Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 4, 2014

ဆေးဘက်ဆိုင်ရာ တက္ကသိုလ် ကျောင်းသူသေဆုံးမှု လူမှုကွန်ရက်တွင် သတင်း အချက်အလက်အချို့ မှားယွင်းဟု မိသားစုဝင်များ ပြောဆို


Wednesday, February 5, 2014

လူမှုကွန်ရက် Facebook စာမျက်နှာတွင် ဇန်နဝါရီလတွင်းက ပျံ့နှံ့ခဲ့သော ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ မနော်မေသူသူဇော် သေဆုံးခဲ့မှုနှင့် ပတ်သက်၍ အခြားသူများ၏ ဝင်ရောက် ရေးသားမှုအချို့ မှားယွင်းနေခြင်းကြောင့် သေဆုံးသူ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေသည့်အပြင် သက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသူ ကျောင်းသားများ၏ ဂုဏ်သိက္ခာ ကျစေကြောင်း သေဆုံးသူ မနော်မေသူသူဇော်၏ အစ်မဝမ်းကွဲ တော်စပ်သူ ဆေးတက္ကသိုလ် (၂) တတိယနှစ် တက်ရောက်နေသော မခမ်းမွန်ထွေးက ပြောကြားသည်။ 

ဆေးတက္ကသိုလ် ကျောင်းသူ မနော်မေသူသူဇော် သေဆုံးမှုကို မြို့နယ်နှင့် ခရိုင်တရားရုံးက သာမန်ရေနစ် သေဆုံးမှုအဖြစ် စီရင် ဆုံးဖြတ်ချက်ကြောင့် ရန်ကုန်တိုင်း တရားလွှတ်တော်ရုံးသို့ ပြန်လည် စစ်ဆေးပေးရန် တင်ပြတောင်းဆိုမည် ဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်ရှိ ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ရုံးခန်းတွင် ဖေဖော်ဝါရီလ ၄ ရက် နံနက် ၁၀ နာရီက သေဆုံးသူ၏ မိသားစုဝင်များက သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် မခမ်းမွန်ထွေးက အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“ဆုံးသွားတဲ့ ညီမလေးကို လွမ်းတဲ့စိတ်နဲ့ ရေးထားတဲ့ ကျွန်မရဲ့ Facebook စာမျက်နှာမှာ ပေါက်ကရ စာသားတွေ ဝင်ရေးတဲ့သူ အချို့ကြောင့် သတင်းမှားတွေ ဖြစ်လာတဲ့အပြင် ညီမလေးရဲ့ အရှက်သိက္ခာကိုပါ ထိခိုက်နစ်နာ ခဲ့ရတယ်။ ညီမလေးရဲ့ရည်းစား ရဲမင်းဦးက သြစတြေးလျကို ထွက်ပြေးတော့မယ်။ ဆေးကျောင်းသူကို မုဒိမ်းကျင့်ပြီး သေကြောင်း ကြံစည်ခဲ့တဲ့သူကို အရေး မယူပေးတဲ့ အတွက် ဆေးတက္ကသိုလ် ကျောင်းသူ ကျောင်းသားတွေက ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့ သတင်း ရေးသားချက်တွေကို ပုဂ္ဂလိက သတင်းစာတချို့မှာ ဖော်ပြခဲ့တာကြောင့် Facebook က သတင်းတွေဟာ မမှန်ဘူးဆိုတဲ့အကြောင်း အသိပေးရတာပါ” ဟု မခမ်းမွန်ထွေးက ရှင်းပြသည်။ 

အဆိုပါ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူ သေဆုံးခဲ့မှုကို မြို့နယ်တရားရုံးနှင့် ခရိုင်တရားရုံးတို့တွင် စစ်ဆေးခဲ့စဉ်က သက်သေ ထွက်ဆိုသူများ၏ သေဆုံးမှုနှင့် ပတ်သက်၍ မသင်္ကာစရာ ထွက်ဆိုချက်များ ရှိခဲ့သော်လည်း သေမှုသေခင်းအဖြစ် စီရင်ချက် ချခဲ့ခြင်းမှာ နိုင်ငံသား တစ်ယောက်အပေါ် တရားစီရင်ရေးပိုင်း၏ ဆုံးဖြတ်ချက်များက နစ်နာမှု၊ လျစ်လျူရှုမှုများ ရှိနေကြောင်း ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း၏ ရုံးအဖွဲ့မှူး ဦးဇော်မင်းက ပြောကြားသည်။ 
“တရားရုံးရဲ့ စီရင်ချက်ကို ကန့်ကွက်တာ မဟုတ်ဘူး။ ဒီအမှုကို မြောက်ပိုင်းခရိုင် တရားရုံးက ပလပ်ခဲ့တဲ့အတွက် ဒီထက် အဆင့်မြင့်တဲ့ တရားရုံးထံ ထပ်တင်မယ်။ အယူခံတင်မှာ မဟုတ်ဘူး။ အမှုကို လူသေမှုလား၊ လူသတ်မှုလားဆိုတာ မသဲကွဲတာကြောင့် သက်သေခံတွေရဲ့ တစ်ဦးချင်း ထွက်ဆိုချက်တွေကို ပြန်လည် စစ်ဆေး ပေးဖို့အတွက် ဥပဒေ လမ်းကြောင်းအတိုင်း လုပ်ဆောင်မှာပါ” ဟု ၈၈ မဏ္ဍိုင်ဥပဒေ အကယ်ဒမီအဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဒေါ်သီတာအေးက ရှင်းပြသည်။ 

သံသယဖြစ်ဖွယ်ရာ များစွာနှင့် သေဆုံးခဲ့သည်ဟုဆိုသော အသက် ၁၉ နှစ်အရွယ် ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူ မနော်မေသူသူဇော်သည် ၂၀၁၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က ပြင်ဦးလွင်မြို့ရှိ ခရစ်ယာန် ဘုရားကျောင်းတွင် Camp ဝင်ရောက်ခဲ့ပြီး ရန်ကုန်သို့ ပြန်ရောက် လာခဲ့ကြောင်း၊ ဧပြီလ ၁၉ ရက်နေ့က ၎င်း၏ချစ်သူ ကိုရဲမင်းဦးနှင့်အတူ ရန်ကုန်မြို့တွင်း လည်ပတ်ခဲ့ကြောင်း၊ ယင်းနေ့ည ၇ နာရီ ၃၀ မိနစ်က မှော်ဘီမြို့နယ် ဝါးနက်ချောင်း ကျေးရွာရှိ မိဘများ နေအိမ်သို့ ရန်ကုန်-တိုက်ကြီး ဟိုင်းလတ်ယာဉ်ဖြင့် ပြန်လာ ခဲ့ရာမှ နေအိမ်သို့ ပြန်မရောက်လာသဖြင့် လူပျောက်မှုဖွင့်ကာ တိုင်ကြားခဲ့စဉ် ရေနစ် သေဆုံးနေသော ၎င်း၏ ရုပ်အလောင်းကို အင်းစိန် မြို့မရဲစခန်းက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မနော်မေသူသူဇော်၏ မိခင် ဒေါ်နော်မယ်စေးထံမှ သိရှိရသည်။ 

ဧပြီလ ၂၁ ရက်နေ့က မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေ ရဲစခန်းတွင် နော်မေသူသူဇော်၏ ဓာတ်ပုံများ ပြသကာ လူပျောက်ဖွင့် တိုင်ကြားခဲ့ကြောင်း၊ ယင်းနောက် ဧပြီလ ၂၂ ရက်နေ့တွင် လှိုင်သာယာမြို့နယ်ရှိ အောင်ဇေယျတံတား၌ မနော်မေသူသူဇော်၏ ပိုက်ဆံအိတ်နှင့် ဖိနပ်ကို တွေ့ရှိခဲ့ကြောင်း၊ ဧပြီလ ၂၀ ရက်နေ့က အင်းစိန် မြို့မရဲစခန်းက ပိုင်ရှင်မဲ့ အမျိုးသမီးအလောင်းကို တွေ့ရှိထားသော်လည်း ရဲစခန်းချင်း သတင်းပေး ဆက်သွယ်မှု မရှိသောကြောင့် သင်္ဂြိုဟ်ခါနီးမှသာ မိသားစုဝင်များက သိရှိခဲ့ရကြောင်း ဒေါ်နော်မယ်စေးက ပြောကြားသည်။ 

မရမ်းကုန်းမြို့နယ် ဘုရင့်နောင် နယ်မြေရဲစခန်းတွင် လူပျောက် တိုင်ကြားခဲ့စဉ်က တာဝန်ကျ ရဲအရာရှိတစ်ဦးက နှစ်နာရီအတွင်း ရန်ကုန်တိုင်းရှိ ရဲစခန်းများထံ သတင်းပို့ပေးမည်ဟု ပြောဆိုခဲ့သော်လည်း အင်းစိန် မြို့မရဲစခန်း၏ ရေနစ်သေဆုံးနေသော ပိုင်ရှင်မဲ့ အမျိုးသမီးအလောင်း တွေ့ရှိမှုကို နော်မေသူသူဇော် ပျောက်ဆုံးပြီး ငါးရက်မြောက်နေ့တွင် မရမ်းကုန်း မြို့မရဲစခန်းထံမှ သိရှိခဲ့ကြောင်း၊ အောင်ဇေယျ တံတားတွင် တွေ့ရှိခဲ့သော မနော်မေသူသူဇော်၏ ပိုက်ဆံအိတ် အတွင်းမှ တယ်လီဖုန်း ဆင်းကတ်ကို လှိုင်သာယာ မြို့မရဲစခန်း ရဲတပ်သားထံမှ ပြန်ရ ခဲ့သော်လည်း ရွှေလက်ဝါးကပ်တိုင်မှာ ယခုအချိန်ထိ ပျောက်ဆုံးနေကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

“သမီးအလောင်းကို စတွေ့တော့ ပါးစပ်က အဝါရောင် အမြှုပ်တွေ ထွက်နေတယ်။ ခန္ဓာကိုယ်က မတောင့်သေးဘူး။ လိမ်းထားတဲ့ မိတ်ကပ် မပျောက်သေးတော့ သေတာ သိပ်မကြာသေးဘူးလို့ သိရတယ်။ သမီးအလောင်းကို တွေ့တဲ့နေရာနဲ့ သူ့ချစ်သူအိမ်က သိပ်မဝေးဘူး။ အလောင်း စတွေ့ချိန်က အင်းစိန်ရွာမ ရပ်ကွက်ထဲမှာ ဘယ်သူ့အလောင်းလဲဆိုပြီး လာကြည့် ကြတဲ့လူတွေ အုန်းအုန်းကြွနေပေမယ့် ကောင်လေးရဲ့မိသားစုက ဒါကို သူတို့ မသိလိုက်ဘူး ဆိုတာကလည်း သံသယ ဖြစ်စေတဲ့ စကားပါ” ဟု မျက်ရည်များ ရစ်ဝဲကာ ဒေါ်နော်မယ်စေးက ရှင်းပြသည်။ 

ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသူ သေဆုံးမှုကို Facebook စာမျက်နှာတွင် သတင်းမှားများ ရေးသားဖော်ပြမှုမှာ သေဆုံးသူ၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့်အပြင် ကျောင်းသူ၊ ကျောင်းသားများ၏ ဂုဏ်သိက္ခာကိုပါ ကျစေသော လုပ်ရပ်များကို လက်မခံနိုင်ကြောင်း၊ နိုင်ငံသားကောင်းဖြစ်သော ဆေးတက္က သိုလ်ကျောင်းသူ သေဆုံးမှုကို တရားစီရင်ရေးပိုင်းတွင် သံသယ ဖြစ်ဖွယ်ရာ ဆုံးဖြတ်ချက် များကြောင့် နစ်နာမှုများ ကြုံတွေ့ရသဖြင့် ကျောင်းသားသမဂ္ဂ အဖွဲ့များ ပူးပေါင်းကာ လူထုအုံကြွစေမည့် ပုံစံမျိုးဖြင့် အမှုမှန် ပေါ်ပေါက်စေပေးရန် ဖိအားပေး ဆောင်ရွက်မည် မဟုတ်ဘဲ ငြိမ်းချမ်းစွာ အဖြေရှာပြီး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ပြင်ပဆက်ဆံရေး တာဝန်ခံ ကိုပိုင်ရဲသူက ပြောကြားသည်။ 

အဆိုပါ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် ဒုတိယနှစ် ကျောင်းသူ သေဆုံးခဲ့မှုကို ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက စစ်ဆေးဆောင်ရွက်ခဲ့ပြီး ဆေးကျောင်းသူ၏ ချစ်သူ ကိုရဲမင်းဦး၏ ထွက်ဆိုချက်များအရ ၎င်းတို့နှစ်ဦးမှာ ဘာသာမတူသောကြောင့် ချစ်သူနှစ်ဦး ပေါင်းသင်းရန် အခက်အခဲ ပြဿနာ တစ်ခုသာရှိပြီး အခြားမပြေလည်သော ပြဿနာ တစ်စုံတစ်ရာမှ မရှိခဲ့ကြောင်း၊ သေဆုံးသူ အမျိုးသမီးကို ရင်ခွဲ စစ်ဆေးချက် ဆေးစာအရ အဆုတ်တွင်း ရေဝင်ပြီး ပြင်ပဒဏ်ရာ တစ်စုံတစ်ရာ မရှိဘဲ သာမန် ရေနစ်သေဆုံးခြင်းသာ ဖြစ်သည်ဟု ဖော်ပြထားသည်ကို သိရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment