Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 23, 2014

ထိုင်းဘုရင့်ကျောင်းဆောင်နေရာကို သမိုင်းဝင်ဥယျာဉ် တည်ဆောက်ပြီးပါက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ထံ အပ်နှံမည်ဟုဆို


ထိုင်းဘုရင့်ကျောင်းဆောင်နေရာကို သမိုင်းဝင်ဥယျာဉ် (Historical Park) အဖြစ် တည်ဆောက်ပြီးပါက ထိုင်းနိုင်ငံဘက်မှ ပိုင်ဆိုင်မှုတစ်စုံတစ်ရာ ရယူမည်မဟုတ်ဘဲ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့သာ အလုံးစုံ ပြန်လည်လွှဲအပ်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒေသခံအများစုမှာ ထိုင်းလူမျိုးများအား မြေပိုင်ဆိုင်မှု တစ်စုံတစ်ရာ ရယူချင်သည့်အတွက် ယခုကဲ့သို့ သမိုင်းဝင်ဥယျာဉ်ဆောက်ရန် စီစဉ်နေခြင်းဖြစ်သည်ဟု အထင်မှားနေကြသည်။

သို့သော် ၎င်းတို့၏ အမှန်တကယ်ရည်ရွယ်ချက်မှာ ယင်းကဲ့သို့မဟုတ်ဘဲ ကျောင်းဆောင်ဟောင်း ပြန် လည်ထိန်းသိမ်းလိုခြင်းရည်ရွယ်ချက်သာရှိကြောင်း အဆိုပါကျောင်းဆောင်ဟောင်းကို လာရောက်တူးဖော်မှုများ ပြုလုပ်နေသည့် ရေသဖန်းပွင့်၊ မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ မစ်ကီဟတ်က ပြောသည်။

၂၀၁၃ ခုနှစ်အတွင်း စတင်တူးဖော်မှုများ ပြုလုပ်ခဲ့သည့် အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ်ရပ်ကွက်၊ လင်းဇင်းကုန်းရပ်ကွက်မှ ထိုင်းဘုရင့်ကျောင်းဆောင်နေရာကို သမိုင်းဝင်ဥယျာဉ်တစ်ခုအဖြစ် လာမည့် ၂နှစ်အတွင်း တည်ဆောက်ရန် စီစဉ်နေပြီး တည်ဆောက်မှုများ အားလုံးပြီးစီးပါက အစိုးရအဖွဲ့ထံ ပြန် လည်လှူဒါန်းမည်ဟုဆိုသည်

““ဥယျာဉ်တည်ဆောက်မှု အားလုံးပြီးသွားရင် အကုန်လုံးဟာ ဒီတိုင်းဒေသကြီး၊ မြန်မာအစိုး ရ၊ မြန်မာပြည်သူတွေရဲ့ ပိုင်ဆိုင်မှုအောက်မှာပဲ ရှိမှာပါ။ ဒီမြေကို တစ်လက်မမှ မယူပါဘူး။ အကုန်လှူပစ်ခဲ့မှာပါ။ အခုဖြစ်နေတာက ကျွန်တော်တို့ကပဲ နေရာဝင်လုတဲ့ပုံစံမျိုး ဖြစ်နေတယ်”” ဟု မစ္စတာမစ်ကီဟတ်က ထည့်သွင်းပြောသည်။

ထိုင်းနိုင်ငံ ဘုရင့်ဘဏ္ဍာငွေများ၏ ထောက်ပံ့မှုဖြင့် ထိုင်းဘတ်ငွေ သန်းတစ်ရာ အသုံးပြုတည်ဆောက်ရန် ရည်ရွယ်ထားသည့် ယင်းသမိုင်းဝင်ဥယျာဉ် တည်ဆောက်ရန် လက်ရှိအချိန်ထိ MCDC ၏ ထောက်ခံချက်တစ်စုံတစ်ရာ မရရှိသေးပေ။ ထို့ကြောင့် ယင်းဥယျာဉ်တည်ဆောက်ခွင့်ရရန် သီတဂူဆရာတော်ဘုရားကြီးနှင့် သံဃနာယကအဖွဲ့အစည်းများသို့ အကူအညီများ တောင်းခံကာ တည်ဆောက်ခွင့်ရရေး အထောက်အပံ့ရယူရန် စီစဉ်ထားကြောင်း ၎င်းကဆိုသည်။

သမိုင်းဝင်ဥယျာဉ် တည်ဆောက်ပြီးပါကလည်း ယင်းဥယျာဉ် ရေရှည်ထိန်းသိမ်းနိုင်မည့် နည်းစနစ်များကို မြန်မာနိုင်ငံမှ ရှေးဟောင်းသုတေသန နှင့် သက်ဆိုင်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သုံးနှစ်ကြာ ပူးတွဲထိန်းသိမ်းသွားရန် စီစဉ်ထားကြောင်း၊ ယင်းကာလအတွင်းတွင်လည်း ငွေကြေးတစ်စုံတစ်ရာ ရယူမည်မဟုတ်ဘဲ ထိန်းသိမ်းပုံနည်းစနစ်များနှင့် အကျွမ်းတ၀င်ဖြစ်သွားပါက ၎င်းတို့က လုံးဝလွှဲပြောင်းပေးသွားရန် စီစဉ်ထားသည်ဟု ရေသဖန်းပွင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းမှ သတင်းရရှိသည်။

ရေသဖန်းပွင့် မြန်မာ-ထိုင်း ချစ်ကြည်ရေးအသင်းမှာ ထိုင်းဘုရင့်ကျောင်းဆောင် (ယခင် ထိုင်း ဘုရင်ဟောင်း အုတ်ဂူ) နေရာအနီးတစ်ဝိုက် သမိုင်းဝင်ဥယျာဉ်တည်ဆောက်နိုင်ရန် မြို့တော် စည်ပင်သာယာရေးကော်မတီ MCDC ထံသို့ မြေလေးဧကချထားပေးရန် တောင်းဆိုခဲ့သော်လည်း MCDC မှ ၁ ဒသမ ၀၃ ဧကကိုသာ ချပေးခဲ့ပြီး မစ္စတာမစ်ကီဟတ် အဖွဲ့ တောင်းဆိုထားသည့်နေရာတွင် ကလေးကစားကွင်းတစ်ခု
ဆောက်လုပ်ရန် မြေပြုပြင်မှုလုပ်ငန်းများ စတင်ပြုလုပ်နေပြီဖြစ်သည်။

Author: အေးမွန်ရာပြည့်
7Day Daily

No comments:

Post a Comment