Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 6, 2014

မြစ်ကြီးနားနှင့် ဝိုင်းမော်မှ ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ကချင်လူငယ်များ ငြိမ်းချမ်းရေးဆုတောင်း


မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားလျက်ရှိသော စစ်ပွဲများ အဆုံးသတ်ကာ ငြိမ်းချမ်းရေး ဖြစ်စဉ်များ အမြန်ဆုံး တိုးတက် ဖြစ်ထွန်းလာစေရန် အတွက် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် မြစ်ကြီးနားနှင့် ဝိုင်းမော် မြို့နယ်ရှိ ခရစ်ယာန် ဂိုဏ်းဂဏပေါင်းစုံမှ ကချင်လူငယ်များက မြစ်ကြီးနားမြို့ မနောကွင်းအတွင်း ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း ကချင်ခရစ်ယာန် လူငယ်များ ဂိုဏ်းဂဏပေါင်းစုံ မိတ်သဟာယ ဆုတောင်းပွဲ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

ကချင်ပြည်နယ် အတွင်းသာမက မြန်မာတစ်နိုင်ငံလုံးတွင် တရားမျှတသည့် အစိုးရနှင့် တရားမျှတသည့် နိုင်ငံတော် ပေါ်ထွန်းလာစေရန်အတွက် ရည်ရွယ်၍ ဆုတောင်းပွဲ ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး ခရစ်ယာန် ဂိုဏ်းဂဏပေါင်းစုံမှ ဘာသာရေး ဆရာများက ငြိမ်းချမ်းရေးအတွက် ဆုတောင်းခြင်း၊ မနောကွင်း အတွင်းရှိ မနောတိုင်ထိပ်သို့ ကချင် အမျိုးသားအလံ လွှင့်တင်ခြင်းနှင့် ဖျော်ဖြေရေး အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း ကချင်ခရစ်ယာန် လူငယ်များ ဂိုဏ်းဂဏပေါင်းစုံ မိတ်သဟာယ ဆုတောင်းပွဲ ဖြစ်မြောက်ရေး ကော်မတီ အဖွဲ့ဝင် ကိုထွယ်အောင်က ပြောကြားသည်။

ကချင်ခရစ်ယာန် လူငယ်များ ငြိမ်းချမ်းရေး ဆုတောင်းပွဲ ပြုလုပ်သော ဖေဖော်ဝါရီလ ၅ ရက်နေ့သည် ကေအိုင်အို အဖွဲ့အစည်း၏ (၅၃) နှစ်မြောက် တော်လှန်ရေးနေ့နှင့် တိုက်ဆိုင်လျက် ရှိသည်။
“စစ်ဖြစ်နေတဲ့ အတွက်ကြောင့် တောက်လောင်နေတဲ့ မီးတွေကို ငြိမ်းစေဖို့အတွက် ဆုတောင်းပွဲ ပြုလုပ်ရတာပါ။ ဒီကနေ့မှာမှ လုပ်ရတာဟာ ဘယ်သူ့ တိုက်တွန်းချက်နဲ့မှ မဟုတ်ဘူး။ ကချင်လူငယ်တွေရဲ့စိတ်ထဲမှာ ဒီကနေ့ကို အမှတ်ရနေတယ်။ ဒီနေ့မှာ လုပ်ကိုလုပ်သင့်တယ်။ လုပ်ကိုလုပ် ရမယ်ဆိုတဲ့ အသိစိတ်ကြောင့် လုပ်ကြတာပါ” ဟု ၎င်းကဆိုသည်။

ကချင်ခရစ်ယာန် လူငယ်များ၏ ငြိမ်းချမ်းရေး ဆုတောင်းပွဲကို ယခင်နှစ် ဖေဖော်ဝါရီ ၅ ရက်နေ့ကလည်း ခရစ်ယာန် ဘုရားရှိခိုးကျောင်း တစ်ခုတွင် ပြုလုပ်ခဲ့ဖူးပြီး ယခုနှစ် မနောကွင်းတွင် ပြုလုပ်သော ငြိမ်းချမ်းရေး ဆုတောင်းပွဲသို့ ကချင်ခရစ်ယာန် လူငယ် ၁၅၀၀ ခန့် တက်ရောက် ခဲ့ကြောင်း ကချင်ခရစ်ယာန် လူငယ်များ ဂိုဏ်းဂဏပေါင်းစုံ မိတ်သဟာယ ဆုတောင်း ပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

No comments:

Post a Comment