Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 14, 2014

ပန်းတောင်းမြို့နယ်တရားသူကြီးအား အဂတိလိုက်စားသည်ဟုဆိုကာ အမျိုးသမီးတစ်ဦး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်



ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပန်းတောင်းမြို့တွင် နံနက် ၁၁ နာရီတွင် မြို့နယ်တရားသူကြီး အဂတိလိုက်စားပြီး အမှုအနိုင်ပေးသည်ဟူသော အမျိုးသမီးတစ်ဦး ဗီနိုင်းကိုင်ဆောင်ပြီး ပန်းတောင်းမြို့နယ်တရားရုံးရှေ့တွင် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

အဆိုပါအမျိုးသမီးမှာ ၃၀ ကျပ်တိုးနှင့် ငွေတိုးချေးခဲ့သူဖြစ်ပြီး ငွေကြေးနှင့်သက်ဆိုင်သည့် တရားမမှုတွင် ၎င်းနေအိမ်ကို တရားရုံးမှ ၀ရမ်းကပ်လေလံပစ်ခဲ့ပြီး အရစ်ကျဆပ်မည်ဟု ပြောဆိုခဲ့သော်လည်း လက်မခံဘဲ ငွေတိုးချေးစားသူဘက်မှ အဂတိလိုက်စားခဲ့သည့် တရားသူကြီးနှင့် တရားရုံးစာရေးကို အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

“ကျွန်မရဲ့ခံစားချက်ကို နိုင်ငံတော်သမ္မတ သိအောင်တင်ပြတာပါ။ ကျွန်မဘ၀နဲ့ အသက်အိုးအိမ်ဖြစ်တဲ့ အမွေဆိုင်နေအိမ်ကို တရားသူကြီး ဒေါ်နန်းမေယဉ်က ၀ရမ်းကပ်လေလံပစ်တာပါ။ အတိုးနဲ့ ချေးခဲ့တဲ့ငွေကို အရစ်ကျပြန်ဆပ်မယ်ဆိုတာ လက်မခံဘဲ သိန်း ၉၀၀ တန် နေအိမ်ကို ၂၂၅ သိန်းနဲ့ လေလံပစ်တာပါ။ ကျွန်မလို မုဆိုးမတစ်ဦးအတွက် ဘယ်သူ့ကိုမှ အားကိုးစရာမရှိတော့လို့ ဒီလိုဆန္ဒပြရတာပါ”ဟု ငွေကြေးနှင့်ပတ်သက်သည့် တရားမမှုနှင့်ပတ်သက်ပြီး ဆန္ဒပြသူ ဒေါ်တင်တင်ဦးက ပြောဆိုသွားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ပန်းတောင်းမြို့နယ်တရားသူကြီးကို မေးမြန်းရာတွင်လည်း “ကျွန်မတို့အနေနဲ့ ပြောခွင့်မရှိဘူး။ ဥပဒေကိုပဲ ပြောလို့ရမယ်။ ကျန်တဲ့ကိစ္စတွေက ပြောခွင့်မရှိဘူး။ အမှုကလည်း
စစ်ဆေးတုန်းပဲ ရှိတယ်လေ။ On Paper အရပဲ ပြောခွင့်ရှိတယ်။ ၀န်ထမ်းစည်းမျဉ်းစည်းကမ်းကို လိုက်နာရတယ်။ တရားသူကြီးကျင့်ဝတ်ကိုလည်း လိုက်နာရတယ်။ ဒီကိစ္စကို ဘာမှမှတ်ချက်မပေးလိုပါဘူး”ဟုသာ ပြန်လည်ဖြေဆိုသွားသည်။

ယင်းတစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ပွဲသို့ သက်ဆိုင်ရာအာဏာပိုင်များက ဥပဒေအရလုပ်ရန် တားမြစ်သွားပြီး ယခုလိုခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်သည့်အတွက် ပုဒ်မ(၁၈) ဖြင့် အရေးယူမည်ဖြစ်ကြောင်း ပန်းတောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးဦးမြင့်ဆွေက ဆိုသည်။

အဆိုပါနေ့ နံနက်ပိုင်းကလည်း ရွှေတောင်မြို့တွင် ဗိုလ်ချုပ်မွေးနေ့ကို ဂုဏ်ပြုသည့်အတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် အမျိုးသားတစ်ဦး တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

(မြို့နယ်တရားရုံးရှေ့တွင် တစ်ကိုယ်တော်ဆန္ဒထုတ်ဖော်နေသော ဒေါ်တင်တင်ဦးကို တွေ့ရစဉ်)
Eleven Media Group

No comments:

Post a Comment