Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 7, 2014

ပင်စင်စားများကို တန်ဖိုးနည်းဖုန်း ပထမဦးဆုံး ရောင်းမည်


တောင်ငူ၊ ဖေဖော်ဝါရီ ၆

ပဲခူးတိုင်းဒေသကြီး အနောက်ပိုင်း တောင်ငူခရိုင် ခြောက်မြို့နယ်အတွင်းရှိ ပင်စင်စား ဝန်ထမ်းများကို ဖေဖော်ဝါရီလတွင် ပထမဦးဆုံး အနေနှင့် တန်ဖိုးနည်း တယ်လီဖုန်း ၁၅၀၀ ကို သီးခြား အစီအစဉ်နှင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးရုံးထံမှ စုံစမ်းသိရှိရသည်။
“ရတဲ့ခွဲတမ်းထက် လျှောက်ထားတဲ့ အရေအတွက်ကျော်ရင် မဲစနစ်နဲ့ ရောင်းချပေးသွားမယ်လို့ ခရိုင်အုပ်ချုပ်ရေးမှူးရုံးက ညွှန်ကြားထားပါတယ်။ ပင်စင်စား ဝန်ထမ်းတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကတစ်ဆင့် လျှောက်ထားနိုင်ပါပြီ” ဟု တောင်ငူမြို့နယ် အုပ်ချုပ်ရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ဆိုသည်။

တန်ဖိုးနည်း တယ်လီဖုန်း လျှောက်ထားခွင့် ရရှိမည့် ပင်စင်စားများမှာ သက်ပြည့်ပင်စင်ဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ အငြိမ်းစားယူထားပြီး လစာနည်း ဝန်ထမ်းများ စာရင်းတွင် ပါဝင်ရမည် ဖြစ်ကြောင်း၊ လျှောက်ထားချိန်တွင် သက်ရှိထင်ရှား နေထိုင်သူဖြစ်ကာ မိသားစုဝင်များ လျှောက်ထားခွင့် မရှိကြောင်း တောင်ငူခရိုင် အုပ်ချုပ်ရေးမှူးရုံးက ကြေညာချက် ထုတ်ပြန်ထားသည်။

တောင်ငူမြို့နယ်အနေနှင့် ဇန်နဝါရီလအတွက် ရရှိသော WCDMA အလုံးရေ ၂၀၀၊ GSM အလုံးရေ ၅၀၀ နှင့် အများဆုံးမှာ DMA-800 MHz အလုံးရေ ၆၀၀၀ ရရှိခဲ့ပြီး ပင်စင်စား ဝန်ထမ်းများအတွက် သီးသန့် ရောင်းချပေးမည့် တန်ဖိုးနည်း တယ်လီဖုန်းကို ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ တစ်ဆင့် လျှောက်ထားရမည်မှာ မှန်သော်လည်း ရောင်းချမည်မှာ မြို့နယ်ရုံးမှ ဖြစ်ကြောင်း တောင်ငူမြို့နယ် ရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။
“လျှောက်တော့ လျှောက်လိုက်တာပဲ။ အဖေက တပ်မတော်က အရာခံတစ်ဦးဆိုတော့ ချပေးမပေး မသိရဘူး။ ရရင်လည်းကံပေါ့။ မရရင်လည်း ဘယ်တတ်နိုင်မလဲ” ဟု တောင်ငူမြို့နယ် မင်းကြီးညို ရပ်ကွက်မှ အငြိမ်းစား တပ်မတော်အရာခံဗိုလ် တစ်ဦး၏ မိသားစုဝင်တစ်ဦးက ဆိုသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက တန်ဖိုးနည်း တယ်လီဖုန်း ကိုးကြိမ်ရောင်းချ ပေးခဲ့ရာတွင် တောင်ငူခရိုင် ခြောက်မြို့နယ်ရှိ ရပ်ကွက် ကျေးရွာပေါင်း ၁၇၄၆ခု၊ အိမ်ထောင်စုပေါင်း ၂၃,၂၅၇ စု၊ လူဦးရေ ကျား/မ စုစုပေါင်း တစ်သန်းကျော်တွင် မိုဘိုင်းလ်ဖုန်း အလုံးရေ ၉၀/၀၀၀ နီးပါး ရှိနေနိုင်ကြောင်း၊ ပဲခူးတိုင်း အရှေ့ခြမ်း အတွင်းရှိ ပဲခူး၊ တောင်ငူ၊ ညောင်လေးပင်မြို့နယ် အပါအဝင် မြို့နယ်ပေါင်း ၁၁ မြို့နယ်တွင် ယခုနှစ် ဇန်နဝါရီလအတွက် ရရှိသော ဖုန်းခွဲတမ်းမှာ CDMA-800 MHz၊ GSM နှင့် WCDMA တယ်လီဖုန်း အလုံးရေ ၂၅,၆၀၀ ရှိကြောင်း သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့နှင့် ပဲခူးတိုင်းဒေသကြီး မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ ထုတ်ပြန်ချက်များအရ သိရသည်။

The Voice Weekly

No comments:

Post a Comment