Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

လုံခြုံရေးအရ စစ်တွေမှ ရန်ကုန် ပြန်ပို့ခံရသည့် မလေးရှား သုံးဦးမှာ မလေးရှား လူမှု အဖွဲ့အစည်းကဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

လုံခြုံရေး အခြေအနေအရ ရခိုင်ပြည်နယ် စစ်တွေမြို့မှ ရန်ကုန်သို့ ပြန်ပို့ခံရသည့် မလေးရှား နိုင်ငံသား သုံးဦးသည် မလေးရှားနိုင်ငံ အခြေစိုက် လူမှုအဖွဲ့အစည်း တစ်ခုဖြစ်သည့် Malaysian Islamic Organisations Consultative Council (Mapim) မှ အဖွဲ့ဝင်များ ဖြစ်ကြောင်း ယင်းအဖွဲ့အစည်း၏ ဥက္ကဋ္ဌ Mohd Azmi Abdul Hamid က ဖေဖော်ဝါရီလ ၂၃ ရက်နေ့က သတင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ လူမှု အဖွဲ့အစည်းမှ အဖွဲ့ဝင်များ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများကို လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီများ ပေးအပ်ရန်အတွက် လာရောက်သူများ ဖြစ်ပြီး၊ ဒေသခံ ပြည်သူအချို့၏ တားဆီးမှုများကြောင့် အစီအစဉ် ပျက်ခဲ့ရခြင်း ဖြစ်ကြောင်း ၎င်းက အဆိုပါ ထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

“အခု အစီအစဉ် ပျက်သွားပေမယ့် နောက်ထပ် အစီအစဉ်တွေနဲ့ ဒုက္ခသည်တွေကို ရိက္ခာ ထောက်ပံ့ဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ အဲ့ဒီလို ထောက်ပံ့တဲ့ အခါမှာလည်း အစိုးရ တာဝန်ရှိသူတွေ၊ သက်ဆိုင်ရာ နိုင်ငံရေး ပါတီတွေနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာပါ” ဟု Mohd Azmi Abdul Hamid က ပြောဆိုသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိ လာခဲ့သည့် အဆိုပါ မလေးရှား နိုင်ငံသား သုံးဦးမှာ ဒုက္ခသည်များကို ရိက္ခာ ထောက်ပံ့ရန် ဝင်ရောက် လာခြင်းဟု ဆိုပါက ရခိုင်ပြည်နယ် အစိုးရထံ အကြောင်းကြား သင့်ကြောင်း၊ တစ်စုံတစ်ရာ အကြောင်းကြားခြင်း မရှိဘဲ ဝင်ရောက်မှုကြောင့် ယခုကဲ့သို့ ဒေသခံ ပြည်သူများနှင့် ပြဿနာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ ပြန်ကြားရေး အရာရှိ ဦးဝင်းမြိုင်က The Voice သို့ ပြောကြားသည်။

“ကျွန်တော်တို့ကို ဘာမှ အကြောင်း မကြားဘူး၊ အစိုးရ အဖွဲ့ကို အကြောင်း ကြားထားရင် ပြဿနာဖြစ်မှာ မဟုတ်ဘူး။ သူတို့နဲ့ တစ်နေ့တည်း ရောက်လာတဲ့ နယူးယောက်တိုင်းမ်က သတင်းသမား တွေတောင် ကျွန်တော်တို့ကို အကြောင်း ကြားခဲ့သေးတာ” ဟု ၎င်းက ရှင်းပြသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည်နယ် အစိုးရ အဖွဲ့ရုံး အနီးတွင် တည်ရှိသော မြတည်းခို ရိပ်သာတွင် တည်းခိုနေသည့် မလေးရှား နိုင်ငံသား သုံးဦးအနက် နှစ်ဦးသည် ဘင်္ဂါလီများ နေထိုင်သည့် အောင်မင်္ဂလာ (အင်ဘလာ) ရပ်ကွက်သို့ ဝင်ထွက်မှုများ ပြုလုပ်ခဲ့သဖြင့် ၎င်းတို့ကို စစ်ဆေးပေးရန် မြို့ခံ ၁၀၀ ဝန်းကျင်က လူစုလူဝေးဖြင့် တောင်းဆိုမှု ဖေဖော်ဝါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီကျော်မှ ည ၁၁ နာရီကျော် အထိ ဖြစ်ပွားခဲ့သည်။

အဆိုပါ မလေးရှား နိုင်ငံသား သုံးဦးကို လုံခြုံရေးအရ ရန်ကုန်သို့ ပို့ဆောင်ခဲ့ပြီး၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ ညနေပိုင်းက ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ မလေးရှား နိုင်ငံသို့ ပြန်လည် ထွက်ခွာခဲ့ကြောင်း Mapim ၏ ထုတ်ပြန်ချက် အရ သိရသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိခဲ့သည့် မလေးရှား နိုင်ငံသား သုံးဦးအနက် နှစ်ဦးမှာ မလေးရှားနိုင်ငံ အခြေစိုက် ရုပ်သံဌာန တစ်ခုဖြစ်သည့် TV Alhijrah မှ သတင်းသမား နှစ်ဦး ပါဝင်ခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

The Voice Weekly

No comments:

Post a Comment