Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 12, 2014

တပ်မတော်သား ကိုယ်စားလှယ်များ ကန့်ကွက်သော်လည်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေကြမ်း အတည်ပြု


Browse › Home › မြန်မာ့သတင်း » တပ်မတော်သား ကိုယ်စားလှယ်များ ကန့်ကွက်သော်လည်း ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေကြမ်း အတည်ပြု
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၁

လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ်သုံးစွဲရာ လိုက်နာမည့် အချက်များ ထည့်သွင်း ရေးဆွဲထားသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်မှ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များက ဝိုင်းဝန်း ကန့်ကွက် ခဲ့သော်လည်း အဆိုးပါ ဥပဒေကို မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ပြောကြားသည်။

ပြည်သူ့လွှတ်တော်မှ ပြင်ဆင် အတည်ပြုထားသော ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းကို မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၉၇မဲ၊ ကန့်ကွက်မဲ ၆၁ မဲနှင့် ကြားနေမဲ တစ်မဲသာ ရှိသောကြောင့် ယင်းဥပဒေကို အမျိုးသားလွှတ်တော်က အတည်ပြုလိုက်ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ရှင်းပြသည်။

ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော် အစည်းအဝေးသို့ ပြည်သူ့လွှတ်တော်က အတည်ပြုပြီး ပေးပို့လာသော အဆိုပါ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်သောကြောင့် အမျိုးသား လွှတ်တော်တွင် ကန့်ကွက်ရခြင်း ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီး လှဝင်းအောင်က ပြောကြားသည်။

နိုင်ငံသားများ အကျိုးစီးပွား တိုးတက်စေသော ရည်ရွယ်ချက်များဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲခြင်းကို ထောက်ခံသော်လည်း ဖွံ့ဖြိုးရေး ရန်ပုံငွေ သုံးစွဲရေးအတွက် ဥပဒေတစ်ခု ပြဋ္ဌာန်းရန် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ထည့်သွင်း ရေးဆွဲထားခြင်း မရှိကြောင်း ၎င်းကဆိုသည်။
“ဥပဒေတစ်ရပ်အဖြစ် အတည်မပြုဘဲနဲ့လည်း လက်ရှိ အခြေအနေမှာ သုံးစွဲ ဆောင်ရွက်ခွင့် ရနေပါတယ်။ ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့လည်း မကိုက်ညီပါဘူး” ဟု ၎င်းကဆိုသည်။

အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၅၄ အရ အဆိုပါ ဥပဒေကြမ်းကို အမျိုးသား လွှတ်တော်တွင် စတင်ဆွေးနွေးမှသာလျှင် ကန့်ကွက်နိုင်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောကြားသည်။
“ပြည်သူ့လွှတ်တော်မှာ စတင်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကို ရောက်တဲ့အခါမှာ လက်ခံဆွေးနွေးရန်သင့် မသင့်ဆိုတာ မပါတော့ပါဘူး။ ဒီအချိန်မှာ ကန့်ကွက်လို့ မရပါဘူး။ ပြည်သူ့လွှတ်တော် ပြင်ဆင်ချက်ကို သဘောတူမတူဘဲ ဆုံးဖြတ်ရပါမယ်” ဟု ၎င်းကဆိုသည်။

လွှတ်တော်သို့ တင်သွင်းလာသော ဥပဒေကြမ်းများသည် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် မညီညွတ်လျှင် ဥပဒေကြမ်း စတင်တင်သွင်းသည့် အချိန်တွင်သာ ကန့်ကွက်နိုင်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောကြားသည်။
“လုပ်ထုံးလုပ်နည်းအရ ပြည်သူ့လွှတ်တော်က ဆွေးနွေးပြီးလာတဲ့ ဥပဒေကြမ်းကို ကန့်ကွက်လို့ မရပါဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ ဥပဒေကြမ်းကို ဇန်နဝါရီလ ပထမပတ်အတွင်း ဥပဒေကြမ်း ပူးပေါင်း ကော်မတီက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ခြင်း ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး အသုံးစရိတ် သုံးစွဲရာတွင် နိုင်ငံတော်သမ္မတ၏ အုပ်ချုပ်ရေး မဏ္ဍိုင်နှင့် သဘောထား ကွဲလွဲမှု ဖြစ်ပေါ်နေသော်လည်း အဆိုပါ ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ဇန်နဝါရီလအတွင်း အတည်ပြုကာ အမျိုးသား လွှတ်တော်သို့ ပေးပို့လာခြင်း ဖြစ်သည်။

ယင်းဥပဒေကို ထပ်မံပြဋ္ဌာန်းပါက လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးပြုနိုင်ရန်ရေး ဆွဲထားသော ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေရှိပြီး ဖြစ်သည့်အတွက် လွှတ်တော် ဘတ်ဂျက်ဖြင့် ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ အသုံးပြုနိုင်မည့် ဥပဒေနှစ်ရပ် ရှိလာမည် ဖြစ်သည်။

လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံဖြိုးရေး အသုံးစရိတ်ငွေကျပ် သိန်းတစ်ထောင် အသုံးပြုနိုင်မည့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေကို ၂၀၁၃ ခုနှစ် နိုဝင်ဘာလ အတွင်းတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

ယင်းဥပဒေသည် အခြေခံဥပဒေနှင့် ညီညွတ်ခြင်း မရှိဟုဆိုကာ နိုင်ငံတော်သမ္မတက ပြင်ဆင်ချက် ၁၁ ချက်ဖြင့် လွှတ်တော်သို့ ပြန်လည် ပေးပို့ခဲ့သော်လည်း ပြည်ထောင်စု လွှတ်တော်က ပြင်ဆင်ချက် ၁၁ ချက်လုံး ပြင်ဆင်ခြင်း မပြုဘဲ နိုင်ငံတော် သမ္မတရုံးသို့ ပြန်လည် ပေးပို့ခဲ့သည်။

အလားတူ နိုင်ငံတော်သမ္မတ လက်မှတ် ရေးထိုးပြီးဖြစ်သော ဥပဒေလေးခုနှင့် လက်မှတ် ရေးထိုးခြင်းမရှိဘဲ အတည် ဖြစ်နေသော ဥပဒေလေးခုသည် အခြေခံဥပဒေနှင့် ညီညွတ်မှုရှိ မရှိကို ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး အဆုံးအဖြတ်ကို ခံယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး သတင်းထုတ်ပြန်ရေး အဖွဲ့က ဇန်နဝါရီ ၂၈ ရက်နေ့တွင် ထုတ်ပြန် ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment