Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, February 24, 2014

ယင်းလပ် ဆန့်ကျင်ရေး ဆန္ဒပြသူများကို သေနတ်သမားများ ဝင်ရောက် ပစ်ခတ်၊ တိုက်ခိုက်မှုများ အတွက် ထိုင်းအစိုးရ တာဝန်ယူ ဖြေရှင်းရန် အတိုက်အခံတို့ တောင်းဆို


ဘန်ကောက်၊ ဖေဖော်ဝါရီ ၂၃

ထိုင်းနိုင်ငံ အရှေ့ပိုင်းတွင် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများကို သေနတ်သမားများ ဝင်ရောက် ပစ်ခတ်ရာ လူတစ်ဦး သေဆုံးပြီး ဒါဇင်နှင့် ချီ၍ ဒဏ်ရာ ရရှိခဲ့ရာ အတိုက်အခံ အဖွဲ့ဖြစ်သော ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင် ပြောင်းလဲရေး ကော်မတီ PDRC က ယင်းဖြစ်ရပ်တွင် ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်၏ အစိုးရ၌သာ တာဝန်ရှိသောကြောင့် မဖြစ်မနေ ဖြေရှင်းပေးရန် တောင်းဆိုလိုက်ကြောင်း ထိုင်းမီဒီယာများနှင့် နိုင်ငံခြား သတင်းဌာနများက ရေးသား ဖော်ပြသည်။

ထိုင်းနိုင်ငံ အရှေ့ပိုင်း ထရက်မြို့တွင် ဆန္ဒပြနေကြသည့် အစိုးရ ဆန့်ကျင်ရေး အင်အားစုများကို စနေနေ့ ညက သေနတ်သမားများ ဝင်ရောက် ပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦး သေဆုံးပြီး လူ ၃၀ ကျော်ခန့် ဒဏ်ရာ ရရှိသွားသည်ဟု Bangkok Post သတင်းစာက ဖော်ပြသည်။

ထိုင်းပြည်တွင်း သတင်း ဌာနများ၏ ရေးသား ဖော်ပြချက်အရ ထရက်မြို့ရှိ ပြည်သူ့ ဒီမိုကရက်တစ် ပြုပြင် ပြောင်းလဲရေး ကော်မတီ၏ ဆန္ဒပြ သပိတ်စခန်း ရှိရာသို့ သေနတ်သမားများက ထရပ်ကား နှစ်စီးဖြင့် ရောက်ရှိလာပြီး ပေါက်ကွဲစေသည့် ပစ္စည်းများ၊ သေနတ်များဖြင့် ပစ်ခတ် သွားကြခြင်း ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်သည် မြို့တော် ဘန်ကောက်၌ ရဲတပ်ဖွဲ့ဝင်များက ဆန္ဒပြ အင်အားစုများ၏ သပိတ် စခန်းကြီးများကို စတင် ရှင်းလင်းရာမှ ပဋိပက္ခဖြစ်ကာ လူသေဆုံးမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ထပ်မံ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

“ဒီတိုက်ခိုက်မှုကို PDRC နဲ့ သဘောထားချင်း မတူညီတဲ့ လူတွေက လုပ်ဆောင်သွားတာ ဖြစ်ပါတယ်။ အမ် ၁၆ သေနတ်တွေနဲ့ လက်ပစ်ဗုံးတွေ အသုံးပြုပြီး စနစ်တကျ တိုက်ခိုက် သွားတာကို ကြည့်မယ်ဆိုရင် ဘယ်သူ လုပ်တာလဲ ဆိုတာ ရှင်းပါတယ်” ဟု PDRC မှ ပြောရေးဆိုခွင့် ရှိသူ အခန်နက် ပရော်ပန်က ပြောကြားသည်။

“အစိုးရ အနေနဲ့ အဲဒီလို တိုက်ခိုက်မှုတွေ အတွက် တာဝန် ယူရတော့မယ့် အချိန်ကို ရောက်နေပါပြီ။ ယခုလို ကျွန်တော်တို့ရဲ့ ဆန္ဒပြ သပိတ် စခန်းတွေမှာ တိုက်ခိုက်မှုတွေ ဆက်ဖြစ် နေတာဟာ ဘာကြောင့်လဲ ဆိုရင် အစိုးရက အဲဒီ တိုက်ခိုက်မှုတွေ မဖြစ်ပေါ်လာအောင် မကာကွယ်၊ မဟန့်တား ပေးလို့ပဲ ဖြစ်တယ်။ ယခင် အကြမ်းဖက်မှုတွေ အတွက် တာဝန်ရှိတဲ့ သူတွေကိုလည်း ဖော်ထုတ် ပေးနိုင်တာမျိုး မရှိပါဘူး” ဟု ၎င်းက ဆန္ဒပြသူများ အပေါ် ပစ်ခတ် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ အိမ်စောင့် အစိုးရကို တည့်တိုး စွပ်စွဲ ပြောဆိုသည်။

PDRC မှ တာဝန်ရှိသူ တစ်ဦး၏ အဆိုအရ အတိုက်အခံ ခေါင်းဆောင် တစ်ဦး၏ မိန့်ခွန်း ပြောကြားမှုကို ဆန္ဒပြ အင်အားစု ၂၀၀၀ ခန့် နားထောင် နေကြစဉ် အချိန်တွင် သေနတ်သမားများ ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ဤအတော အတွင်းမှာပင် ဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နှင့် အစိုးရအဖွဲ့ကို ထောက်ခံသော နိုင်ငံရေး အင်အားစုများက မြို့တော် ဘန်ကောက်ကို ယိုင်နဲ့သွားအောင် လုပ်ဆောင်လျက် ရှိသည့် အစိုးရ ဆန့်ကျင်ရေး အင်အားစုများကို ခပ်ကြမ်းကြမ်း ကိုင်တွယ် ဖြေရှင်းသွားမည်ဟု သဘောထား ထုတ်ပြန်လိုက်ရာ ရက်ပိုင်းအတွင်း ပဋိပက္ခများ ပိုမို များပြားလာဖွယ် ရှိသည်။

No comments:

Post a Comment