Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 8, 2014

ဓာတုလက်နက်စက်ရုံဟု မှားယွင်းဖော်ပြမှုကြောင့် တရားစွဲခြင်း ဖြစ်သည်ဟု ပြည်ထဲရေးဒုဝန်ကြီးဆို


နေပြည်တော်၊ ဖေဖော်ဝါရီ ၇

မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ်တွင် တည်ဆောက်ထားသော လက်နက်စက်ရုံကို လျှို့ဝှက် ဓာတုလက်နက် စက်ရုံဟု ထုတ်ဖော် ရေးသားမှုကြောင့် တည်ဆဲဥပဒေအရ အမှုဖွင့်အရေးယူခြင်း ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ပြောကြားသည်။

ဇန်နဝါရီလ ၂၅ရက်နေ့ထုတ် Unity အပတ်စဉ် ထုတ်ဂျာနယ်တွင် ‘ဗိုလ်ချုပ်မှူးကြီးဟောင်း၊ လက်ရှိ ကာ/ချုပ်နှင့် တရုတ် ပညာရှင်တို့၏ ပေါက်မြို့နယ်ရှိ လျှို့ဝှက် ဓာတုလက်နက်စက်ရုံ’ အမည်ရ သတင်းဆောင်းပါးကို ဓာတ်ပုံများနှင့်တကွ ဖော်ပြခဲ့သဖြင့် ယင်းဂျာနယ်မှ အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက် လေးဦးတို့ အရေးယူ ခံထားရမှုနှင့် ပတ်သက်၍ The Voice ၏ မေးမြန်းမှုကို ၎င်းက ပြန်လည် ဖြေကြားသည်။
“ဓာတုလက်နက်စက်ရုံ မဟုတ်လို့ဘဲ ဒီကိစ္စကို တရားစွဲဆိုရတာပါ” ဟု ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဆိုသည်။

လျှို့ဝှက် ဓာတုလက်နက်စက်ရုံဟု ရေးသားမှုတွင် အထောက်အထား ခိုင်လုံမှုနှင့် ပတ်သက်၍ Unity မှ တာဝန်ခံ အယ်ဒီတာ ဦးမင်းထက်မြတ်ကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ဆက်သွယ် မေးမြန်းရာ တယ်လီဖုန်း ပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပေ။

သို့သော်လည်း Unity ဂျာနယ် ရုံးဖုန်းကို ဆက်သွယ် မေးမြန်းခဲ့ရာ သတင်းထောက် တစ်ဦးဖြစ်သူ ဦးအောင်ဆန်းဝင်းကမူ “သတင်းရေးတဲ့ ကာယကံရှင်တွေ အဖမ်းခံထားရတော့ ဘာအထောက် အထားနဲ့ ရေးတယ်ဆို ကျွန်တော်တို့ မသိဘူး။ သူတို့ပဲ သိနိုင်မယ်” ဟု ပြောဆိုသည်။

ဖမ်းဆီးခံထားရသည့် Unity ဂျာနယ်မှာ အမှူဆောင် အရာရှိချုပ်နှင့် သတင်းထောက်များ ကိစ္စသည် ကာကွယ်ရေးဝန်ကြီးဌာနနှင့် အဓိက သက်ဆိုင်သဖြင့် ယင်းဌာနက ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဆိုသည်။

အဆိုပါ သတင်းဖော်ပြချက်သည် နိုင်ငံတော်၏ လျှို့ဝှက်ချက် များကို ပေါက်ကြားစေခြင်း၊ စက်ရုံ၏ တားမြစ်နယ်မြေအတွင်း ခွင့်ပြုချက်မရှိဘဲ ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်း၊ ဝင်ရောက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ အားပေးကူညီခြင်း တို့ကြောင့် အရေးယူပေးရန် သက်ဆိုင်ရာဌာနက ပေါက်မြို့နယ် ရဲတပ်ဖွဲ့စခန်းသို့ တိုင်ကြားသဖြင့် Unity ဂျာနယ်မှ အမှူဆောင် အရာရှိချုပ် အပါအဝင် ငါးဦးကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(က)/၉ ဖြင့် အမှုဖွင့်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

The Voice Weekly

No comments:

Post a Comment