Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

ရခိုင်ပြည်နယ်ရှိ ကမန်လူဦးရေ စာရင်း စစ်ဆေးပေးရန် သမ္မတထံ စာတင်


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ကမန်တိုင်းရင်းသား အမည်ခံကာ တိုင်းရင်းသားအဖြစ် ခံယူလိုသူ များပြားလာသဖြင့် ရခိုင်ပြည်နယ်ရှိ ကမန်လူဦးရေ စာရင်းကို စစ်ဆေးပေးရန် စစ်တွေမြို့ မြို့မိမြို့ဖ အလုပ်အမှုဆောင် အဖွဲ့က နိုင်ငံတော် သမ္မတထံ ဖေဖော်ဝါရီလ ၁၄ ရက်နေ့က စာတင်တောင်းဆို ထားကြောင်း အဆိုပါ အလုပ်အမှုဆောင် အဖွဲ့ထံမှ သိရှိရသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ၂၀၁၂ ခုနှစ် အောက်တိုဘာလ စာရင်းအရ ရခိုင် ပြည်နယ်တွင် ကမန်လူဦးရေ ရှစ်ထောင်ကျော် ရှိသော်လည်း ယခုအခါ ရခိုင်ပြည်နယ်တွင် ကမန်လူဦးရေ နှစ်သိန်းခန့် ဖြစ်နေကြောင်း၊ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ လူမျိုးများသည် ၎င်းတို့နှင့် ဘာသာတူညီသည့် ကမန်များနှင့် ရောနှော နေထိုင်ပြီး ကမန်အဖြစ် အမည်ခံကာ တိုင်းရင်းသားအဖြစ် အသွင်ပြောင်းမှုများ ရှိနေကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ တစ်ဦးဖြစ်သူ ဦးသန်းထွန်းက ပြောကြားသည်။
“ကမန်လူဦးရေက နှစ်သောင်းလောက်ပဲ ရှိရမှာ။ နှစ်သိန်းလောက် ဖြစ်နေတယ်။ မသင်္ကာစရာ ဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။

တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီများသည် ကမန် တိုင်းရင်းသားများကို အသုံးချကာ တိုင်းရင်းသားအဖြစ် အသွင်ပြောင်းခွင့် မရရှိရေးအတွက် စစ်ဆေးပေးရန် နိုင်ငံတော်သမ္မထံ တင်ပြရခြင်း ဖြစ်ကြောင်း စစ်တွေမြို့ မြို့မိမြို့ဖ အလုပ်အမှုဆောင် အဖွဲ့ထံမှ သိရှိရသည်။

ကမန်တိုင်းရင်းသား လူဦးရေစာရင်း အတိအကျကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာလကတွင်း စတင်ကောက်ခံ သွားမည်ဟု ကမန်အမျိုးသား တိုးတက်ရေးပါတီမှ အတွင်းရေးမှူး (၁) ဦးကျော်ငြိမ်းက The Voice သို့ ပြောဆိုထားပြီး လူဦးရေ စာရင်းကောက်ယူမှု အခြေအနေ၊ ကမန် လူဦးရေးစာရင်း စိစစ်ပေးရန် စစ်တွေမြို့ မြို့မိမြို့ဖများ၏ တင်ပြချက်များနှင့် ပတ်သက်၍ ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ထပ်မံဆက်သွယ် မေးမြန်းရာ ပြန်လည် ဖြေကြားခြင်း မရှိခဲ့ပေ။

ယင်းကိစ္စနှင့် ပတ်သက်၍ ကမန် အမျိုးသားပါတီ ရုံးချုပ်ကို ဆက်သွယ် မေးမြန်းခဲ့ရာ ရုံးပိတ်ရက် ဖြစ်သဖြင့် တာဝန်ယူ ဖြေကြားပေးမည့်သူ မရှိခဲ့ပေ။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူမျိုးများထံမှ ငွေကြေးများယူကာ ကမန် တိုင်းရင်းသားအဖြစ် မှတ်ပုံတင်ပေးမှုများ ရှိနေကြောင်း ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကမန် တိုင်းရင်းသားများသည် စစ်တွေမြို့နယ်ရှိ သာရာကုန်းရွာနှင့် သင်းကနက်ကျေးရွာ ရမ်းဗြဲမြို့နယ်ရှိ ကျောက်နီမော် ကျေးရွာတို့တွင် ဘင်္ဂါလီများနှင့်အတူ ရောနှော နေထိုင်ကြကြောင်း စစ်တွေ မြို့မိမြိုဖများထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment