Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 16, 2014

သင်္ချာဂဏန်းများကပြောသောသမိုင်း

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjckYkmGPBd2DgRyj00LIckTIBkOFWPuq2YInRp8kFGuZu9PP3HrEF8dzNx6NWurYaP0HKc8fh9mvoGSwgGd_SOyQSjzED-exh68_keu4HlqtInWTLzoZwnk6NLbXvoY3izJBIeh1hJlZ4/s400/Arakan+Coin+Silver.jpg
မြန်မာတို့၏ လူနေမှုအဆင့်အတန်းသည် သမိုင်းစဉ်တစ်လျှောက် အစဉ်မြင့်မားခဲ့သည်။ စာပေ၊ အနု ပညာ၊ ဝိဇ္ဇာသိပ္ပံပညာများ ဖွံ့ဖြိုးခဲ့သည်။
မြန်မာလူမျိုးတို့သည် ကုန်စည်ကူးသန်းရောင်းဝယ်ရာတွင် အလေး၊ တင်းတောင်းများကို အသုံးပြုကာ ချိန်တွယ်၊ ခြင်တွယ်ခဲ့ကြသည်။ ခြင်ဝန်များကို လဖြူ၊ လမယ်၊ စလယ်၊ ခွက်၊ ပြည်၊ စိတ်၊ ခွဲ၊ တင်းနှင့် ချိန်ဝန်များကို နှမ်း၊ ဆန်၊ ရွေး၊ ပဲ၊ မူး၊ မတ်၊ ကျပ်၊ ပိုလ်၊ ပိဿာ၊ ဆွဲစသည့်မြန်မာ့အလေးချိန်စနစ်ဖြင့် ခြင်ခဲ့၊ ချိန်ခဲ့ကြသည်။
အရာဝတ္ထုပစ္စည်းများ နေရာအကွာအဝေးများကို နှမ်း၊ မုယော၊ လက်သစ်၊ မိုက်၊ တောင်၊ တာ၊ ဥဿာ၊ ကောသ၊ ဂါဝုတ်၊ ယူဇနာစသည့်မြန်မာ့အတိုင်းအတာစနစ်ဖြင့် တိုင်းတာခဲ့ကြသည်။
အချိန်နာရီများကိုလည်း မှိတ်၊ ခဏ၊ လယ၊ ခရာ (မုဟုတ်)၊ ပြန်၊ ဗီဇနာ၊ ပါဒ်၊ နာရီ၊ ရက်၊ လ၊ နှစ်စ သည့် မြန်မာ့အချိန်အတိုင်းအတာစနစ်ဖြင့် အချိန်ကာလသတ်မှတ် အသုံးပြုခဲ့ကြသည်။
ထိုကဲ့သို့ အသုံးပြုခဲ့ကြသည့် မြန်မာ့အလေးချိန် အခြင်အတွယ်များကိုလည်းကောင်း၊ မြန်မာ့အတိုင်း အတာများကိုလည်းကောင်း၊ မြန်မာ့အချိန်ကာလများကိုလည်းကောင်း သတ်မှတ်ခေါ်ဝေါ်ကြရာတွင် မြန်မာ့ရိုးရာ ကိန်းဂဏန်းသင်္ချာများကို အသုံးပြုခဲ့သည်။
ထို့ပြင် မြန်မာ့ရိုးရာယဉ်ကျေးမှု ထုံးတမ်းစဉ်လာအရ နံသင့်နေ့ရက်၊ နံသင့်ဂဏန်း၊ နံသင့်အက္ခရာများ ကိုအသုံးပြုကာ အမည်ပေးကင်ပွန်းတပ်ခြင်းများတွင်လည်း အသုံးပြုကြသည်။
တိုင်း၊ နိုင်ငံ၊ မြို့ရွာဒေသ၊ အဖွဲ့အစည်းများ၏ သမိုင်းအဖြစ်အပျက် ထူးခြားမှုဖြစ်စဉ်များကိုလည်း နံသင့်ဂဏန်း၊ နံသင့်အက္ခရာများကို အသုံးပြုကာ မှတ်သားလေ့ရှိကြပေသည်။
နံသင့်အက္ခရာ၊ နံသင့်ဂဏန်းသင်္ချာနည်းဖြင့် မှတ်သားခြင်းဖြင့် ခုနှစ်သက္ကရာဇ်၊ ကိန်းဂဏန်းများကို လည်းကောင်း၊ သမိုင်းအဖြစ်အပျက်များကိုလည်းကောင်း လွယ်လွယ်ကူကူ မှတ်သားနိုင်လေသည်။
ကုန်းဘောင်နိုင်ငံတော်၏ သမိုင်းဖြစ်စဉ်များကို နံသင့်အက္ခရာ၊ နံသင့်ဂဏန်းသင်္ချာနည်းဖြင့် လေ့လာ သုတေသနပြုနိုင်ပေသည်။
ဗညားဒလ (ဦးအောင်လှ) သည်မြန်မာသက္ကရာဇ် ၁၁၁၃၊ နှောင်းတန်ခူးလဆန်း ၈ ရက်၊ ဗုဒ္ဓဟူးနေ့၊ ခရစ်နှစ် (၂၂-၃-၁၇၅၂) ခုနှစ် အင်းဝကိုသိမ်း၍ မဟာဓမ္မရာဇာဓိပတိကို ဟံသာဝတီသို့ ခေါ်ဆောင် သွားခဲ့သည်။ ဤသို့ဖြင့်အင်းဝပြည်ကြီး ပျက်စီးခဲ့ရသည်။ မွန်တို့ဘဏ္ဍာတော်များကိုသိမ်းယူ၊ မင်းနှင့် တကွ အဆင့်အတန်းမြင့်သူတို့ကို ဟံသာဝတီသို့ပို့၊ ရွှေနန်းတော်မှစ၍ အဆောက်အအုံကောင်းမှန်သ ရွေ့မီးတိုက်၊ အင်းဝနေပြည်တော် ပျက်စီးခဲ့ရသော မြန်မာသက္ကရာဇ် ၁၁၁၃ ကို အာဣဥစော နန်းက လျှော (ဥသြဥစော နန်းကလျှော) ဟုမှတ်သားခဲ့သည်။
မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျသည် အင်းဝမကျဆုံးမီ အချိန်ကပင် မိမိဒေသလုံခြုံရေးနှင့် စည်းရုံးရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည်။ မုဆိုးဘိုရွာနှင့်ဝန်းကျင် ၄၆ ရွာကို စုစည်းခဲ့သည်။ မုဆိုးဘိုရွာ၌ ထန်းလုံခံတပ်မြို့ကို အခိုင်အမာတည်ဆောက်သည်။ ကျုံးမြောင်းများကို တူးထားစေ သည်။ ပျိုရွယ်သူအားလုံးကို စစ်အတတ်ပညာသင်ကြားပေးသည်။ ထန်းလုံတပ်အပြင်ဘက်အနီးအ နားရှိ ဆည်၊ ကန်၊ ရေတွင်းစသည့်နေရာများ၊ စားနပ်ရိက္ခာထားနိုင်သော အဆောက်အအုံများ၊ လူခို အောင်းနားနေနိုင်သော အိမ်၊ ယာများအားလုံးကို ရန်သူများအသုံးမပြုနိုင်ရန် ဖျက်ဆီးပစ်စေသည်။
သစ္စာရေတိုက်ရန်လာသော ဟံသာဝတီတပ်နှင့် ကွေ့တပ်များကို အောင်နိုင်သူထံမှသာ သစ္စာခံမည် ဟုပရိယာယ်သုံးခဲ့သည်။ သစ္စာရေတိုက်ရန် အကြိမ်ကြိမ်လာရောက်ကြသော ရန်သူတပ်များကို ပြောက်ကျားနည်းဖြင့် တိုက်ခိုက်ချေမှုန်းနိုင်ခဲ့သည်။ ဦးအောင်ဇေယျသည် မုဆိုးဘိုကိုရတနာသိင်္ဃဟု သမုတ်၍ အလောင်းမင်းတရား (၁၇၅၂-၁၇၆၀) ဘွဲ့ဖြင့်မင်းပြုခဲ့သည်။ မင်းပြုခဲ့သော မြန်မာသက္ကရာဇ် ၁၁၁၄ ကို ဥသြဥသာကုန်းဘောင် လောင်းရာဇာ (ဥသြအော်လာ၊ ကုန်းဘောင်ရာဇာ) ဟုမှတ်သားခဲ့ သည်။
အလောင်းမင်းတရားကြီးသည် (၁) ရတနာသိင်္ဃမြို့တော်၊ (၂) ရွှေပုံရတနာမင်္ဂလာနန်းတော်၊ (၃) ဗဟိုရ်စင်တော်၊ (၄) နတ်ကွန်းတော်၊ (၅) ရွှေချက်သိုစေတီတော်၊ (၆) ကျုံးတော်၊ (၇) မဟာနန္ဒာကန် တော်တို့ကို တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပန္နက်တင်တော်မူခဲ့သည်။ မြန်မာသက္ကရာဇ် ၁၁၁၅၊ ပထမ ဝါဆိုလဆုတ် ၆၊ ကြာသပတေး၊ ခရစ်နှစ် (၂၁-၆-၁၇၅၃) မင်းတရားကြီး နေပြည်တော်ကိုစ၍တည် သော မြန်မာသက္ကရာဇ် ၁၁၁၅ ကိုဥသြအော်မည်၊ ကုန်းဘောင်တည်ဟုမှတ်သားခဲ့သည်။
အလောင်းမင်းတရား နတ်ပြည်စံသောအခါ သားတော်ကြီးနောင်တော်ကြီး (ဒီပဲယင်းမင်း) (၁၇၆၀-၁၇၆၃) နန်းတက်သည်။ နောင်တော်ကြီးကို စစ်ကိုင်းမြို့တည်မင်းဟုလည်း ခေါ်သည်။ ထီးနန်းဆက်ခံ ပြီးနောက် ပုန်ကန်မှုအရေးအခင်းများကို နှိမ်နင်းရသည်။ တရုတ်-မြန်မာနယ်စပ်ရှိ ကျိုင်းရုံးကြီးနယ်ကို လည်း အာဏာစက်ပျံ့ခဲ့သည်။ အင်္ဂလိပ်တို့ကို ရန်ကုန်နှင့်ပုသိမ်၌ ကုန်တိုက်ဖွင့်ပေးခဲ့သည်။ မြန်မာ သက္ကရာဇ် ၁၁၂၅၊ နတ်တော်လဆုတ် ၃၊ အင်္ဂါ၊ ခရစ်နှစ် (၂၂-၁၁-၁၇၆၃) တွင်နောင်တော်ကြီး (ဒီပဲ ယင်းမင်းတရားကြီး) နတ်ရွာစံသည်။ နောင်တော်ကြီး (ဒီပဲယင်းမင်း) ရွှေထီးရွှေနန်းကို သိမ်းမြန်းစိုး အုပ်ခဲ့သော မြန်မာသက္ကရာဇ် ၁၁၂၂ ခု၊ နယုန်လဆုတ် ၉၊ စနေ၊ ခရစ်နှစ် (၇-၆-၁၇၆၀) ကု အတာကံ့ ကော်၊ သားဦးစစ်ကိုင်းပျော်ဟု မှတ်သားခဲ့သည်။
နောင်တော်ကြီး (ဒီပဲယင်းမင်း) လွန်သော်ညီတော်ဆင်ဖြူရှင် (မြေဒူးမင်း) (၁၇၆၃-၁၇၇၆) ကဆက်ခံ သည်။ မြန်မာသက္ကရာဇ် ၁၁၂၅ နှောင်းတန်ခူးလဆန်း ၂၊ စနေ၊ ခရစ်နှစ် (၃-၃-၁၇၆၄) တွင် မင်းလှ နော်ရထာကြီးမှူး၍ ရတနာပူရ အင်းဝမြို့တော်ကိုစ၍ တည်လုပ်ရသည်။ ဇင်းမယ်သားတို့ထကြွ၍ တိုက်ခိုက်နှိမ်နင်းရသည်။ မဏိပူရကသည်းစော်ဘွားက တော်လှန်ရန်ကြိုးစားသဖြင့် ကိုယ်တော်တိုင် ချီတက်တိုက်ခိုက်ခဲ့သည်။ ယိုးဒယားကို ချီတက်တိုက်ခိုက်ရာ အောင်မြင်သည်။ မန်ချူးတရုတ်တို့၏ အကြိမ်ကြိမ် ကျူးကျော်မှုကိုလည်း အောင်မြင်စွာတွန်းလှန်နိုင်ခဲ့သည်။ မြန်မာသက္ကရာဇ် ၁၁၃၈၊ နယုန်လဆုတ် ၁၀၊ တနင်္လာ၊ ခရစ်နှစ် (၁၁-၆-၁၇၇၆) တွင်ဆင်ဖြူရှင်မင်းတရားကြီး ထီးနန်းဆက်ခံခဲ့ သောမြန်မာသက္ကရာဇ် ၁၁၂၅၊ နတ်တော်လဆုတ် ၄၊ ဗုဒ္ဓဟူး၊ ခရစ်နှစ် (၂၃-၁၁-၁၇၆၃) ကို အံ့အော် ကြာဖြူသားလတ်ရွှေနန်းယူ ဟုမှတ်သားခဲ့သည်။
ဆင်ဖြူရှင်(မြေဒူးမင်း) နတ်ရွာစံသောအခါ သားတော်စဥ့်ကူးမင်း (၁၇၇၆-၁၇၈၂) ထီးနန်းဆက်ခံ သည်။ အလောင်းမင်းတရား၏ သားတော်များက မကျေနပ်ကြပေ။ စဥ့်ကူးမင်းလည်း ဘထွေးတော် များ၏ အစီးအနင်း၊ အဆောင်အယောင်တို့ကို ရုပ်သိမ်းခဲ့သည်။ စဥ့်ကူးမင်း အညာသီဟတောသို့ ဘုရားဖူးထွက်စဉ်နောင်တော်ကြီး (ဒီပဲယင်းမင်း) ၏သားတော် ဖောင်းကားစားမောင်မောင်က ထီးနန်း လုခဲ့သည်။ ဆင်ဖြူရှင်မင်းတရား သားတော်စဥ့်ကူးသခင် မင်းရဲလှရွှေထီးရွှေနန်းတက်သိမ်း စိုးစံခဲ့ သော မြန်မာသက္ကရာဇ် ၁၁၃၈၊ နယုန်လဆုတ် ၁၀၊ တနင်္လာ၊ ခရစ်နှစ် (၁၁-၆-၁၇၇၆) ကိုဥဦဇေယာ၊ ငါးထပ်ဒါယကာ ဟုမှတ်သားခဲ့သည်။
ဖောင်းကားစားမောင်မောင် (၁၇၈၂) ကိုအလောင်းမင်းတရား၏သားတော် ဗဒုံမြို့စားဘိုးတော်က မှူးမတ်များနှင့် ပူးပေါင်းလုပ်ကြံပြီး ထီးနန်းကိုသိမ်းယူခဲ့သည်။ ဖောင်းကားစားသည် ခုနှစ်ရက်သာ ထီးနန်းစံခဲ့ရသည်။ မင်းဧကရာဇ်ဟုညာ၍ မြို့နှင့်နန်းတော်သို့ဝင်ခဲ့သော မြန်မာသက္ကရာဇ် ၁၁၄၃၊ တပို့ တွဲလဆုတ် ၈၊ အင်္ဂါ၊ ခရစ်နှစ် (၅-၂-၁၇၈၂) တွင်ဗဒုံမင်းသားနန်းတော်ကို တိုက်ခိုက်၊ နန်းတော်ကို သိမ်းရ၊ ဖောင်းကားစားကို နန်းတော်မှာပင်ဖမ်းမိ၊ ဖောင်းကားကစားကို ထုံးစံနှင့်အညီ စီရင်သောမြန် မာသက္ကရာဇ် ၁၁၄၃၊ တပို့တွဲလဆုတ် ၁၄၊ တနင်္လာ၊ ခရစ်နှစ် (၁၁-၂-၁၇၈၂) ကို ဧဧလှိုင်စွာ၊ ဇီငှါမင်း ဖောင်းကားဟုမှတ်သားခဲ့သည်။
ဖောင်းကားစားမောင်မောင် ခုနှစ်ရက်သာ ထီးနန်းစိုးစံပြီးနောက် ဘိုးတော် (ဗဒုံမင်း) (၁၇၈၂-၁၈၁၉) ထီးနန်းဆက်ခံသည်။ မြို့တော်ကို အင်းဝမှအမရပူရသို့ ပြောင်းရွှေ့ခဲ့သည်။ ပုန်ကန်မှုများကို နှိမ်နင်း ခဲ့ရသည်။ အုပ်ချုပ်ရေး၊ စီးပွားရေးလစ်ဟင်းမှုများကို ပြုပြင်သည်။ ၁၇၈၄ နှင့် ၁၈၀၃ ခုနှစ်တွင် နိုင်ငံ၏ လူဦးရေနှင့် စီးပွားရေးအခြေအနေတို့ကို သိရှိရန်စစ်တမ်းများ ကောက်ယူခဲ့သည်။ ဘိုးတော် (ဗဒုံမင်း) မြန်မာသက္ကရာဇ် ၁၁၈၀၊ နယုန်လဆန်း ၁၃၊ စနေ၊ ခရစ်နှစ် (၅-၆-၁၈၁၉) တွင်နတ်ပြည်ပြောင်းစံခဲ့ သည်။ မြေးတော်ဘကြီးတော်မင်း (၁၈၁၉-၁၈၃၇) ထီးနန်းဆက်ခံသည်။ ဘိုးတော် (ဗဒုံမင်း) ရွှေထီး၊ ရွှေနန်းတိုင်းကား နိုင်ငံကိုသိမ်းမြန်းစိုးအုပ်ခဲ့သော မြန်မာသက္ကရာဇ် ၁၁၄၃၊ တပို့တွဲလဆုတ် ၄၊ တနင်္လာ၊ ခရစ်နှစ် (၁၁-၂-၁၇၈၂) ကို ရက်ကားသတ္တ၊ ရောက်လက အမရပြည်ကြီးပိုင် ဟုမှတ်သားခဲ့ သည်။
ဘိုးတော် (ဗဒုံမင်း) (၁၇၈၂-၁၈၁၉) နန်းတက်ပြီးနောက် အင်းဝနေပြည်တော်၌ စိုးစံတော်မူသည်။ မြန်မာသက္ကရာဇ် ၁၁၄၄၊ တပို့တွဲလဆန်း ၁၂၊ အင်္ဂါ၊ ခရစ်နှစ် (၁၄-၁-၁၇၈၃) တွင် မြို့တော်စသည် ခုနှစ်ဌာနကို တစ်ပြိုင်နက်တစ်ချက်တည်း တည်လုပ်ရသည်။
ထိုအခါနှင့် တစ်ချိန်တည်းပြဿဒ်တော်စသည်ကို နေ့ကျော်သားတို့စ၍ ထုလုပ်ရသည်။ မြို့တော်လေး မျက်နှာ ၁၂ တံခါး၊ ပြ ၃၅ များကို တစ်ပြိုင်တည်း စလုပ်ရသည်။ မြန်မာသက္ကရာဇ် ၁၁၄၅ နယုန်လ ဆန်း ၁၂၊ တနင်္လာ၊ ခရစ်နှစ် (၁၂-၅-၁၇၈၃) တွင် ဆရာတော်ကြီးလေးပါးကြပ်မတ်လိုက်ပါသော ပိဋကတ်တင် ရွှေဖောင်တော်ကို ရှေ့ကထား၍ မင်းတရားကြီးရတနာပူရ အင်းဝရွှေမြို့တော်က အမရ ပူရရွှေမြို့တော်သို့ ပြောင်းချီတော်မူသည်။ အမရပူရမြို့သစ်တည်တော်မူခဲ့သော မြန်မာသက္ကရာဇ် ၁၁၄၄ ကို အင်းအိုင်ဝိုက်လည် မြို့ကြီးတည်၊ မြို့မည်အမရ၊ သာမောလှ ဟုမှတ်သားခဲ့သည်။
ဘကြီးတော် (စစ်ကိုင်းမင်း) (၁၈၁၉-၁၈၃၇)၊ သာယာဝတီမင်း (ရွှေဘိုမင်း) (၁၈၃၇-၁၈၄၆)၊ ပုဂံမင်း (၁၈၄၆-၁၈၅၃) တို့ ထီးနန်းကို ဆက်ခံစိုးစံခဲ့ကြသည်။
ပုဂံမင်း (၁၈၄၆-၁၈၅၃) ကိုညီတော်မင်းတုန်းမင်းသားနှင့် ကနောင်မင်းသား တော်လှန်ပုန်ကန်ခဲ့ကြ သည်။ မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) သည်နောင်တော်ပုဂံမင်းထံမှ ထီးနန်းသိမ်းပိုက်ခဲ့သည်။ မင်း တုန်းမင်းသည် နောင်တော်ပုဂံမင်းကို စည်းစိမ်နှင့်တကွ ကျွေးမွေးစောင့်ရှောက်ထားသည်။ ပုဂံမင်း သည် တူတော်သီပေါမင်းလက်ထက် ခရစ်နှစ် ၁၈၈၀ တွင်ကွယ်လွန်သည်။
မြန်မာသက္ကရာဇ် ၁၂၁၈၊ ပြာသိုလဆုတ် ၄၊ အင်္ဂါ၊ ခရစ်နှစ် (၁၃-၁-၁၈၅၇) တွင် မန္တလေးအရပ်၌ မြို့နန်းတည်ထောင်စံနေတော်မူမည်။ မြို့တော်၊ နန်းတော်မှစ၍ အရပ်ရပ်အလုပ်အဆောင်များမှာ ပြည်သူဆင်းရဲသားတို့အား အခန့်အထားမရှိစေနှင့်။ ငွေတော်ပေး၍ လုပ်ဆောင်စေအမိန့်တော် ထုတ် ပြန်ခဲ့သည်။ ၎င်းနှစ်တပို့တွဲလဆန်း ၈၊ တနင်္ဂနွေ၊ ခရစ်နှစ် (၁-၂-၁၈၅၇) ရွှေမြို့တော်ကြီးတည်ရန် တောခုတ်ထွင်သန့်ရှင်းစေခဲ့သည်။
မြန်မာသက္ကရာဇ် ၁၂၂၁၊ ကဆုန်လဆန်း ၁၄၊ တနင်္ဂနွေ၊ ခရစ်နှစ် (၁၅-၅-၁၈၅၉) တွင်ရွှေမြို့တော် လေးထောင့်မှာ အုတ်အင်္ဂတေ အသေအချာလုပ်ဆောင်ပြီးစေလျှင် ဆီ ၁၂၀ ကိုထည့်သွင်း၍ မြဲမြဲခိုင်ခံ့ အောင် ဖုံးပိတ်ပြီးမတိမ်းမယိမ်းစေရ။ တည့်မတ်စွာ ဆီးအိုးကြီးကိုမြှုပ်နှံကြရသည်။ ထိုအချိန်၊ ထိုအခါ နှင့်တစ်ပြိုင်နက်ရွှေမြို့တော်ကြီးကို ပန္နက်ချမှတ်ကြရသည်။ မန္တလေးရွှေမြို့တော်တည်ခဲ့သောနှစ်ကို အောင်ကျော်ချမ်းအေး၊ မန္တလေး (အုတ်ကျစ်ကျော်အေး၊ မန္တလေး) ဟုမှတ်သားခဲ့သည်။
မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) နတ်ပြည်စံတော်မူသောအခါ သားတော်သီပေါမင်း (၁၈၇၈-၁၈၈၅) ထီးနန်းဆက်ခံသည်။ သီပေါမင်းလက်ထက်၌ နိုင်ငံရေးယိုယွင်းပျက်ပြားခဲ့သည်။ နန်းတွင်းမညီညွတ်မှု များကြောင့် အုပ်ချုပ်ရေးပျက်ပြားခဲ့သည်။ ပြင်သစ်-မြန်မာဆက်ဆံရေး တိုးတက်ခဲ့သော်လည်း အင်္ဂလိပ်တို့က မလိုလားပေ။ ကျွန်းသစ်ကိုအကြောင်းပြု၍ အင်္ဂလိပ်တို့သည် တတိယအကြိမ် ကျူး ကျော်စစ်ပြုကာ အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ခဲ့သည်။ သီပေါမင်းနှင့်တကွ မိဖုရားမင်းဆွေ၊ မင်းမျိုး များကို အိန္ဒိယနိုင်ငံ ရတနာဂီရိသို့ ခေါ်ဆောင်သွားခဲ့သည်။ အရှင်နှစ်ပါးနှင့် ဆွေတော်မျိုးတော်များ ခေါ်ဆောင်သွားသော မြန်မာသက္ကရာဇ် ၁၂၄၇၊ တန်ဆောင်မုန်းလဆုတ် ၈၊ တနင်္ဂနွေ (၂၉-၁၁-၁၈၈၅) ကိုဦးကောင်းလိမ်ထုတ်၊ မင်းဆက်ပြုတ်ဟု မှတ်သားခဲ့သည်။
ကုန်းဘောင်ခေတ်မင်းဆက်များ၏ သမိုင်းဖြစ်စဉ်များကို သင်္ချာဂဏန်းဖြင့် မှတ်တမ်းတင်ထားခဲ့သည်။ သင်္ချာဂဏန်းများသည် စိတ်ဝင်စားဖွယ်ကောင်းလှသည်။ သင်္ချာဂဏန်းများသည် သမိုင်းကိုဖော်ပြနေ ကြသည်။ သင်္ချာဂဏန်းများသည် လူ့ဘောင်၏အကျိုးစီးပွားကို ဆောင်လျက်ရှိကြောင်း တွေ့ရပါ၏။
စံတော်ချိန်သတင်းစာ
အတွဲ(၁)၊ အမှတ်(၃၀၄)၊ ဖေဖော်ဝါရီ ၁၁ ရက်၊ ၂၀၁၄ ခုနှစ်

No comments:

Post a Comment