Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 5, 2014

|ပေါက်မြို့နယ် သတင်းထောက် ကိုလူမော်နိုင်အား သွားတွေ့သောဇနီးနှင့် သမီးကို သက်ဆိုင်ရာကခေါ်ထား နေအိမ်ဝင်ရောက်စစ်ဆေးပြီး လက်တော့ပ်သိမ်းဆည်း|



စည်သူ၊ ရန်ကုန်၊ ဖေဖော်ဝါရီ-၎

ယူနတီဂျာနယ်၌ ဖော်ပြခဲ့သည့် ပေါက်မြို့နယ်မှ လျှို့ဝှက်ဓာတုလက်နက် စက်ရုံသတင်းကြောင့် ပခုက္ကူထောင်၌ အဖမ်းခံထားရသော ယူနတီဂျာနယ်
ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်(လူမော်)အား ဖေဖော်ဝါရီ ၃ ရက်က သွားရောက်တွေ့ဆုံခဲ့သည့် ဇနီးနှင့်သမီးကို သက်ဆိုင်ရာက
ခေါ်ယူထားသည့် အပြင် ယင်းနေ့မွန်းလွဲပိုင်းက နေအိမ်၌ ဖွင့်လှစ်ထားသည့် အခမဲ့ပညာရေး ဂေဟာသို့ သက်ဆိုင်ရာက ၀င်ရောက် စစ်ဆေးမှု များပြုလုပ်ပြီး လက်တော့ပ်ကွန်ပျူတာတစ်လုံးကို သိမ်းဆည်းသွားခဲ့ကြောင်း၊
ကိုလူမော်နိုင်၏ ဇနီးမလွင်လွင်မြင့်၏ အစ်ကို ကိုအောင်ကျော်ကျော်က စံတော်ချိန်သို့ ဖေဖော်ဝါရီ ၄ ရက်တွင် ပြောဆိုခဲ့သည်။

" ဖေဖော်ဝါရီ ၃ ရက်က မလွင်လွင်မြင့်ရယ်၊ သူ့သမီးလေးရယ်၊ ပြီးတော့ သူတို့ အိမ်မှာဖွင့်ထားတဲ့ အလှသစ္စာ အခမဲ့ ပညာရေးဂေဟာက ဆရာမဖူးပွင့်ရယ်၊ ဆရာဝင်းမင်းအောင်ရယ် ထောင်ဝင်စာသွားတွေ့ကြတယ်။
သွားတွေ့တော့ သူတို့ကို ပြန်မလွှတ်ဘဲ ဖမ်းထားလိုက်တာ။ ဖေဖော်ဝါရီ ၄ ရက် နံနက်မှ ဆရာမဖူးပွင့်နဲ့ဆရာဝင်းမင်း အောင်ကို ပြန်လွှတ်ပေးလိုက်တာ။ လွင်လွင်မြင့်နဲ့ ကလေးကိုတော့ လွှတ်မပေးသေးဘူး။ ပြီးတော့
သူတို့ထောင်ဝင်စာ သွားတွေ့တဲ့နေ့ မွန်းတည့် ၁၂ နာရီနဲ့ ၁ နာရီ ကြားမှာ
သူတို့အိမ်မှာ ဖွင့်ထားတဲ့ အလှသစ္စာအခမဲ့ပညာရေးဂေဟာကို ပေါက်မြို့က ရဲတပ်ဖွဲ့ရယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး အပါအ၀င်အင်အား ၁၅ ယောက်
လောက်က ၀င်ပြီးတော့ ရှာဖွေတယ်။ ကလေးတွေက ပြောတယ်။ လူကြီးတွေမရှိလို့ မရှာပါနဲ့ ပြောတာမရဘူး။ ပြီးတော့ လက်တော့ပ်
ကိုလည်း ယူသွားကြတယ် " ဟု မလွင်လွင်မြင့်၏ အစ်ကိုအောင်ကျော်ကျော် က အဖြစ်အပျက်ကို ရှင်းလင်း ပြောပြသည်။

ယူနတီဂျာနယ်နှင့် အစိုးရဖြစ် နေသောကိစ္စတွင် အစိုးရအနေဖြင့် တရားဥပဒေနှင့်အညီ ဖြေရှင်းသွားရန်လိုပြီး လတ်တလောလုပ်ဆောင် မှုများကို တရားမဲ့ပြုနေသည်ဟု ထင်မြင် မိကြောင်း၊ ထောင်ဝင်စာသွား
တွေ့မည့် သူကို ခေါ်ဆောင်ထားခြင်းသည် ပြဿနာ၌ ပါဝင်ပတ်သက်ခြင်း မရှိသောသူအား တရားဥပဒေနှင့် မညီညွတ်စွာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံ၍ ထောက်ပြပြောဆိုခဲ့သည်။

အဆိုပါ ပေါက်မြို့မှ လျှို့ဝှက် ဓာတုလက်နက်သတင်းကြောင့် ရန်ကုန် မြို့ရှိ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်းနှင့် သတင်းထောက် သုံးဦးကိုလည်း ဖေဖော်ဝါရီ ၁ ရက်က စစ်ဆေးရန် ခေါ်ဆောင်သွားခဲ့သည်။ မိသားစုဝင်များကို နှစ်ရက်ကြာအကြောင်းကြားခြင်းမရှိဘဲ သုံးရက်
မြောက်နေ့ ဖေဖော်ဝါရီ ၃ ရက်မှ မိသားဝင်များကို အကြောင်းကြားပြီး
တွေ့ခွင့်ပေးခဲ့သည်ဟု ယူနတီဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင်ဆန်း၏တူကိုအောင်ဝင်းထွန်းက ပြောဆိုသည်။

" ဖေဖော်ဝါရီ ၃ ရက် ညကမှ ကျွန်တော်တို့ကို အကြောင်းကြားထားတာ။ သူတို့ကို အင်းစိန်ထောင်ပို့ထားတာက စနေနေ့ကတည်းက ပို့ထားတာ။ အကြောင်းကြားတာကတော့ ရှေ့နေ ငှားပြီး ရင်ဆိုင်ဖို့ ပြောတယ် " ဟု ကိုအောင်ဝင်းထွန်းက ပြောခဲ့သည်။

No comments:

Post a Comment