Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 14, 2014

ကျွန်တော်နှင့် ဒေါ်အောင်ဆန်းစုကြည်အမှုများ (၂)


Written by ဦးအောင်ဝင်း (တရားရေး/ငြိမ်း)

နောက်ဆုံး ကျွန်တော်ကြုံဆုံ၍ ပါဝင် ဆောင်ရွက်ခဲ့ရသော အမှုများမှာ တရားမမှုများ ဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်က နိုင်ငံတော် အပေါ် စွဲဆိုမှုများ ဖြစ်ကြပါသည်။ ထိုစဉ်က ကျွန်တော်သည် တရားရုံးချုပ် (ရန်ကုန်) ၌ တရားမ တရားစီရင်ရေးဌာန ညွှန်ကြားရေးမှူး အဖြစ် ဆောင်ရွက်နေစဉ် ဖြစ်ပါသည်။ တရားရုံးချုပ် (မန္တလေး) ဆိုသည်နှင့် တရားရုံးချုပ် (နေပြည်တော်) ဆိုသည်လည်း ရှိခဲ့၍ ထိုသို့ဖော်ပြရခြင်း ဖြစ်ပါသည်။

ပထမအကြိမ် စွဲဆိုမှု အနေနှင့် ၂၃-၃-၂၀၁၀ ရက်နေ့တွင် လျှောက်ထားသူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က လျှောက်ထား ခံရသူ ပြည်ထောင်စု မြန်မာနိုင်ငံတော်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌအပေါ် ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပုဒ်မ - ၅ (က)၊ (ဇ)နှင့် (ည)နှင့် ၁၈၈၇ ခုနှစ် သီးခြားသက်သာခွင့် အက်ဥပဒေပုဒ်မ-၄၅ နှင့် ၅၄ တို့ဖြင့် လျှောက်ထားသော တရားမ အထွေထွေ လျှောက်ထားမှု (တရားမ ထွေထွေမှု) ဖြစ်ပါသည်။ ထိုအမှုနှင့်အတူ ၁၉၉၀ ပြည့်နှစ်၊ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် ရွေးကောက် တင်မြှောက် ခံထားကြရသော NLD ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ရွှေပါ ၂၆ ဦး (ယင်းတို့အထဲမှ ၂၆ ဦးမြောက် တရားလိုမှာ တရားလွှတ်တော် ရှေ့နေဖြစ်ပြီး ယခုအခါ၌လည်း NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်သူ၊ NLD ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက တရားလို အားလုံးကိုယ်စား အခွင့်ရ ကိုယ်စားလှယ် အဖြစ်ဖြင့် စွဲဆိုပါသည်) တို့က ပြည်ထောင်စု မြန်မာနိုင်ငံတော် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဥက္ကဋ္ဌအပေါ် ၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပုဒ်မ-၅ (က) နှင့် ၁၈၈၇ ခုနှစ်၊ သီးခြား သက်သာခွင့် အက်ဥပဒေပုဒ်မ-၄၂ အရ မြွက်ဟ ကြေညာပေးစေရန်နှင့် ပြည်သူ့လွှတ်တော် ခေါ်ယူ ကျင်းပပေးစေရန် တရားမကြီးမှုကိုလည်း စွဲဆို တင်သွင်းလာပါသည်။

ယင်းအမှုများအနက် တရားမ အထွေထွေ လျှောက်ထားမှုမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်တည်ထောင်ခဲ့ပြီး လက်မှတ်ရေးထိုး လျှောက်ထားရရှိခဲ့သော NLD ပါတီသည် ၂၇-၅-၁၉၉၀ ရက်နေ့ ရွေးကောက်ပွဲ၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၄၈၅ နေရာတွင် ၃၉၂ နေရာ ရွေးကောက်တင် မြှောက်ခံထားရသည့်ပါတီ ဖြစ်ကြောင်း၊ ထိုစဉ်က ၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ရွေးကောက် တင်မြှောက်ခံရသော လွှတ်တော် ကိုယ်စားလှယ်များဖြင့် လွှတ်တော် ဖွဲ့စည်းပေးရန် ပြဋ္ဌာန်းထားသည့်အပြင် နဝတ အစိုးရကလည်း ထိုသို့ ဖွဲ့စည်းပေးရန် ကတိပေးထားခဲ့ကြောင်း၊ သို့သော်လည်း လိုက်နာ ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း၊ ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ-၂ (ဋ) ၌ ထောင်ဒဏ် ကျခံနေရသူကို အဓိပ္ပာယ် ဖွင့်ဆိုထားရာတွင် အယူခံ/ပြင်ဆင်မှု လျှောက်ထားဆဲ ထောင်ဒဏ် ကျခံနေရသူလည်း ပါဝင်နေကြောင်း၊ ယင်းပြဋ္ဌာန်းချက်သည် မြန်မာနိုင်ငံ၏ ယခင်ခေတ်အဆက်ဆက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေများနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလ အခွင့်အရေးကို ထိခိုက် နစ်နာစေသော ပြဋ္ဌာန်းချက် ဖြစ်နေကြောင်း၊ ထိုအကြောင်းကြောင့် မူလကတည်းက ပျက်ပြယ်နေသော ပြဋ္ဌာန်းချက် ဖြစ်ကြောင်း၊ NLD ပါတီ၏ နိုင်ငံရေး လုပ်ပိုင်ခွင့်ကိုလည်း ယိုယွင်း ပျက်စီးစေကြောင်း၊ သို့ဖြစ်၍ ၁၉၉၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေအရနှင့် နဝတ အစိုးရ၏ ကတိကဝတ်အတိုင်း ပြည်သူ့လွှတ်တော် ခေါ်ယူ ဖွဲ့စည်းပေးရန် လျှောက်ထားရခြင်း ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေသည် နောက်ကြောင်းပြန် အကျိုးသက်ရောက်မှု မရှိကြောင်း၊ ယင်းဥပဒေတွင် ယခင် ထုတ်ပြန်ထားသော နိုင်ငံရေး ပါတီများသည် အလိုအလျောက် ပျက်ပြယ်သည်ဆိုသော ပြဋ္ဌာန်းချက်မှာ နိုင်ငံတကာ ဥပဒေနှင့် မညီညွတ်သည့်အပြင် ဥပဒေ ဂုဏ်သိက္ခာနှင့် မညီညွတ်ကြောင်း၊ သို့ဖြစ်၍ ယင်းဥပဒေမှာ NLD ပါတီနှင့် စပ်လျဉ်းသမျှ အကျိုး မသက်ရောက်ကြောင်းကို တားမြစ်မိန့် ထုတ်ပေးစေလိုကြောင်း စသည်ဖြင့် ဖော်ပြလျှောက်ထားခြင်း ဖြစ်သည်။

တရားမကြီးမှုမှာ တရားလို ဦးအောင်ရွှေပါ ၂၆ ဦးသည် စွဲဆိုလွှာတွင် အမည်နှင့် ယှဉ်တွဲ ဖော်ပြထားသော မဲဆန္ဒနယ်များမှ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ အဖြစ်ဖြင့် ရွေးကောက် တင်မြှောက်ခြင်း ခံထားရသူများ ဖြစ်ကြောင်း၊ ယင်းရွေးကောက်ပွဲမှာ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်သည်ဟု နဝတအစိုးရက နိုင်ငံတကာသိ ကြေညာခဲ့သည့်အပြင် နိုင်ငံတော် ပြန်တမ်းတွင်လည်း ကြေညာခဲ့ကြောင်း၊ ယင်းပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များဖြင့် လွှတ်တော် ဖွဲ့စည်းရန် ၁၉၉၀ ပြည့်နှစ်၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင် ပြဋ္ဌာန်းထားသည့်အပြင် နဝတ အစိုးရကလည်း ကြေညာချက်အမှတ် ၁/၉၀ တွင် အတိအလင်း ကြေညာခဲ့ကြောင်း၊ သို့သော် ယင်းတို့ကို လိုက်နာရန် ပျက်ကွက်ခဲ့ကြောင်း၊ ၂၀၁၀ ပြည့်နှစ် ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲ ဥပဒေတွင်မူ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ် များသည် အလိုအလျောက် ပျက်ပြယ်သည်ဟု ပြဋ္ဌာန်းခဲ့ကြောင်း၊ ယင်းပြဋ္ဌာန်းချက်မှာ တရားလိုတို့၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရပ်တည်ခွင့် တရားဝင် အနေအထားကို ထိခိုက်စေပြီး မဲဆန္ဒရှင် ပြည်သူတို့၏ ဆန္ဒနှင့်လည်း ဆန့်ကျင်နေကြောင်း၊ ထိုအကြောင်းကြောင့် တရားစွဲဆိုရန် အကြောင်း ပေါ်ပေါက်ကြောင်း၊ သို့ဖြစ်၍ တရားလိုတို့၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရပ်တည်ပိုင်ခွင့် တရားဝင် အနေအထားကို မြွက်ဟ ကြေညာပေးစေ လိုကြောင်းနှင့် ယင်းကဲ့သို့သော ရွေးကောက် တင်မြှောက်ခံထားရ သူများနှင့် ပြည်သူ့လွှတ်တော် ခေါ်ယူကျင်းပစေသည့် ဒီကရီ ချမှတ်ပေးစေ လိုကြောင်းဖြင့် တရားစွဲဆိုခြင်း ဖြစ်ပါသည်။

ယင်းလျှောက်ထားမှုနှင့် စွဲဆိုမှုများကို အထက်သို့ တင်ပြခဲ့ရာ ဆောင်ရွက်နေကျ ရုံးအရာရှိဖြင့် ပြန်ပေးရန် ညွှန်ကြားခဲ့သဖြင့် နှစ်မှုလုံးကို တရားရုံးချုပ် (ရန်ကုန်) တရားမ တရားစီရင်ရေး ဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးအား ပြန်ပေးစေခဲ့ပါသည်။

ထို့နောက် ၂၉-၄-၂၀၁၀ ရက်နေ့တွင် အထွေထွေ လျှောက်ထားမှုကို NLD အနေနှင့် မဟုတ်ဘဲ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်အနေနှင့် လည်းကောင်း၊ တရားမကြီးမှုကို မူလပုဂ္ဂိုလ်များဖြင့် လည်းကောင်း ယခင်အဆိုပြု စွပ်စွဲချက်များနှင့် တောင်းဆိုချက်များအတိုင်း ဖော်ပြ၍ လျှောက်ထားခြင်းနှင့် စွဲဆိုခြင်း ထပ်မံဆောင်ရွက် လာခဲ့ကြပါသည်။ ထိုအခါ အထက်မှ တရားမတရား စီရင်ရေးဌာန၏ ညွှန်ကြားရေးမှူး ကိုယ်တိုင် ပြန်ပေး၍ ဖြစ် မဖြစ်နှင့် ထိုသို့ ပြန်ပေးပါက လုပ်ထုံးလုပ်နည်းနှင့် ညီ မညီ မေးမြန်းခဲ့ပါသည်။

ကျွန်တော်က ယခုအခါ တရားရုံးချုပ်သည် တရားလွှတ်တော် (High Court) နှင့် တရားလွှတ်တော်ချုပ် (Surpreme Court) အာဏာများကို ရယူကျင့်သုံး ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ယင်းသို့ စွဲဆိုလွှာ၊ လျှောက်ထားလွှာများကို တရားရုံးချုပ်က ပြန်ပေးခြင်း (Return) နှင့် ပယ်ခြင်း Rejection) (ယင်းမြန်မာအသုံးအနှုန်း များနှင့်အတူ ပလပ်ခြင်း 'Dismiss' ၏ မြန်မာ အသုံးအနှုန်းတို့မှာ ပုံသေ ဖြစ်သင့်နေပြီ ဖြစ်သည်။ အမြင့်ဆုံးရုံး သည်ပင် မည်သည့် အမှုမဆို ကြားနာပြီးနောက် 'ပလပ်ခြင်း’ ကို ‘ပယ်သည်’ ဟု သုံးနှုန်းနေခြင်း မဖြစ်သင့်တော့ပါ။ တရားမကျင့်ထုံး အမိန့် ၇၊ နည်းဥပဒေ ၁၁ ကိစ္စဖြင့် ပယ်မှသာ ပယ်သည်ဟု အမြဲသုံးနှုန်းသင့်ပြီ ဖြစ်သည်) ကိစ္စများမှာ တရားမကျင့်ထုံး ဥပဒေအမိန့် ၄၉၊ နည်းဥပဒေ ၃(၁) အရ အမိန့် ၇၊ နည်းဥပဒေ ၁၀ နှင့် ၁၁ ၏ (ခ) နှင့် (ဂ) ပြဋ္ဌာန်းချက်တို့နှင့် မသက်ဆိုင်ကြောင်း၊ တရားလွှတ်တော်ရုံး လက်စွဲ (High Court Office Manual) အပိုဒ် ၅၁ (၂) နှင့်သာ သက်ဆိုင်ကြောင်း၊ ယင်းလက်စွဲအရ လျှောက်ထားလွှာနှင့် စွဲဆိုလွှာများ ပြန်ပေးခြင်းကို တရားရုံးချုပ် တရားသူကြီးများ ကိုယ်တိုင် ဆောင်ရွက်ရန် မလိုဘဲ ဒုတိယ မော်ကွန်းထိန်းများ (Deputy Registrars) နှင့် လက်ထောက် မော်ကွန်းထိန်း (Assistant Registrar) တို့က ဆောင်ရွက်နိုင်ကြောင်း၊ သို့ဖြစ်၍ ညွှန်ကြားရေးမှူး ကိုယ်တိုင် ပြန်ပေးစေလိုပါက ပြန်ပေး၍ ရကြောင်း၊ ယင်းလက်စွဲအရ ထိုသို့ ပြန်ပေးလျှင် ယင်းလျှောက်လွှာနှင့် စွဲဆိုလွှာများ ပေါ်တွင် ဖြစ်စေ၊ သီးခြား စာရွက်ဖြင့် (with a slip) ဖြစ်စေ ယင်းလျှောက်ထားလွှာနှင့် စွဲဆိုလွှာတို့၏ မှားယွင်းချက်၊ ချွတ်ယွင်းချက်များ ဖော်ပြ၍ ပြန်ပေးနိုင်ကြောင်း၊ ယင်းလျှောက်ထားလွှာနှင့် စွဲဆိုလွှာတို့တွင် လျှောက်ထားခံရသူ/တရားပြိုင်တို့ကို တရားမ ကျင့်ထုံး ဥပဒေပုဒ်မ ၇၉ အရ ပြည်ထောင်စု မြန်မာနိုင်ငံဟုသာ ဖော်ပြရမည် ဖြစ်ပါလျက် ထိုသို့ ဖော်ပြမထားကြောင်း၊ ပုဒ်မ-၈၀ အရ အကြောင်းကြားစာ (Notice) ကို နှစ်လထက်ပို၍ ကြိုတင် ပေးပို့ထားရမည် ဖြစ်လျက် မလိုက်နာ ချွတ်ယွင်း နေကြောင်း ပြန်လည် တင်ပြခဲ့ပါသည်။

(ဤထုံးနည်းကို ယခု ပေါ်ပေါက်လာသော တိုင်းဒေသကြီးနှင့် ပြည်နယ်တရား လွှတ်တော်များက လိုက်နာကြရန် သတိချပ်သင့်ပါသည်။ တော်လှန်ရေးကောင်စီ ခေတ်တွင် ယခင်ရှိနေခဲ့သော မော်ကွန်းထိန်း (Registrar) ကို ညွှန်ကြားရေးမှူးချုပ် အဖြစ်ဖြင့် ပြောင်းလဲ ဖွဲ့စည်းခဲ့သဖြင့် ယင်းကိစ္စအတွက် ဆောင်ရွက်နိုင်သည့် အဆင့်ကို ညွှန်ကြားချက် မထွက်မီ ခန့်မှန်း ဆောင်ရွက် ကြရန်သာ ဖြစ်ပါသည်။)

ထိုအခါ အထက်မှ ထိုလျှောက်ထားလွှာနှင့် စွဲဆိုလွှာပါ ချွတ်ယွင်းချက်များကို ပြဋ္ဌာန်းချက်များဖြင့် တိတိကျကျ ဖော်ပြခြင်း မပြုဘဲ အမြွက်မျှ ဖော်ပြပြန်ပေးရန် ညွှန်ကြားခဲ့ပါသည်။

ထို့ကြောင့် လျှောက်ထားလွှာ/စွဲဆိုလွှာ တင်သွင်းသည့် ရက်များ၊ ပြန်ပေးသည့် ရက်များ၊ တင်သွင်းသူ အမည်များနှင့်အတူ ‘လျှောက်ထားလွှာ/စွဲဆိုလွှာပါ ရေးသား ဖော်ပြချက်များသည်၊ သတ်မှတ်ချက်များ၊ ကျင့်ထုံးဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှု မရှိသဖြင့် ဤလျှောက်ထားလွှာ/စွဲဆိုလွှာကို ပြန်လည် ပေးအပ်လိုက်သည်’ ဖော်ပြချက်များကို အထက်အတည်ပြုချက်ဖြင့် ကျွန်တော် ကိုယ်တိုင် လက်ရေးနှင့် လျှောက်ထား လွှာ/စွဲဆို လွှာပေါ်တွင် သီးခြားစီရေးသား လက်မှတ်ရေးထိုး တံဆိပ်ခတ်နှိပ်ကာ ပြန်ပေးခဲ့ပါသည်။

ထိုသို့ ပြန်ပေးစဉ်က တရားရုံးချုပ်ရှေ့နေ ဦးကြည်ဝင်းနှင့် တရားလို ဦးဉာဏ်ဝင်းတို့ ကိုယ်တိုင် လာရောက် ရယူခြင်း ဖြစ်ပါသည်။ ထိုစဉ်က ဆရာကြီး ဦးကြည်ဝင်းက တရားရုံးချုပ် တရားသူကြီးက ပြန်မပေးဘဲ၊ ညွှန်ကြားရေးမှူးက ပြန်ပေး၍ ရသလားဟု မေးခဲ့ရာ ကျွန်တော်က C.P.C. (တရားမ ကျင့်ထုံးဥပဒေ၏ အတိုကောက်) Order-49, Rule-3(1) ‘အမိန့်-၄၉၊ နည်းဥပဒေ ၃(၁)’ နှင့် High Court Office Manual စာပိုဒ် ၅၁ (၂) တို့အရ ပြန်ပေး၍ရကြောင်း ဖြေဆိုခဲ့ပါသည်။ ဆက်လက်၍ ဆရာကြီး ဦးကြည်ဝင်းက ယင်း High Court Office Manual မှာ Standing (တည်ဆဲ) ဖြစ်သေးသလားဟု မေးခဲ့ရာ ကျွန်တော်က repeal (ပယ်ဖျက်ထားခြင်း) လုပ်ထားမှု မရှိသေး၍ှ Standing ဖြစ်နေသေးကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။

ထိုကာလများအတွင်း ကျွန်တော်က ကျွန်တော့် လက်အောက် ရုံးအရာရှိများ အများရှေ့တွင် ထိုကဲ့သို့ သမိုင်းတွင် အထင်ကရ ဖြစ်ကျန်ခဲ့မည့် အမှုမျိုးကို ပေါ့ပေါ့လွယ်လွယ်နှင့် ချွတ်ယွင်းချက်၊ မှားယွင်းချက် များဖြင့် မတင်သွင်းသင့်ကြောင်း၊ နိုင်ငံတော်ပိုင်းက မည်သို့ပင်ဖြစ်စေ ပြန်ပေးမည်၊ ပယ်မည်၊ ပလပ်မည် ဖြစ်သော်လည်း ထိုဆရာကြီးများက ၎င်းတို့ အမှုများကို ခိုင်မာ တောင့်တင်းအောင် တည်ဆောက် တင်သွင်း ခဲ့သင့်ကြောင်း၊ တရားမ ကျင့်ထုံးဥပဒေပုဒ်မ ၇၉ နှင့် ၈၀ ကိုလည်း လိုက်နာခဲ့သင့်ကြောင်း ပြောကြားခဲ့ပါသည်။ တာဝန်မှ လွတ်၍ စေတနာနှင့် ပြန်လည် ကြားသိ ပြုပြင်စေလို၍ ပြောလိုက်ခြင်းများ ဖြစ်ပါသည်။

ကျွန်တော်က ထိုသို့ ပြောလိုက်ခြင်းကို ပြန်ကြားသည်၊ မကြားသည်တော့ မသိပါ။ နောက်ပိုင်းတွင် ထိုပြဋ္ဌာန်းချက်များ လိုက်နာ၍ ယခင် လျှောက်ထားလွှာပါအတိုင်း ဖော်ပြပြီး လျှောက်ထားလွှာ တစ်ခုကိုသာ ထပ်မံတင်သွင်းခဲ့ပါသည်။ တရားမကြီးမှုတော့ ထပ်မစွဲတော့ပါ။ ထိုအခါမှသာ ကျွန်တော် တို့အထက်မှအမှုကို လက်ခံ၍ တရားရုံးချုပ် တရားသူကြီး တစ်ဦးဖြင့် တရားရုံးချုပ် (နေပြည်တော်) တွင် အမှုကြားနာနိုင်ရေး ဆောင်ရွက်ထားရန် ညွှန်ကြားခဲ့ပါသည်။ ကျွန်တော် ပြောသည်ကို ပြန်ကြားသည်ဟု ထင်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုသို့ အမှုကိုလက်ခံ၍ အမှုလက်ခံသင့် မသင့် တရားရုံးချုပ် (နေပြည်တော်) ၌ တရားရုံးချုပ် တရားသူကြီး ဦးမြင့်သိန်း ကြားနာခဲ့စဉ်က ထိုကဲ့သို့ တင်သွင်းခဲ့မှုများကို ဥပဒေရေးရာနှင့် တရားစီရင်ရေးရာ တာဝန်ရှိ ပညာရှင်တစ်ဦးက ပေါ့ပေါ့လွယ်လွယ်နှင့် အမှုများ တင်သွင်းသည်ဟု ပြောဆိုခြင်းမှာ မမှန်ကြောင်း ထည့်သွင်း လျှောက်လဲခဲ့၍ ဖြစ်ပါသည်။ ကျွန်တော်သည်ပင် တရားခွင်၌ အကြံပေးနေရာတွင် ထိုင်ရင်း မျက်နှာ ပူခဲ့ရပါသည်။

အထက်ပါအတိုင်း အမှုကိုလက်ခံပြီး ကြားနာရန် စီစဉ်နေစဉ် တရားရုံးချုပ် (နေပြည်တော်) ၌ ထိုသို့ကြားနာ၍ အမှုပယ် (အမှန်မှာပလပ်) ခဲ့ပြီးပါက လျှောက်ထားသူများဘက်မှ မည်သို့ ဆက်လက် တက်ရောက်နိုင်ခြင်း ပြဿနာ အငြင်းပွားမှု ဖြစ်ခဲ့သည်ဟု ကြားသိခဲ့ရပါသည်။ အချို့က အယူခံမှုဖြင့်သာ တက်ရောက်ရမည်ဟု ပြောဆိုနေကြသကဲ့သို့ ညွှန်ကြားရေးမှူးချုပ် (ယခုဖွဲ့စည်းပုံ အခြေခံဥပဒေ ခုံရုံးဥက္ကဋ္ဌ) နှင့် တရားရုံးချုပ် (နေပြည်တော်) တရားမဌာန တွဲဖက်ညွှန်မှူး (ယခုစစ်ကိုင်း တိုင်းဒေသကြီး တရားလွှတ်တော်တရား သူကြီးချုပ်) တို့ ပါဝင်သော အများစုက ပြင်ဆင်မှုဖြင့်သာ တက်ရောက်ရမည် စသည်ဖြင့် ပြောဆို အငြင်းပွားနေသည်ဟု ဆိုပါသည်။ တရားရုံးချုပ် (နေပြည်တော်) ဒုတိယ တရားသူကြီးချုပ် (ယခုပြည်ထောင်စု တရားသူကြီးချုပ်) က ဖုန်းဖြင့်မေးလာ၍ သိရခြင်း ဖြစ်ပါသည်။ ကျွန်တော်က ထိုအမှုကို ပယ်သည်ဟု သုံးမည် ဖြစ်သော်လည်း ပလပ်ခြင်းဖြစ်၍ အယူခံသာ တက်ရမည် ဖြစ်ပြီး တရားမ အထွေထွေ လျှောက်လွှာ (အထူး) ဖြင့်သာ တင်သွင်းရမည် ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ယင်းကိစ္စကို ၎င်းထံ စာတမ်းဖြင့် တင်ပြရန် ညွှန်ကြားခဲ့၍ ကျွန်တော် တင်ပြခဲ့ရပါသည်။ ယင်းမှာ တပ်မတော်တွင် ကျင့်သုံးသော အလေ့အထ ဟုထင်ပါသည်။ အရပ်ဘက်တွင် ကျင့်သုံးကြသည်ကို မကြုံရဖူးပါ။ ထိုအလေ့အထကို ယခုပြည်ထောင်စု တရားသူကြီးချုပ်က မကြာမကြာ ကျင့်သုံးသည်ကို ကြုံရဖူးပါသည်။

အမှုကို လက်ခံသင့် မသင့်ကြားနာရန် ရက်နီးလာသောအခါ အထက်မှ ကျွန်တော့်ကို တရားခွင်တွင် အကြံပေးအဖြစ် တက်ရောက်ရန် နေပြည်တော်သို့ ခေါ်သဖြင့် သောကြာနေ့တစ်နေ့တွင် သွားရောက်ခဲ့ရပါသည်။ ထိုနေ့တွင် တရားသူကြီးချုပ်က တရားရုံးချုပ် တရားသူကြီး ဦးမြင့်သိန်းရှေ့တွင် ညွှန်ချုပ်၊ ကျွန်တော်နှင့် တရားရုံးချုပ် (နေပြည်တော်)၊ တရားမဌာန တွဲဖက်ညွှန်မှူးတို့ကို ထိုအမှုတွင် ချမှတ်မည့် အမိန့်မူကြမ်းကို စုပေါင်းရေးသား တင်ပြကြရန် ညွှန်ကြားခဲ့ပါသည်။ ဆက်လက်၍ ညွှန်ချုပ်က ကျွန်တော်တို့ နှစ်ဦးကို နောက်နေ့ ၁၀ နာရီတွင်စတင်၍ ယင်းအမိန့် မူကြမ်းကို ၎င်း၏ ရုံးခန်းတွင် စုပေါင်း ရေးသားကြမည် ဖြစ်ကြောင်း ပြောပါသည်။

နောက်နေ့တွင် ကျွန်တော်က ချိန်းသည့်အချိန် သွားစောင့်နေသော်လည်း မည်သူမျှ ပေါ်မလာပါ။ နေ့လယ် ၂ နာရီခန့်တွင် တွဲဖက်ညွှန်မှူးသည် ကွန်ပျူတာစာစီ စာရေးမများနှင့်အတူ ရောက်ရှိလာပြီး အမိန့်မူကြမ်းကို ၎င်းက ရေးသားပြီးဖြစ်၍ မလိုအပ်တော့ကြောင်း ပြောပါသည်။

ကျွန်တော် ဖတ်ကြည့်ခွင့် တောင်း၍ ဖတ်ကြည့်ရာ မကြိုက်ပါ။ ကျွန်တော်က တရားခွင်တွင် အကြံပေးအဖြစ် တက်ရမည်ဖြစ်၍ အရေးအသားပိုင်း အနည်းငယ် ပြင်လိုကြောင်း၊ တည်းခိုသည့် အခန်း၌ ပြန်၍ ပြင်ရေးလိုကြောင်း၊ နောက်နေ့ နံနက်တွင် ၎င်းကို ၎င်း၏ ရုံးခန်းသို့ ကွန်ပျူတာစာစီ စာရေးမများကို လာပို့ပေးစေ လိုကြောင်း ပြောခဲ့ပါသည်။ တရားရုံးချုပ် (နေပြည်တော်) ရှိ ရုံးခန်း တစ်ခုတွင် စောင့်ဆိုင်းနေသော တရားရုံးချုပ် တရားသူကြီး ဦးမြင့်သိန်းကိုလည်း အခြေအနေကို ပြန်လည် တင်ပြခဲ့ပါသည်။

ညဘက်တွင် ကျွန်တော်သည် ထိုအမိန့်စာကြမ်းကို သီးခြား ပြန်လည် ရေးသားပြီး ကွန်ပျူတာ စီစာကြမ်းရိုက်ရန် နောက်နေ့နံနက် ၉ နာရီခွဲတွင် သွားစောင့်နေပါသည်။ ၁၁ နာရီခွဲခန့်တွင် ကွန်ပျူတာစာစီ စာရေးမများ ပို့လာသဖြင့် အမိန့်စာကြမ်းကို ရိုက်နှိပ်ခဲ့ရာ ညနေ ၄ နာရီခွဲခန့်တွင် ပြီးစီးပါသည်။ တွဲဖက် ညွှန်မှူးရေးသော အမိန့်စာကြမ်းနှင့် ကျွန်တော် ရေးသားသော အမိန့်စာကြမ်းနှစ်ခုကို တရားရုံးချုပ် တရားသူကြီး ဦးမြင့်သိန်းထံ သွားရောက် တင်ပြပါသည်။ ကျွန်တော် ရေးသားသည့် အမိန့်စာကြမ်းကို အသုံးပြုမည် ဖြစ်ကြောင်း ပြောခဲ့ပါသည်။

ထို့နောက် ကျွန်တော်က ညွှန်ချုပ်ထံ ဖုန်းဆက်ရာ ယခုပင် တရားသူကြီးချုပ်ထံ အမိန့်စာကြမ်းကို သွားရောက် တင်ပြကြမည်ဟု ပြောသဖြင့် ညွှန်ချုပ်၊ ကျွန်တော်နှင့် တွဲဖက်ညွှန်မှူးတို့ သီးခြားစီ သွားရောက် ခဲ့ကြပါသည်။ တရားသူကြီးချုပ်အိမ်၌ ထောက်ပံ့ရေးရာညွှန်မှူး (ယခုစီမံ/ထောက်ပံ့ဒု-ညွှန်ချုပ်) နှင့် လေ့ကျင့်/သုတေသန ညွှန်မှူးတို့လည်း အမိန့်စာချော ရိုက်ပေးရန် ရောက်ရှိနေကြပါသည်။ တရားသူကြီးချုပ်က ကျွန်တော် ရေးသားသော အမိန့်စာကြမ်းကို ပြင်ဆင်ပေးခဲ့၍ လေ့ကျင့်/သုတေသန ညွှန်မှူးက အမိန့်စာချောကို ရိုက်ပါသည်။ (နေ့စဉ်မှတ်တမ်း အမိန့်ဖြင့် ရေးသည့် အမိန့်မျိုးသည် အမိန့်တိုသာ ဖြစ်သင့်လျက် ရှည်ရှည်ဝေးဝေးများ ဖြစ်နေခဲ့သည့်ကာလ နှစ် ၂၀ ကျော်ခဲ့ရာ ပြန်လည် ပြုပြင်သင့်နေပြီ ဖြစ်ပါသည်။)

ထိုသို့ အမိန့်စာချော ရိုက်နေစဉ် တရားသူကြီးချုပ်က ညွှန်ချုပ်၊ တွဲဖက်ညွှန်မှူးနှင့် ကျွန်တော်တို့ကို ခေါ်ယူ၍ ယင်းလျှောက်ထားမှုကို ပယ်ပြီးပါက လျှောက်ထားသူ ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်က ပြင်ဆင်မှု တက်ရမည်လား၊ အယူခံမှု တက်ရမည်လား၊ ထိုကိစ္စမည်သို့ ရှိသလဲဟု မေးပါသည်။ ညွှန်ချုပ်နှင့် တွဲဖက်ညွှန်မှူးတို့က ပြင်ဆင်မှုသာ တက်ရမည် ဖြစ်ကြောင်း အကိုးအကား များဖြင့် တင်ပြကြသကဲ့သို့ ကျွန်တော်ကလည်း အယူခံမှု အဖြစ်ဖြင့် တရားမ အထွေထွေ လျှောက်လွှာ (အထူး) ဖြင့်သာ တင်သွင်းရမည် ဖြစ်ကြောင်း တင်ပြပါသည်။ နိုင်ငံ့ထိပ်ပိုင်းအထိ တင်ပြပြီး ကြိုတင် ပြင်ဆင်ထားရမည် ဖြစ်သဖြင့် အမှားအယွင်း မဖြစ်စေလို၍ ကျွန်တော်က ထိုသို့ တင်ပြငြင်းခုံရခြင်း ဖြစ်ပါသည်။

အတန်ကြာ ၎င်းတို့ဘက်က တင်ပြလိုက်၊ ကျွန်တော့်ဘက်က တင်ပြလိုက်ဖြစ် နေရာမှ ကျွန်တော်၌ နောက်ဆုံး ကျည်ဆန်အဖြစ် နှစ်ချက်ပစ်လွှတ်ရန် ကျန်တော့သည်ဟု သဘောပိုက်ပြီး တရားရုံးချုပ်၊ တရားသူကြီးတစ်ဦး ဆုံးဖြတ်ထားသည်ကို ဘယ်တရားရုံးချုပ် တရားသူကြီး တစ်ဦးက ပြင်ဆင်မှုနဲ့ ကြားနာနိုင်မှာလဲဟု မေးမြန်းလိုက်ပါသည်။ ထိုအဆင့်ဖြင့် မရပါက တရားမ ပြင်ဆင်မှု ပြဋ္ဌာန်းချက် ဖြစ်သည့် တရားမကျင့်ထုံး ဥပဒေပုဒ်မ-၁၁၅ အရ တရားလွှတ်တော်က အောက်ရုံးများ၏ စီရင်ပိုင်ခွင့်နဲ့ ပတ်သက်၍ မှားယွင်း ဆုံးဖြတ်မှု များတွင်သာ ပြင်ဆင်မှု ဖွင့်နိုင်၍ မိမိကိုယ်တိုင် မှားယွင်းမှုကို မိမိကိုယ်တိုင် ပြင်ဆင်မှု မဖွင့်နိုင်ဆိုခြင်းကို တင်ပြရန် ဖြစ်ပါသည်။

ထိုပထမအဆင့် တင်ပြသည်ကိုပင် ညွှန်ချုပ်က မှန်သည်ဟုပြောကာ တရားမ အထွေထွေ လျှောက်လွှာ (အထူး) ဖြင့်သာ တင်သွင်းရမည် ဖြစ်ကြောင်း ကျွန်တော့်ကို ထောက်ခံ ပေးခဲ့ပါသည်။ ဤသို့ဖြင့်အမြင် ကွဲလွဲမှုတစ်ခု အဆုံးသတ်ခဲ့ပါသည်။ နောက်နေ့တွင် ဒုတိယ တရားသူကြီးချုပ် (နေပြည်တော်) က ယင်းပြဿနာမည်သို့ ဖြစ်သလဲဟု ကျွန်တော်ကို မေးခဲ့ရာ ကျွန်တော် တင်ပြသည့်အတိုင်း ညွှန်ချုပ်က သဘောတူ လက်ခံခဲ့၍ ပြီးပြတ်ခဲ့ကြောင်း ပြန်လည် တင်ပြခဲ့ပါသည်။

နောင်တွင်လည်း ဒေါ်အောင်ဆန်းစုကြည်တို့ ဘက်က ထိုလျှောက်ထားမှုကို ကြားနာပြီးနောက် တရားရုံးချုပ်က ပယ် (အမှန်မှာပလပ်) ခဲ့ရာ တရားမအထွေထွေ လျှောက်လွှာ (အထူး) ဖြင့် တင်သွင်း လာခဲ့ပါသည်။

ဤတင်ပြချက်များသည် တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာစေရန် မရည်ရွယ်ပါ။ ကာလတစ်ခု၏ တရားစီရင်ရေး သမိုင်းတွင် (ကျွန်တော့် ထင်မြင်ချက်အရ) အထင်ကရ ဖြစ်ပွားခဲ့သော ဖြစ်ရပ်မှန်မှုခင်း များကို ကျွန်တော် ကြုံဆုံဖြတ်သန်း ခဲ့ရသည်တို့နှင့် ယှဉ်၍ (လိုအပ်လျှင်) သမိုင်း အထောက်အထား တစ်ရပ် ဖြစ်စေစိမ့်သောငှာ တင်ပြလိုခြင်း ဖြစ်ပါသည်။

ထို့ပြင် ထိုမှုခင်းများ ပါဝင် ဆောင်ရွက်ခဲ့ရာတွင် အမှန်တရားဘက်က ရပ်တည်လိုမှုနှင့် (ကျွန်တော့် သဘောအရ) မတရား တားဆီးချုပ်နှောင် ခံရသည်များအတွက် ကရုဏာသက်မှုတို့ ကျွန်တော့်တွင် ရှိနေခဲ့သော်လည်း၊ မိမိကျရာ တာဝန်ဝတ္တရား ကျေပွန်စွာဖြင့် ဆောင်ရွက်ခဲ့ရမှု အခြေအနေများကို တင်ပြလိုခြင်းလည်း ဖြစ်ပါတော့သည်။

The VOICE

No comments:

Post a Comment