Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, February 4, 2014

ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းပြီး ၂ နှစ်အတွင်း ကုန်အမှတ်တံဆိပ် အားလုံး မူပိုင်ခွင့် ပြန်တင်ရန်လို

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မြန်မာနိုင်ငံ ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေများ ပြဋ္ဌာန်းပြီးပါက ၂ နှစ်အတွင်း ယခင် မှတ်ပုံတင်ထားပြီးသော ကုန်အမှတ် တံဆိပ်များ ပြန်လည်မှတ်ပုံတင်ရန် လိုအပ်ကြောင်း EU-Asean SME IPR Help Desk ၏ မြန်မာကျွမ်းကျင်ပညာရှင် ဦးမင်းတေဇညွန့်တင်က The Voice သို့ ပြောကြားသည်။

အဆိုပါ ဥပဒေသစ် ပြဋ္ဌာန်းပြီးပါက ပထမဦးဆုံး မှတ်ပုံတင်သူက ဦးစားပေးခံရမည် ဖြစ်သည့်အတွက် ပြည်တွင်းလုပ်ငန်းများ ကြိုတင်ပြင်ဆင်ရန် လိုပြီး ယင်းသို့ မှတ်ပုံတင်သည့် အချိန်တွင် အခြား ပြည်တွင်း၊ ပြည်ပ လုပ်ငန်းများ၏ ကန့်ကွက်မှုများလည်း ရှိနိုင်ကြောင်း ၄င်းက ပြောဆိုသည်။

"အရင်ဆုံး မှတ်ပုံတင်သူက အသာစီးရမယ် ဆိုပေမယ့် မှတ်ပုံတင်တဲ့ ကုန်အမှတ် တံဆိပ်ချင်း တူညီနေရင် Related Ground (ကုန်အမှတ်တံဆိပ်ကို မည်သည့်အချိန်က စတင်အသုံးပြုသည် ဆိုသော အထောက်အထားများ) ရှိသူကို မှတ်ပုံတင်ခွင့်ပြုဖို့ တာဝန်ရှိသူ တွေက ဆုံးဖြတ်ကောင်း ဆုံးဖြတ်နိုင် ပါတယ်" ဟု ၄င်းကရှင်းပြသည်။

ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေသည် မြန်မာနိုင်ငံအတွက် အလွန်အရေးကြီးသည့် ဥပဒေတစ်ခု ဖြစ်သည့်အပြင် ကဏ္ဍ အသီးသီးတွင် တီထွင်ဆန်းသစ်မှုများ ပိုမိုဖြစ် ပေါ်လာစေရန် အားပေးသည့် ဥပဒေတစ်ခုလည်း ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေး က ပြောကြားသည်။
"ဒီဥပဒေ မရှိသေးတဲ့အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ တွေက ဒီကိုလာဖို့ စိုးရိမ်တယ်။ စောင့်ကြည့်နေကြတယ်" ဟု ၄င်းကဆိုသည်။

စီးပွားရေးဖွံ့ဖြိုးပြီး နိုင်ငံများသို့ တင်ပို့နေသော ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထုတ်ကုန်များကို အထူးအခွန် သက်သာခွင့် (GSP) ပေးလေ့ရှိပြီး မြန်မာနိုင်ငံသည် ဥရောပသမဂ္ဂ အပါအဝင် နိုင်ငံတချို့၏ GSP ကို ရရှိထားသော်လည်း အမေရိကန် ပြည်ထောင်စု၏ GSP ကိုမူ ရရှိခြင်း မရှိသေးကြောင်း ၄င်းကဆိုသည်။

"အမေရိကန်ရဲ့ GSP ကို မြန်မာ မရသေးတာက US မှာရှိတဲ့ အဖွဲ့အစည်းကြီး နှစ်ခုက ကန့်ကွက်စာ တင်ထားတယ်လို့ ကြားတယ်။ မြန်မာနိုင်ငံမှာ ဒီဥပဒေ (ဉာဏပစ္စည်း မူပိုင်ခွင့်ဥပဒေများ) မရှိသေးတဲ့ အတွက် သူတို့ရဲ့ လုပ်ငန်းတွေကို ထိခိုက်နိုင်တယ် ဆိုပြီး ကန့်ကွက်ထားတာ ရှိတယ်" ဟု ဦးမင်းတေဇညွန့်တင်က ဆိုသည်။

အဆိုပါဥပဒေ မြန်မြန်ဆန်ဆန် ထွက်ရှိလာပါက မြန်မာနိုင်ငံ၏ ပညာရေးကဏ္ဍတွင် အခက်အခဲ ရှိလာနိုင်ကြောင်း UMFCCI မှ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ဌာန ဒုတိယအမှုဆောင် အရာရှိ ဒေါ်ဇာဇာတင်ထွဋ်က မှတ်ချက်ပေးသည်။

လက်ရှိ ပညာရေးကဏ္ဍတွင် အရေးကြီးသော အကိုးအကား စာအုပ်များ၊ စာရွက်စာတမ်း များကို အလွယ်တကူ ရယူနိုင်သော်လည်း အဆိုပါဥပဒေ ပေါ်ထွက်လာပါက ပညာရပ်ဆိုင်ရာ စာအုပ်၊ စာရွက်စာတမ်း၊ အကိုးအကားတို့ကို အလွယ်တကူ မရနိုင်တော့သည့်အတွက် အခက်အခဲများ ဖြစ်လာနိုင်ကြောင်း ၄င်းကဆိုသည်။

မြန်မာနိုင်ငံ ဉာဏပစ္စည်း မူပိုင်ခွင့် ဥပဒေများကို ယခုနှစ် ဇူလိုင်လတွင် ပြဋ္ဌာန်းနိုင်ရန် မျှော်မှန်းထားပြီး အဆိုပါဥပဒေတွင် ကုန်အမှတ်တံဆိပ် ဥပဒေ၊ စက်မှုဒီဇိုင်း ဥပဒေ၊ တီထွင်မှု မူပိုင်ခွင့်နှင့် စာပေနှင့် အနုပညာ မူပိုင်ခွင့်ဥပဒေတို့ ပါဝင်မည်ဖြစ်ကြောင်း ဦးမင်းတေဇညွန့်တင်က ပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment