Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 14, 2014

၈၈ မျိုးဆက်ခေါင်းဆောင်များနှင့် ကုလကိုယ်စားလှယ် ကင်တားနားတွေ့



ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ် အိုဟေးကင်တားနားနှင့် ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း ခေါင်းဆောင်များ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် တွေ့ဆုံခဲ့ကြောင်း ၈၈ မျိုးဆက်ခေါင်းဆောင် ဦးပြုံးချိုက ပြောကြားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တာဝန်ဖြင့် နောက်ဆုံး လာရောက်သည့် မစ္စတာ ကင်တားနား၏ ခရီးစဉ် ပထမနေ့တွင်ပင် ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး မတ်လတွင် ကုလသမဂ္ဂသို့ တင်သွင်းမည့် အပြီးသတ် အစီရင်ခံစာအတွက် ဆွေးနွေးခြင်း ဖြစ်ကြောင်း ၎င်းကပြောဆိုသည်။
“ရခိုင်မှာ ဖြစ်နေတဲ့ လူမျိုးရေး ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး ဘယ်လို အဖြေရှာမလဲ၊ မပြန့်ပွားအောင် ဘယ်လိုလုပ်မယ် ဆိုတာတွေ ဆွေးနွေးဖြစ်တယ်” ဟု ဦးပြုံးချိုက ဆိုသည်။

ကင်တားနားသည် ၈၈ မျိုးဆက် ခေါင်းဆောင်များနှင့် မတွေ့ဆုံမီ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်နှင့် တွေ့ဆုံကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သတင်းပြန်ကြားရေးဌာနထံမှ သိရသည်။

ယင်းသို့ တွေ့ဆုံရာတွင် ဖွဲ့စည်းပုံ ပြင်ဆင်ရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး၊ အပစ်အခတ် ရပ်စဲရေး၊ တိုင်းရင်းသား လူနည်းစု အခွင့်အရေး၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် စိန်ခေါ်မှုများ၊ အလုပ်သမား အခွင့်အရေး၊ မြေယာ သိမ်းဆည်းခံရမှုများ၊ ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးခံကြရသူများ အရေးကိစ္စ စသည်တို့ကို အစီရင်ခံစာတွင် အဓိကထား ထည့်သွင်း တင်ပြသွားရန် ကင်တားနားနှင့် ၈၈ မျိုးဆက်ခေါင်းဆောင်များ ဆွေးနွေးခဲ့ကြောင်း ပွင့်လင်း လူ့အဖွဲ့အစည်းထံမှ သိရသည်။

ကုလကိုယ်စားလှယ်၏ တရားဝင် ခရီးစဉ်ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့တွင် စတင်မည် ဖြစ်ပြီး ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ လက်ပံတောင်းတောင် စီမံကိန်း စသည့် စီမံကိန်းကြီး အချို့သို့ သွားရောက် ကြည့်ရှုမည် ဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ (UNHCR) က ပြောဆိုထားသည်။

No comments:

Post a Comment