Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 19, 2014

၂၀၁၄ ခုနှစ်အတွက် အမေရိက ထိပ်တန်း အလုပ်များ

Written by  မောင်ခေတ်

၂၀၁၄ ခုနှစ်မှာ ဘယ်လို အလုပ်တွေက ရေပန်းစားနေပြီး၊ ဘာတွေကို လေ့လာထားမှ ဖြစ်တော့မယ် ဆိုတာ သိထားဖို့ လိုပါတယ်။ အမေရိကမှာ ၂၀၁၄ ခုနှစ်အတွက် လူကြိုက် အများဆုံး အလုပ်နဲ့ လုပ်ခလစာ အများဆုံး အလုပ်တွေကတော့ ဘဏ္ဍာရေးဆိုင်ရာ အကြံပေးသူတွေ၊ ဆရာဝန်နဲ့ ရေနံဓာတု အင်ဂျင်နီယာတွေ ဖြစ်ကြောင်း၊ အဲဒီလုပ်ငန်း သုံးမျိုးဟာ လူကြိုက်လည်းများ၊ နေရာလည်းရ၊ လစာလည်း ကောင်းဆိုတော့ ၂၀၁၄ ခုနှစ်အတွက် ဘယ်လို ပညာတွေကို လေ့လာလိုက်စား သင့်သလဲ ဆိုတာကို သဘောပေါက်ပြီး ဖြစ်လိမ့်မယ် ထင်ပါတယ်။
၂၀၁၄ ခုနှစ်အတွက် အကောင်းဆုံး အလုပ်နဲ့ အလေ့လာသင့်ဆုံး ပညာရပ် သုံးခုဆိုပြီး သုတေသန ပြုထားတဲ့ အဖွဲ့ကတော့ EMSI Economic Modeling Specialists Intl. အဖွဲ့ဖြစ်ပြီး www.economicmodeling.com မှာ အသေးစိတ် လေ့လာနိုင်ပါတယ်။
EMSI အဖွဲ့ဟာ နိုင်ငံပေါင်း ၉၀ မှာရှိတဲ့ နိုင်ငံရဲ့လိုအပ်ချက်၊ လူသားရင်းမြစ်နဲ့၊ အလုပ်ရှင်တွေကို လိုက်လံမေးမြန်း သုတေသန ပြုလုပ်ရာမှာ အလုပ် ၁၂ မျိုးဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၃ ခုနှစ်အတွင်း ၇ ရာခိုင်နှုန်းခန့် တိုးတက်လာတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အဲဒီ လုပ်ငန်းတွေပဲ ၂၀၁၄ ခုနှစ်မှာပဲ ဆက်ပြီးတော့ ရှိနေပြီး တစ်နာရီကို အနည်းဆုံး ၂၂ ဒေါ်လာခန့် ရတဲ့ လုပ်ငန်းတွေ ဖြစ်နေပါတယ်။
လစာများပြီး အလုပ်လည်း ရလွယ်တဲ့ လုပ်ငန်းတွေထဲမှာ Software Developer လုပ်ငန်းလည်း ပါတယ်။ အထူးသဖြင့်တော့ Application နဲ့ System Software တွေကို ရေးနိုင်သူတွေ ခေတ်စားပါတယ်။ ၂၀၁၀ ပြည့်နှစ်လောက်ကတည်းက ဆော့ဖ်ဝဲသမားတွေ တိုးတက်လာလိုက်တာ စုစုပေါင်း အလုပ်နေရာ ၁၀၄,၃၄၈ လောက် နေရာ ရလာပြီး လုပ်ငန်း အနေအထားအရ ကြည့် ရင် ၁၁ ရာခိုင်နှုန်းလောက် တိုးတက် လာတယ်လို့ ဆိုရမယ်။ အမေရိကန် ပြည်ထောင်စု တစ်ခုတည်းမှာပဲ Software Developer ပေါင်း ၁,၀၄၂,၄၀၂ ဦး ရှိနေပြီလို့ အဲဒီ အစီရင်ခံစာမှာ ဆိုထားပါတယ်။ သူတို့ထဲမှာ ပျမ်းမျှ အမြင့်ဆုံး လစာငွေဟာ တစ်နာရီကို ၄၅ ဒသမ ၀၆ ဒေါ်လာနှုန်း ရှိပါတယ်။
ကုမ္ပဏီ အများစု ထူထောင်ကြရာမှာ ဈေးကွက်ကို ပထမဦးဆုံး တီထွင်မှု အသစ်တွေနဲ့ တိုးဝင်ချင်ကြတာ သဘာဝပါပဲ။ အထူးသဖြင့်တော့ မိုဘိုင်းလ် လောက သို့မဟုတ် Cloud လို့ခေါ်တဲ့ အွန်လိုင်း လောကကို စိုးမိုးထားနိုင်အောင် အပြိုင်အဆိုင် ကြိုးစားနေကြတာလည်း တွေ့ရပါတယ်။ သူတို့ဟာ နည်းပညာကို မဖြစ်မနေ သုံးမှ ဈေးကွက် ပြိုင်ဆိုင်မှုကို လိုက်မီမယ် ဆိုတာ သိထားတဲ့အတွက် ဒေတာတွေကို မဖြစ်မနေ ရအောင် ကြိုးစားလာကြတယ်။ ကိုယ့်ဖောက်သည်တွေ လိုအပ်တာ မှန်သမျှကိုလည်း ဖြည့်ဆည်းပေးနိုင်အောင် အစွမ်းကုန် အားထုတ် ပြိုင်ဆိုင်လာကြတယ်။ ဒါကြောင့်လည်း လုပ်ငန်းဆိုင်ရာ ပြိုင်ဆိုင်မှုတွေမှာ အိုင်တီ ပညာရှင်တွေဖြစ်တဲ့ Software Developer တွေဟာ အရေးပါလာတယ်လို့ ဆိုနိုင်ပါတယ်။
Software Developer ဆိုတဲ့သူတွေဟာ ကွန်ပျူတာ System Design ဆိုင်ရာ အလုပ်တွေနဲ့ ကုမ္ပဏီ သို့မဟုတ် ဆော့ဖ်ဝဲလ် ထုတ်လုပ်သူတွေကို အထောက်အကူပြု တီထွင် ပေးနေရသူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အီလက်ထရွန်နစ် ပစ္စည်းထုတ်လုပ်ရေး လုပ်ငန်းတွေနဲ့ စက်မှု လုပ်ငန်းတွေကအစ မဖြစ်မနေ ပါဝင်ပြီး စနစ်ကြီးတစ်ခုလုံး လည်ပတ်နိုင်ဖို့ အထောက်အကူပြု ပေးနေရသူတွေ ဖြစ်လာပါတယ်။
အမေရိကန် အလုပ်သမား စာရင်းအင်းဆိုင်ရာ အဖွဲ့ BLS (Bureau of Labour Statistics) ရဲ့ အဆိုအရ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၂၀ ပြည့်နှစ် ဆယ်နှစ်အတွင်း Software Developer ပေါင်း ၃၀ ရာခိုင်နှုန်းလောက် တိုးမြှင့်ပြီး လုပ်ငန်းတွေမှာ သုံးစွဲဖို့ အလားအလာ ရှိနေကြောင်း သိရပါတယ်။
အမေရိကမှာ ဒုတိယ ရေပန်းအစားဆုံး အလုပ်ကတော့ ဈေးကွက် သုတေသန ပညာရှင်တွေ ဖြစ်ပါတယ်။ သူတို့ဟာ ဈေးကွက်ကို ပိုင်နိုင် ကျွမ်းကျင်စွာ နားလည်သဘောပေါက်ထား သူတွေ ဖြစ်ရပါလိမ့်မယ်။ BLS ရဲ့အဆိုအရ အဲဒီ ပညာရှင်တွေဟာ ပြည်တွင်း ဈေးကွက်ရဲ့ အနေအထားကိုလည်း သဘောပေါက်ထားရမှာ ဖြစ်သလို၊ ဒေသဆိုင်ရာ၊ နိုင်ငံဆိုင်ရာ အားလုံးကို ခြုံငုံ သုံးသပ်နိုင်စွမ်း ရှိသူတွေ ဖြစ်ရပါလိမ့်မယ်။ သူတို့ဟာ ကိုယ်တာဝန်ယူ လုပ်ကိုင်ပေးနေတဲ့ ကုမ္ပဏီကို လူတွေဟာ ဘယ်လို ပစ္စည်းမျိုးတွေကို စိတ်ဝင်စားတယ်။ ဘယ်လို ပစ္စည်းတွေ အများဆုံး ဝယ်ယူ သုံးစွဲလေ့ရှိတယ်။ ဘယ်သူတွေက ဘယ်ပစ္စည်းတွေကို ဈေးနှုန်းဘယ်လောက် သတ်မှတ်ပြီး ရောင်းချနေတယ် ဆိုတာတွေကအစ လေ့လာဝေဖန် သုံးသပ် ပြနိုင်ရပါလိမ့်မယ်။
၂၀၁၀ ပြည့်နှစ်ကတည်းက ဈေးကွက် သုတေသန ပညာရှင် အလုပ်အတွက် နေရာပေါင်း ၅၅,၀၀၀ လောက် ပေါ်ခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုမှာ အဲဒီလို ဈေးကွက်ပညာရှင် အဖြစ် လုပ်ကိုင်နေသူပေါင်း ၄၃၈,၀၉၅ ဦးလောက် ရှိပြီး သူတို့ရဲ့ တစ်နာရီ ဝင်ငွေဟာ ပျမ်းမျှ ၂၉ ဒသမ ၁၀ ဒေါ်လာနှုန်း ရှိပါတယ်။ ဒီလုပ်ငန်း လုပ်ဖို့ သင်္ချာ ပညာရပ်နှင့် ခွဲခြားစိတ်ဖြာ လေ့လာ သုံးသပ်တတ်တဲ့ အမြင်မျိုး ရှိပြီး ကျွမ်းကျင်သူတွေ ဖြစ်ရပါလိမ့်မယ်။ ဒီလုပ်ငန်းနဲ့ သက်ဆိုင်တဲ့ ဘွဲ့တစ်ခုခုလည်း လိုအပ်ပါတယ်။ အထူးသဖြင့်တော့ လုပ်ငန်းနဲ့ ပတ်သက်ပြီး မာစတာဘွဲ့ တစ်ခုခုလောက် ရထားရင် အကောင်းဆုံးပါပဲ။
၂၀၁၄ ခုနှစ်အတွက် တတိယ အကောင်းဆုံး အလုပ်ကတော့ သင်တန်းပေးတဲ့ သူတွေလို့ ဆိုပါတယ်။ အထူးသဖြင့် တော့ သူတို့နိုင်ငံမှာ Training and Development Specialist လို့ ဆိုထားပါတယ်။
မည်သည့် အဖွဲ့အစည်းမှာမဆို လိုအပ်တဲ့ လုပ်ငန်း ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းတွေကို သူတို့က ပေးပါလိမ့်မယ်။ တစ်ဦးချင်းကို ဖြစ်စေ လုပ်ငန်း အဖွဲ့အစည်းအတွက် ဖြစ်စေ ကျွမ်းကျင်မှုဆိုတာ အရေးပါတာကြောင့် နေရာတိုင်း၊ ဌာနတိုင်းအတွက် ကျွမ်းကျင်သူတွေ ဖြစ်လာအောင် လေ့ကျင့် သင်တန်း ပေးရမယ်ဆိုတာ လူတိုင်း လက်ခံလာကြတဲ့ခေတ် ရောက်လာပါပြီ။
၂၀၁၀ ပြည့်နှစ်ကတည်းက အလုပ် နေရာပေါင်း ၁၈,၀၄၂ နေရာလောက်ပဲ ရှိခဲ့ရာက နှစ်စဉ် ၈ ရာခိုင်နှုန်းလောက် တိုးလာပြီး ခုဆိုရင် အမေရိကမှာ သင်တန်းပေး ကျွမ်းကျင် ဆရာပေါင်း ၂၃၁,၈၉၈ ဦးလောက် ရှိလာပြီလို့ ဆိုပါတယ်။ သူတို့ရဲ့ တစ်နာရီ ပျမ်းမျှ ဝင်ငွေဟာ ၂၇ ဒသမ ၁၄ ဒေါ်လာလောက် ရှိပါတယ်။
သင်တန်း နည်းပြတွေဆိုတာ ကုမ္ပဏီတစ်ခုရဲ့လိုအပ်တဲ့ စွမ်းရည် ပြည့်ဝသော လုပ်သားတွေကို မွေးထုတ် ပေးရမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်ပြီး အရည်အသွေး ပြည့်ဝသူတွေကို ခန့်ဖို့ဆိုတာ ပြင်ပကနေ ကောက်သင်း ကောက်ဖို့ မလွယ်တဲ့ခေတ် ဖြစ်လာတာကြောင့် ကုမ္ပဏီ အများစုဟာ ကိုယ့်ဘာသာကိုယ် စိတ်ကြိုက် မွေးထုတ်လာကြတာ ဖြစ်တဲ့အတွက် ရှေ့ဆက်ပြီးတော့ ကျွမ်းကျင်တဲ့ သင်တန်း ဆရာတွေဟာ ခေတ်စားနေဦးမှာ ဖြစ်ပါတယ်။
အမေရိကန်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် လူသစ်တွေကို စုဆောင်းရာမှာ STEM (Science, Technology, Engineering, Math) ဆိုတဲ့ ဘာသာရပ်တွေမှာ ကျွမ်းကျင်လာသူတွေကိုပဲ အဓိကထား ရွေးချယ်လာကြကြောင်း တွေ့ရပါတယ်။ ဒီဘာသာရပ်တွေကိုလည်း သူတို့နိုင်ငံမှာ အခြေခံနဲ့ တက္ကသိုလ်တွေမှာ ကတည်းက ဦးစားပေး သင်ထားကြတာကြောင့် လုပ်ငန်းခွင် အတွက်လည်း များစွာ အထောက်အကူ ဖြစ်စေနိုင်ခဲ့ပါတယ်။
အမေရိကမှာရှိတဲ့ Human Resources မန်နေဂျာတွေကတော့ သူတို့အနေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကို အများကြီး လမ်းဖွင့်ထားပေမယ့် အရည်အချင်း ပြည့်ဝတဲ့ လုပ်သားသစ်တွေကို ထင်သလောက် မရနိုင်သေးဘူးလို့ ညည်းညူ သွားတာကလည်း မှတ်သားစရာ ကောင်းပါတယ်။
အမေရိကမှာ ၂၀၁၀ ကနေ ၂၀၁၃ ခုနှစ်အတွင်း တစ်နှစ်ကို ၇ ရာခိုင်နှုန်းလောက် တိုးတက်လာတဲ့ လုပ်ငန်း ၁၂ ခု အကြောင်းကို ပြောချင်ပါတယ်။ အဲဒီလုပ်ငန်းတွေဟာ ၂၀၁၄ ခုနှစ်မှာလည်း ခေတ်စားနေတဲ့လုပ်ငန်းတွေ ဖြစ်နေဦးမှာပါပဲ။ ပျမ်းမျှ တစ်နာရီကို ၂၂ ဒေါ်လာလောက်ရတဲ့ အလုပ်တွေ ဖြစ်တာကြောင့် အဲဒီ အလုပ်တွေ၊ အလုပ်နဲ့ ပတ်သက်တဲ့ ပညာရပ်တွေကို အမေရိကသွားပြီး လုပ်စားချင်တဲ့သူတွေ ဘာတွေကို ကြိုတင်လေ့လာ သွားသင့်တယ်ဆိုတာ ဖော်ပြလိုက်ရပါတယ်။
1. Software Developers (Applications and Systems Software) Median hourly earnings: $45.06
2. Market Research Analysts and Marketing Specialists Median hourly earnings: $29.10
3. Training and Development Specialists Median hourly earnings: $27.14
4. Financial Analysts Median hourly earnings: $37.34
5. Physical Therapists Median hourly earnings: $37.93
6. Web Developers Median hourly earnings: $27.84
7. Logisticians Median hourly earnings: $35.08
8. Database Administrators Median hourly earnings: $37.39
9. Meeting, Convention and Event Planners Median hourly earnings: $22.56
10. Interpreters and Translators Median hourly earnings: $22.39
11. Petroleum Engineers Median hourly earnings: $63.67
12. Information Security Analysts Median hourly earnings: $41.62
Ref: Forbes (12.12.2013)
မောင်ခေတ်

thevoicemyanmar.com

No comments:

Post a Comment