Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

ပါးရိုက်ခံရသည့် ဒဏ်ကြေး(၁၅)သိန်း ကွင်းလယ်ဒိုင်လူကြီး ဦးလှမင်း မရဟုသိရ


မြန်မာနေရှင်နယ်လိဂ်ပွဲစဉ်တစ်ပွဲ၌ ကွင်းလယ်ဒိုင်ကို ကလပ်အသင်းပိုင်ရှင်မှ လက်ရောက်ကျူးလွန်ခဲ့သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ ဇွဲကပင် အသင်းမှ ဒဏ်ကြေးငွေကျပ် တစ်ဆယ့်ငါးသိန်းကျပ်ပေးဆောင်ရန် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ဆုံးဖြတ်ချက် ချမှတ်လိုက်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရှိရသည်။
Myanmar National League Myanmar 2014 ပွဲစဉ်တစ်ပွဲ ဖြစ်သည့် ဖေဖော်ဝါရီ(၁၅) ရက်နေ့ အောင်ဆန်းကွင်း၌ ကျင်းပမည့် ဇွဲကပင် အသင်းနှင့် ရတနာပုံ အသင်းတို့ ယှဉ်ပြိုင် ကစားသည့်ပွဲစဉ်အပြီး၌  ကွင်းလယ်ဒိုင် ဦးလှမင်းကို  ဇွဲကပင် ယူနိုက်တက် အသင်းတာဝန်ရှိသူ ဦးလှဌေးမှ လက်ရောက်ကျူးလွန်မှုဖြစ်ပွားခဲ့သည့်အပေါ် ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။
  ဆုံးဖြတ်ချက်ကို ဒီနေ့ချမှတ်ခဲ့တာပါ၊ ဇွဲကပင်က ပေးရမယ့် ဒဏ်ကြေးငွေက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ထဲကိုပဲ ၀င်မှာပါ၊ ဦးလှမင်းရမှာ မဟုတ်ပါဘူး ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးစိုးမိုးကျော်က ပြောသည်။  ကွင်းလယ်ဒိုင် ဦးလှမင်းမှာ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အတွင်း၌လည်းပါဝင်ကြောင်း ၄င်းက ဆက်ပြောသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် (၁၉.၂.၂၀၁၄) ရက်နေ့တွင် တစ်ကြိမ် (၂၀.၂.၂၀၁၄) ရက်နေ့ (၁၄း၀၀)နာရီ အချိန်တွင် တစ်ကြိမ် ထပ်မံ အစည်းအဝေး ပြုလုပ် ၍ အစီရင်ခံစာများကို ဖတ်ရှု့လေ့လာခြင်း၊ မှတ်တမ်း တင် ဗီဒီယိုအား ကြည့်ရှု့ခြင်းနှင့် ကာယကံ ရှင်ဒိုင်လူကြီးအား ခေါ်ယူမေးမြန်းခြင်း၊ ဇွဲကပင်အသင်း၏ အသနားခံစာကို ဖတ်ရှု့ လေ့လာ ခြင်း၊ အပြန်ပြန် အလှန်လှန်ဆွေးနွေးပြီးနောက် FIFA Disciplinary Code, Section (2) Article 49 နှင့် 52(b)၊ MNL စည်းကမ်း ထိန်းသိမ်းရေးမူ (၁၃)အရ အောက်ပါအတိုင်း အရေးယူရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်းကိုလည်း သိရသည်။
၎င်းနေ့က တာဝန်ကျ ဒိုင်လူကြီး ဦးလှမင်းကို ဒိုင်လူကြီးများ၏ ကျင့်ဝတ်ကို ထိန်းသိမ်းစောင့်ရှောက်သည်းခံ ခွင့်လွှတ်ခဲ့ခြင်း အပေါ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ မှတ်တမ်းတင်အပ်ကြောင်းကိုလည်း အဆိုပါကော်မတီက ဆိုသည်။
"မြန်မာပြည်က အသိအမှတ်ပြုဒိုင်လူကြီး တစ်ဦးရဲ့သိက္ခာအတွက် ဒဏ်ငွေလေး၁၅သိန်းလောက်နဲ့  ပြီးသွားပြီလား, ရှက်ဖို့ ကောင်းလိုက်တာ, သူ့ ဘာသာခွင့်လွှတ်လွှတ် မလွှတ်လွှတ် အဖွဲ့ ချုပ်အနေနဲ့  ဒါမျိုးကိုထိရောက်စွာအရေးမယူရင် နောက်နောင် ဒီအမဲစက်ကြီးနဲ့  ကိုင်ပေါက်တာခံရနိုင်တယ်" ဟု မြန်မာဘောလုံးချစ်ပရိတ်သတ်တစ်ဦးကမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်ပတ်သက်၍  မှတ်ချက်ပြုပြေကြားထားသည်။
အဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့စဉ်က ဇွဲကပင်ယူနိုက်တက်အသင်းတာဝန်ရှိသူ ဦးလှဌေးက စိတ်လိုက်မာန်ပါ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊  ပါးရိုက်မှုနှင့်ပတ်သက်၍ မှတ်ချက်မပေးလိုကြောင်း၊  မြန်မာဒိုင်လူကြီးများအနေဖြင့် အသင်းကြီးများဘက်မှ ပါလေ့ ရှိကြောင်း၊ အသင်းငယ်လေးများအပေါ် နစ်နာစေသည့် ဆုံးဖြတ်ချက်များ ချမှတ်ခြင်းကြောင့် မိမိတို့အသင်း ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ကြောင်း အားကစားသတင်းဂျာနယ်တစ်စောင်သို့ ပြောကြားထားသည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကွင်းလယ်ဒိုင် ဦးလှမင်းမှ တစုံတရာ ပြောကြားထားခြင်းမျိုးမတွေ့ရပေ။
အဆိုပါကိစ္စတွင် ဒိုင်လူကြီးဘက်မှမကျေနပ်ပါက တရားရုံးတင်၍ တရားစွဲဆိုနိုင်ကြောင်းကိုလည်း ဥပဒေပညာရှင်တစ်ဦးက ယခု ကဲ့သို့ဆိုသည်။
လူတိုင်းမြင်တဲ့ကိစ္စတစ်ခုမှာ လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကျဆင်းစေတဲ့အတွက်  ရိုက်တဲ့ကိစ္စနဲ့ တရားစွဲမယ်ဆိုရင် ရာဇ၀တ် မှု ပုဒ်မ (၃၂၃)နဲ့ စွဲနိုင်ပါတယ်၊ ဒီအတိုင်းဆို ၁၅သိန်းနဲ့ ပါးရိုက်လို့ ရတယ်ဆိုတာမျိုးဖြစ်နေမယ် ဥပဒေပညာရှင် ဦးညီညီလှိုင်က ဆိုသည်။
အလားတူ ပါးရိုက်သည့်ကိစ္စမျိုးကို နာမည်ကြီးမင်းသမီးတစ်ဦးမှ သတင်းထောက်အမျိုးသမီးတစ်ဦးကိုလည်း ကျူးလွန်ခဲ့ဘူး သော်လည်း အဆိုပါအမှုအတွက် တရားရုံးမှကျူးလွန်သူ မင်းသမီးကို ဒဏ်ငွေ ပြစ်ဒဏ်ကျပ် တစ်ထောင်သာ ချမှတ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment