Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 15, 2014

အိန္ဒိယ ပါလီမန်အတွင်း အငြင်းပွားရာမှ အမတ်များ ရုန်းရင်းဆန်ခတ် တိုက်ခိုက်

ငရုတ်ကောင်းရည်နဲ့ ပက်ခံရလို့ ဆေးရုံပို့ လိုက်ရတဲ့ အိန္ဒိယလွှတ်တော်အမတ်တဦး
An Indian MP is carried to hospital after a politician unleashed pepper spray in the parliament chamber. Picture: AP Source: AP

နယူးဒေလီ၊ ဖေဖော်ဝါရီ ၁၄

အိန္ဒိယနိုင်ငံ၏ ပါလီမန် အတွင်းဝယ် ပြည်နယ်အသစ်တစ်ခု သတ်မှတ်ရန် ကိစ္စကို ဥပဒေကြမ်း တစ်ခု ဆွေးနွေးကြရာမှ စကားများကြပြီး အမတ်များ ထိုးကြ ကြိတ်ကြခြင်း၊ မိုက်ကရို ဖုန်းများဖြင့် ကောက်ပေါက်ကြခြင်းတို့ ဖြစ်ခဲ့ကာ ငရုတ်ကောင်း ဖျန်းဆေးများဖြင့် ပင်ဖျန်းခဲ့ကြကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အန်ဒရာပရာဒက်ရှ် ပြည်နယ်အတွင်းတွင် ရှိသော နေရာတစ်ခုကို အာဏာရ ကွန်ဂရက်ပါတီ အစိုးရက တလန်ဂါနာဟု အမည်ရသော ပြည်နယ်တစ်ခု သတ်မှတ်ရန် အဆိုတင်သွင်းခဲ့ရာမှ လက်မခံသူများနှင့် လက်ခံသူများ ရန်ဖြစ်ကြခြင်း ဖြစ်ကာ အလံများ ဝှေ့ယမ်းခြင်း၊ ကြွေးကြော်သံများ အော်ဟစ်ခြင်း စသဖြင့် ကသောင်းကနင်း ဖြစ်ခဲ့ရသည်။

လွှတ်တော်အမတ် အတော်များများလည်း အသက်ရှူ ကျပ်ခြင်းကဲ့သို့ ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြပြီး ဆေးရုံသို့ ခေါ်သွားခဲ့ကြရသည်ဟု Press Trust of India သတင်းဌာနက ဖော်ပြထားသည်။

လွှတ်တော်ရေးရာ ဝန်ကြီး မစ္စတာ ကာမယ်နာသ်က အိန္ဒိယ၏ ပါလီမန် ဒီမိုကရေစီအတွက် အမည်းစက် ဖြစ်ခဲ့ကြောင်း ပြစ်တင် ပြောဆိုခဲ့ကာ စတင် တိုက်ခိုက်သော ပါလီမန် အမတ်များကို အရေးယူရန်လည်း ပြောဆိုခဲ့သည်။

“ကျွန်တော်တို့ ပါလီမန် ဒီမိုကရေစီအတွက် ရှက်စရာ အကောင်းဆုံးနေ့ပါပဲ” ဟု နာသ်က ပါလီမန်ရှေ့တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ပါလီမန် အမတ်အချို့သည် စာရွက် စာတမ်းများကို ဆုတ်ဖြဲခြင်း၊ တံခါးမှန်များကို ရိုက်ချိုးခြင်းများ ပြုလုပ်ခဲ့ပြီး အမတ် ၁၇ ဦးကို ပါလီမန် ဥက္ကဋ္ဌက ရာထူးမှ ဆိုင်းငံ့ခဲ့သည်။

အန်ဒရာပရာဒက်ရှ် ပြည်နယ်အတွင်းမှ နေရာတစ်ခုကို ပြည်နယ် သတ်မှတ်ပေးပါရန် ကာလကြာရှည် အကြမ်းပတမ်းမှုများပင် ဖြစ်ခဲ့သည့် တောင်းဆိုမှုကို ပြီးခဲ့သည့် သီတင်းပတ်က အစိုးရက လက်ခံခဲ့ပြီး ပါလီမန်သို့ အတည်ပြုချက်ရရန် တင်သွင်းခဲ့ခြင်း ဖြစ်သည်။

မျိုးနွယ်စု အုပ်စုများက တလန်ဂါနာ ဒေသကို ပြည်နယ် သတ်မှတ်ပေးရန် တောင်းဆိုကြပြီး အန်ဒရာပရာဒက်ရှ် ပြည်နယ်အစိုးရက ၎င်းတို့ဒေသကို လျစ်လျူ ရှုထားသည်ဟု ဆိုထားကြသည်။

Google၊ Microsoft စသော နည်းပညာ ကုမ္ပဏီကြီးများ လာရောက် အခြေချ ရင်းနှီးမြှုပ်နှံထားသည့် အန်ဒရာပရာဒက်ရှ် ပြည်နယ်၏ ချမ်းသာသော အပိုင်းများက ပြည်နယ်တစ်ခု ထပ်ခွဲပေးရန် ကိစ္စကို အပြင်းအထန် ကန့်ကွက်လျက် ရှိကြပြီး စီးပွားရေးအရ ကသောင်းကနင်း ဖြစ်သွားလိမ့်မည်ဟု ပြောဆိုကြသည်။

ပါလီမန်အတွင်း ကျောင်းသားများ ရန်ဖြစ်သကဲ့သို့ အမတ်များသတ်ပုတ်ကြသည့် ဖြစ်စဉ်သည် ထိုင်ဝမ် လွှတ်တော်၊ ယူကရိန်း လွှတ်တော်၊ ကိုရီးယား လွှတ်တော် စသည်တို့တွင်လည်း ယခင်က ဖြစ်ဖူးခဲ့သည်။

Pepper spray sparks brawl in Indian parliament

 http://www.theaustralian.com.au/news/world/pepper-spray-sparks-brawl-in-indian-parliament/story-e6frg6so-1226826892963

 

No comments:

Post a Comment