် နှုန်းထားမှာ တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ သာရှိ၍ ဈေးနှုန်းတိုးမြှင့်ရန်စီစဉ်




ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ကို ထူးကုမ္ပဏီသို့ ငှားရမ်းလုပ်ကိုင်ခွင့်ပေးထားသည့် နှုန်းထားမှာ တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ သာရှိခြင်းကြောင့် နည်းပါးနေပြီး ယင်းဈေးနှုန်းအား တိုးမြှင့်နိုင်ရန်အတွက် အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာကုမ္ပဏီတို့ ပြန်လည်ညှိနှိုင်းရန် စီစဉ်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြန်လည်ဖြေကြားချက်အရ သိရသည်။

၂၀၁၃ ခုနှစ်အတွင်းက ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သတ္တမပုံမှန် အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ‘ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ထူးကုမ္ပဏီသို့ ငှားရမ်းထားသည့် ဈေးနှုန်းမှာ နည်းပါးနေခြင်းကြောင့် ခေတ်ကာလပေါက်ဈေး ပြန်လည်ရရှိရန်အတွက် ငှားရမ်းခြင်းစာချုပ်ကို ပြန်လည်ပြင်ဆင်ရန် ချုပ်ဆိုရန်’ အဆိုတင်သွင်းခဲ့ရာ ယင်းအဆိုအပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဒေါက်တာညိုညိုသင်းထံသို့ ဖေဖော်ဝါရီလဆန်းက စာဖြင့်ပြန်လည်ဖြေကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းဖြေကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်အား ထူးကုမ္ပဏီများ အုပ်စုသို့ ၂၀၁၁ ခုနှစ် ဧပြီ ၁ ရက်မှစတင်၍ ငှားရမ်းခဲ့ကြောင်း၊ ငှားရမ်းခအဖြစ် တစ်နှစ်လျှင် ကျပ်သိန်း ၇၀၀ ကို နှစ်စဉ်သွင်းစေပြီး ငှားရမ်းကာလ ၁၀ နှစ်ဖြစ်ကာ နှစ်ဦးနှစ်ဖက် ညှိနှိုင်း၍ နောက်ထပ်ငါးနှစ်နှင့်နှစ်ကြိမ် သက်တမ်းတိုးဆောင်ရွက်ခွင့်ရှိကြောင်း၊ ငှားရမ်းခွင့်စာချုပ်အား နှစ်နှစ်လျှင်တစ်ကြိမ် ချုပ်ဆိုမည်ဖြစ်ပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ အတည်ပြုချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားချက်တွင် ပါရှိသည်။

“တိရစ္ဆာန်ဥယျာဉ်ဟာ ၀င်ကြေးတစ်ယောက်ကို ၁၀၀၀ ကျပ် ကောက်နေတာဖြစ်ပါတယ်။ မြေဧကလည်း ကျယ်ဝန်းတယ်။ ငှားရမ်းထားတဲ့နှုန်းက တစ်နှစ်သိန်း ၇၀၀၊ ကန်တော်ကြီးက ငါးပြတိုက်ကလေးကို ငှားရမ်းတာတောင် တစ်နှစ်သန်း ၁၂၀ ရတယ်ဆိုတော့ ကြီးမားတဲ့ကွာဟချက်ကြီး ဖြစ်နေပါတယ်။ ဒီလောက်နဲ့ ငှားရမ်းထားတာဆိုတော့ ကုမ္ပဏီက အခွင့်ထူးခံလိုမျိုး ဖြစ်နေတာပေါ့။ ဒါကြောင့် သင့်တင့်မျှတတဲ့ ခေတ်ကာလပေါက်ဈေးနဲ့ ပြန်ရဖို့အတွက် ပြည်ထောင်စုအစိုးရရဲ့ မူလစာချုပ်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြန်လည်စိစစ်သုံးသပ်ရေး စာချုပ်အသစ်ချုပ်ဆိုဖို့ အဆိုတင်သွင်းခဲ့တာ ဖြစ်ပါတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

လက်ရှိငှားရမ်းထားသည့် ကျပ်သိန်း ၇၀၀ မှာနိုင်ငံတော်အတွက် သင့်လျော်သော ဈေးနှုန်းဖြစ်ကြောင်း၊ သို့သော် နှစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆိုမှုအရ ၂၀၁၃ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၁၅ မတ် ၃၁ ရက်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီးဖြစ်၍ ဈေးနှုန်းတိုးမြှင့်လိုပါက နောက်ထပ်စာချုပ်သစ် ချုပ်ဆိုမှသာ ကာလဒေသပေါက်ဈေးနှင့် နှစ်ဖက်ညှိနှိုင်း၍ လက်ရှိစာချုပ်ပါ ငှားရမ်းခ၏ ၁၀ ရာခိုင်နှုန်းထက်မပိုသော နှုန်းထားဖြင့် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတည်ပြုချက်ရယူ၍ ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော် အခွန်ဘဏ္ဍာငွေ တိုးမြှင့်ရရှိရေးအတွက် နှစ်နှစ်တစ်ကြိမ် စာချုပ်ချုပ်ဆိုရာတွင် ဖြစ်သင့်သည့်နှုန်းထားအား သက်ဆိုင်ရာကုမ္ပဏီနှင့် အစိုးရအဖွဲ့တို့ ပြန်လည်ညှိနှိုင်း၍ စာချုပ်ပါစည်းကမ်းများနှင့်အညီ စီစဉ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပြန်လည်ဖြေကြားချက်တွင် ပါရှိသည်။

Ref:Eleven Media Group

No comments:

Post a Comment