Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 14, 2014

အမေရိကန်သမ္မတ အိုဘားမား ဧပြီလတွင် အာရှပစိဖိတ် နိုင်ငံများသို့ သွားမည်


ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၃

အမေရိကန်သမ္မတ အိုဘားမားသည် ယခုနှစ် ဧပြီလတွင် အာရှပစိဖိတ် နိုင်ငံများသို့ အလည်အပတ် ခရီးသွားမည် ဖြစ်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။

သမ္မတ အိုဘားမား၏ အာရှမဏ္ဍိုင် မူဝါဒကို အားဖြည့်မှုအဖြစ် ဂျပန်၊ တောင်ကိုရီးယား၊ မလေးရှားနှင့် ဖိလစ်ပိုင် နိုင်ငံတိုသို့ ဧပြီလတွင် အလည်အပတ် သွားမည် ဖြစ်သည်။

ယမန်နှစ် အောက်တိုဘာလက အစိုးရ ကြွေးမြီနှင့် ပတ်သက်၍ အမေရိကန် နိုင်ငံရေး အကျပ်အတည်းအချို့ ကြုံတွေ့ခဲ့ရခြင်းကြောင့် အလည်အပတ် သွားရန် စီစဉ်ထားသော မလေးရှားနှင့် ဖိလစ်ပိုင် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ပြီးနောက် ယခုတစ်ကြိမ်တွင် အဆိုပါ နိုင်ငံများသို့ အလည်အပတ် ခရီးသွားခြင်းလည်း ဖြစ်သည်။

ထို့အတူ အရှေ့အာရှဒေသရှိ အမေရိကန်၏ မဟာမိတ် နိုင်ငံများဖြစ်သော ဂျပန်နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ကြားတွင်လည်း ဆက်ဆံရေး အနည်းငယ် တင်းမာနေချိန်တွင် အမေရိကန်သမ္မတ အိုဘားမား၏ ခရီးစဉ် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

လောလောဆယ်တွင် ကျွန်းပိုင်နက် ကိစ္စနှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ဒုတိယ ကမ္ဘာစစ် ကာလက ဂျပန် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သူများ၏ အထိမ်းအမှတ် ဂူဗိမာန်သို့ ယမန်နှစ် ဒီဇင်ဘာလက သွားရောက် လည်ပတ်ခဲ့ခြင်းကြောင့် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့မှာ ဆက်ဆံရေး တင်းမာလျက် ရှိသည်။

ထို့အတူ အာရှပစိဖိတ် ဒေသတွင်း အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်သော တရုတ်နှင့် ဂျပန်စသော အမေရိကန်၏ မဟာမိတ် နိုင်ငံများအကြား ပိုင်နက်ကိစ္စနှင့် ပတ်သက်၍ ဆက်ဆံရေး တင်းမာနေစဉ်တွင် သမ္မတ အိုဘားမား၏ ခရီးစဉ် ဖြစ်ပေါ်လာခြင်းလည်း ဖြစ်သည်။

တရုတ်နှင့် အရှေ့တောင်အာရှ နိုင်ငံအချို့အကြား ပိုင်နက် အငြင်းပွားနေသော ကိစ္စနှင့် ပတ်သက်၍ တရုတ်၏ တောင်းဆိုချက်များကို ပြန်လည် ချိန်ညှိရန် အမေရိက က ပြောကြားလိုက် ခြင်းကြောင့် တရုတ်သည် လွန်ခဲ့သော သီတင်းပတ်က မကျေမနပ် ဖြစ်လျက်ရှိသည်။

အိုဘားမား၏ တောင်ကိုရီးယား ခရီးစဉ်သည် မြောက်ကိုရီးယား၏ နျူကလီးယား အစီအစဉ်နှင့် ရန်လိုမှုများအပေါ် အမေရိကနှင့် တောင်ကိုရီးယားတို့ တစ်သဘောတည်း ရှိကြောင်း ပြသသည့် လက္ခဏာလည်း ဖြစ်ကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

အိုဘားမား၏ ဧပြီလ ခရီးစဉ်တွင် တရုတ်နိုင်ငံ ပါဝင်ခြင်း မရှိသော်လည်း၊ ၎င်းသည် ယခု နှစ်ကုန်ပိုင်းတွင် သြစတြေးလျ၊ တရုတ်နှင့် မြန်မာနိုင်ငံတို့တွင် ပြုလုပ်မည့် ဒေသတွင်း ထိပ်သီး ဆွေးနွေးပွဲတွင် အာရှဒေသသို့ ထပ်မံ လာရောက်မည်ဟု မျှော်လင့်ရသည်။

အိုဘားမား၏ ဧပြီလ ခရီးစဉ်တွင် အင်အားကြီး နိုင်ငံဖြစ်လာသော တရုတ်၏ စီးပွားရေး စိန်ခေါ်မှုများကို ရင်ဆိုင်ရန် နိုင်ငံပေါင်း ၁၂ နိုင်ငံပါသော လွတ်လပ်သော ကုန်သွယ်ရေးဇုန် တည်ထောင်မည့် Trans Pacific Partnership ပစိဖိတ်ဖြတ်ကျော် မိတ်ဖက် စာချုပ်အတွက် တွန်းအား ပေးသွားဖွယ် ရှိကြောင်း အဆိုပါ သတင်းတွင် ဖော်ပြထားသည်။

No comments:

Post a Comment