Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 19, 2014

စင်ကာပူ တက္ကသိုလ်များနှင့် ရန်ကုန်၊ မန္တလေးတက္ကသိုလ်တို့ကြား ဥပဒေသင်ကြားရေးဆိုင်ရာ ပူးပေါင်း


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၈

စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် ဥပဒေရေးရာ မဟာဌာနနှင့် စင်ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်၏ ဥပဒေ သင်တန်းကျောင်းတို့က ရန်ကုန်နှင့် မန္တလေးတက္ကသိုလ်တို့၏ ဥပဒေ ပညာဌာနများနှင့် သင်ကြားရေး ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ် ရေးထိုးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးက သတင်းထုတ်ပြန်လိုက်သည်။

အဆိုပါ စင်ကာပူ-မြန်မာတက္ကသိုလ်များ၏ ဥပဒေရေးရာ သင်ကြားရေး ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များ ရေးထိုးရန်အတွက် စင်ကာပူနိုင်ငံ ဥပဒေနှင့် ပညာရေးဆိုင်ရာ ဝန်ကြီး Indranee Rajah သည် ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ရောက်ရှိနေကြောင်း CNA သတင်းဌာနတွင် ဖော်ပြထားသည်။

ရန်ကုန်တက္ကသိုလ် ဥပဒေပညာဌာနနှင့် ဖေဖော်ဝါရီ ၁၈ ရက်နေ့၊ မန္တလေးတက္ကသိုလ် ဥပဒေပညာဌာနနှင့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တို့တွင် စင်ကာပူနိုင်ငံ အမျိုးသား တက္ကသိုလ် ဥပဒေရေးရာ မဟာဌာန ဌာနမှူး Simon Chesterman၊ စင်္ကာပူ စီမံခန့်ခွဲမှု တက္ကသိုလ်၏ ဥပဒေ သင်တန်းကျောင်း ပါမောက္ခ Yeo Tiong Min နှင့် ရန်ကုန် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်း၊ မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်စောပြုံးနိုင်တို့က လက်မှတ် ရေးထိုးကြမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံရုံးထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ စင်ကာပူ-မြန်မာ တက္ကသိုလ်များ ပူးပေါင်း ဆောင်ရွက်မှုသည် ယင်းတက္ကသိုလ်များအကြား ဥပဒေ ပညာရပ်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်ရန်၊ သင်ရိုးညွှန်းတမ်းများ ဖလှယ်မှု ပြုလုပ်ရန်၊ ကျောင်းသားများ အပြန်အလှန် သွားရောက် လေ့လာခွင့်ရရှိရန်၊ သုတေသနနှင့် ဥပဒေရေးရာ သင်ကြားနည်းများ အဆင့်မြှင့်တင်ရန်အတွက် ဖြစ်သည်ဟု စင်ကာပူနိုင်ငံ ဥပဒေရေးရာ ဝန်ကြီးဌာနက ထုတ်ပြန် ပြောကြားကြောင်း CNA သတင်းဌာနက ဖော်ပြသည်။

တက္ကသိုလ်များအကြား သဘောတူလက်မှတ် ရေးထိုးရန်အတွက် စင်ကာပူနိုင်ငံ ဥပဒေနှင့် ပညာရေးဆိုင်ရာ ဝန်ကြီး Indranee Rajah ၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ၊ ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာထွန်းရှင် အပါအဝင် သမ္မတ အကြီးတန်းအကြံပေး အရာရှိများနှင့် တွေ့ဆုံသွားမည် ဖြစ်ကြောင်း စင်္ကာပူနိုင်ငံ ဥပဒေနှင့် ပညာရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment