Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 17, 2014

ပြည်၊ နဝဒေးတံတားအောက် လူသတ်မှုမှ ကျန်ရစ်သူ မိသားစုများနှင့် ကင်တာနားတွေ့ဆုံ


ပြည်၊ ဖေဖော်ဝါရီ ၁၆
၁၀ လနီးပါး ကြာမြင့်သော်လည်း တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးသည့် ပြည်မြို့၊ နဝဒေး တံတားအောက်တွင် ဖြစ်ပွားခဲ့သည့် လူသတ်မှုနှင့် ပတ်သက်ပြီး ကျန်ရစ်သူ မိသားစုဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စတာကင်တားနားတို့ ဖေဖော်ဝါရီ ၁၅ ရက်နေ့က UN ရုံးတွင် တွေ့ဆုံခဲ့ကြောင်း မိသားစုဝင်များထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စတင်ခဲ့သော မစ္စတာကင်တားနား၏ နောက်ဆုံး တရားဝင် မြန်မာနိုင်ငံတွင်း ခရီးစဉ်တွင် နဝဒေးတံတားအောက် အကြမ်းဖက် သတ်ဖြတ်ခံရသူ၏ မိသားစုနှင့် ပန်းတောင်း အချုပ်ခန်းတွင် သေဆုံးခဲ့သည့် ဦးသန်းထွန်း မိသားစုနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ကြောင်း United Nations Information Centre Yangon မှ ထုတ်ပြန်သည်။
“ကာယကံရှင် မိသားစုဝင်တွေ ဖြစ်ချင်တဲ့ဆန္ဒ၊ ဘယ်လို ခံစားနေရသလဲ ဆိုတာနဲ့ သူတို့အနေနဲ့ ဘယ်လို ဆောင်ရွက်ပေးရမလဲဆိုတာ ပြောတယ်။ ကျွန်မတို့ဘက်ကလည်း ကျူးလွန်းတဲ့ တရားခံတွေကို အမြန်ဆုံး အရေးယူ ဆောင်ရွက်ပေးဖို့ ပြောခဲ့တယ်”ဟု နဝဒေး တံတားအောက်တွင် လုယက် သတ်ဖြတ်ခံရ၍ သေဆုံးခဲ့ရသူ၏ အစ်မဖြစ်သူ ဒေါ်သီတာဦးက ဆိုသည်။
လူသတ်မှု ဖြစ်စဉ်ကိုလည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီသို့ တင်သွင်းမည့် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေ အစီရင်ခံစာ၌ ထည့်သွင်းရေးမည် ဖြစ်ပြီး လူသတ်မှုနှင့်ဆိုင်သည့် အချက်အလက်များ ရှိနေကာ ကာယကံရှင် မိသားစု၏ ဖြစ်ချင်သည့်ဆန္ဒကို အတတ်နိုင်ဆုံး ဆောင်ရွက် ပေးသွားမည်ဟု မစ္စတာကင်တားနားက ပြောဆိုခဲ့ကြောင်း ၎င်းကပြောကြားသည်။
လုယက် အကြမ်းဖက်ခဲ့မှုကြောင့် သေဆုံးခဲ့ရသူ၏ နာရေးတွင် တပ်မတော်မှ အကြီးတန်း အရာရှိများက ကျူးလွန်သူများကို အမြန်ဆုံး ဖော်ထုတ်ပေးမည်ဟု တာဝန်ခံ ပြောဆိုသွားခဲ့သော်လည်း ၂၀၁၃ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တွင် ပြုလုပ်သည့် ရှင်းလင်းပွဲ၌ လူသတ်မှုကို ကျူးလွန်သူများမှာ တပ်မတော်သားများ မဟုတ်ကြောင်း ငြင်းဆိုကာ ဖြေရှင်းပေးရန် တာဝန်ခံခဲ့သူ ခလရ (၇၅) နှင့်တပ်မ (၆၆) မှ အရာရှိကြီး နှစ်ဦးကိုလည်း ရွှေ့ပြောင်းမှုများ ပြုလုပ်ထားကြောင်း မိသားစုဝင်များထံမှ သိရသည်။
၂၀၁၃ခုနှစ် ဧပြီလ ၂၃ရက်နေ့ နဝဒေး တံတားအောက် သဲသောင်ပြင်မှ လူသတ်မှုကို တပ်မတော်မှဖွဲ့သော စစ်ခုံ ရုံးနှင့်အပြိုင် မှုခင်း ထောက်လှမ်းရေး တပ်ဖွဲ့ (CID) ကပါ စစ်ဆေးခဲ့သော်လည်း ယခုအချိန်အထိ တရားခံ ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
The Voice Weekly

No comments:

Post a Comment