Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 6, 2014

သောကမီး၊ အမုန်းမီးများ လောင်ကျွမ်းခံနေရတဲ့ မောင်တော


ဇန်န၀ါရီလကုန်ခန့်က မီးလောင်မှုများကြောင့် အိုးအိမ်မဲ့ဖြစ်နေရသည့် ဒုချီးရားတန်း(အလယ်)ရွာမှ ဒေသခံများအား ဖေဖော်ဝါရီလ ၂ ရက်နေ့က တွေ့ရစဉ်။ ဖြစ်ပွားခဲ့သော မီးလောင်မှုကိုလည်း မတူကွဲပြားသည့် လူ့အဖွဲ့အစည်းနှစ်ဖက်က အပြန်အလှန် ပြစ်တင်ပြောဆိုနေမှုများ ရှိနေကြသည်။ စည်သူလွင်/မြန်မာတိုင်း(မ်)

မောင်တောမြို့နယ် ဒုချီးရားတန်း (အနောက်) ရွာရှိ နေအိမ်အချို့ မီးလောင်မြိုက်ခြင်းနှင့်အတူ
အခြားလောင်ကျွမ်းမှုများ ဖြစ်ပွားခဲ့မှုကို အချိန်မီ ငြှိမ်းသတ်နိုင်ခဲ့သော်လည်း လူတစ်ဦးချင်းစီ၏
ရင်တွင်း၌ တမြည့်မြည့်လောင်ကျွမ်းနေသော အမုန်းမီး၊ သောကအပူမီးများမှာမူ မည်သည့်အချိန်မှ
အေးငြိမ်းနိုင်မည် ဆိုသည်ကိုကား မည်သူမှ မှန်းဆနိုင်မည် မဟုတ်ပေ။

ဇန်န၀ါရီလ ၁၃ ရက်နေ့ညက ဒုချီးရားတန်း (အလယ်)ရွာ၌ ညကင်းလှည့်နေသည့် ရဲတပ်ဖွဲ့ ၀င်များ
နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ဘင်္ဂါလီအချို့က ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြသဖြင့် ရဲတပ်ကြပ်ကြီး
အောင်ကျော်သိန်းမှာ ၎င်းကိုင်ဆောင်ခဲ့သော (အမ် ၂၀) လက်နက်တစ်လက်နှင့်အတူ ပျောက်ဆုံး
ခဲ့ရာ သွေးစွန်းနေသော အင်္ကျီ အ၀တ်အစားများကိုသာ ပြန်လည်တွေ့ရှိခဲ့ရပြီး တပ်ကြပ်ကြီး
အောင်ကျော်သိန်းနှင့် လက်နက်ကိုမူ ယနေ့အချိန်အထိ ပြန်လည်တွေ့ရှိခြင်းမရှိသေးပေ။

စိတ်ချောက်ချားစရာ၊ စိုးရွံ့စရာ၊ ကြေကွဲစရာ အဆိုပါအဖြစ်အပျက်တို့သည် မောင်တောတင်မကဘဲ
ရခိုင်ပြည်နယ် တစ်ခုလုံးအတွင်း ၂၀၁၂ ခုနှစ်၊ ဇွန်လပိုင်းမှ စတင်ခဲ့ခြင်းဖြစ်သည်။

မောင်တောမြို့လေးသို့ စစ်တွေမြို့မှ လာရောက်မည်ဆိုပါက နံနက်စောစောအချိန် တစ်နေ့တစ်စင်း
သာထွက်ရှိသော အမြန်ရေယာဉ်ဖြင့် ရေမိုင် ၈၀ ကျော်ကို အချိန်လေးနာရီခန့် လှိုင်းများအကြား
ဖြတ်သန်းမောင်းနှင်ပြီး ဘူးသီးတောင်မြို့လေး၏ ကမ်းစပ်သို့ ဆိုက်ရောက်မည်ဖြစ်သည်။

ဘူးသီးတောင်မြို့ငယ်မှ ဖုန်အလိမ်းလိမ်းနှင့် ချိုင့်ခွက်လမ်းများအတိုင်း လိုင်းကားငယ်လေးဖြင့်
တစ်နာရီခန့် ထပ်မံမောင်းနှင်ပြီးမှသာ မောင်တောသို့ ရောက်ရှိမည်ဖြစ်သည်။

ပင်လယ်ကမ်းစပ်မြို့လေးဖြစ်သည်နှင့်အညီ လမ်းတစ်ဖက် တစ်ချက်၌ အုန်းပင်များခြံရံလျက်
၂၀၀၀ ပြည့်နှစ်က စတင်တည်ဆောက်ခဲ့သော မောင်တောမြို့မှ ကြိုဆိုပါ၏ ဟူသည့် မုခ်ဦးကို
တွေ့လိုက်ရမည် ဖြစ်သည်။

မြို့မုခ်ဦးအ၀င်ပုံသဏ္ဌာန်လေးအရ မြို့ငယ်လေးမှာ အေးချမ်းနေလိမ့်မည်ဟု ခံစားခဲ့ရသော်လည်း
ဧကန်စင်စစ်မှာမူ မတူကွဲပြားသည့် လူ့အဖွဲ့အစည်းနှစ်ခု၏ ပဋိပက္ခဖြစ်ခြင်း အကျိုးဆက်များ၏
ဒဏ်ကို အလူးအလှိမ့်ခံစား နေရရှာသည်မှာ နှစ်ပေါင်းမနည်းတော့ပြီ ဖြစ်သည်။

မြို့လယ်နာရီစင်ရှိ နာရီမှန်များမှာ ၂၀၁၂ ခုနှစ်၊ ဇွန်လအတွင်းက ဖြစ်ပျက်ခဲ့သော ပဋိပက္ခများကြောင့်
ကွဲအက်သွားခဲ့သော်လည်း ယနေ့အချိန်အထိ ပြန်လည် ပြင်ဆင်ထားခြင်း မရှိဘဲ ကွဲအက်လျက်
အတိုင်းသာ လည်ပတ်နေသည်ကိုလည်း တွေ့ရသည်။

ဒုချီးရားတန်း(အနောက်) ရွာတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကိုလည်း မတူကွဲပြားသည့်
လူ့အဖွဲ့အစည်းနှစ်ဖက် အပြန်အလှန်အပြစ်တင် ပြောဆိုနေမှုများလည်း ရှိနေကြသည်။

ပြည်နယ်အစိုးရအဖွဲ့ရုံးမှ ထုတ်ပြန်ရာတွင် ရွာမီးလောင်ခြင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရှို့ခြင်း
မဟုတ်ကြောင်း၊ နေအိမ်အချို့တွင် အမျိုးသမီးငယ်နှင့် ကလေးငယ်များသာရှိသည်ကို သိရ၍
ရည်ရွယ်ချက်ရှိရှိဖြင့် တမင်ဖန်တီး လုပ်ဆောင်ခဲ့ခြင်းသာဖြစ်ကြောင်း ဖော်ပြထားသည်။

သို့သော်လည်း ဒုချီးရားတန်း (အနောက်) ရွာမှ ဘင်္ဂါလီလူမျိုး လိုင်လာဘေကွန်က "ကျွန်တော်တို့
ရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးတွေနဲ့ ရခိုင်တိုင်းရင်းသားတွေ လာပြီးတော့
မီးရှို့ကြတာပါ။ အိမ်တွေမှာ ဆန်တွေ၊ ဆီတွေနဲ့ စားသောက်စရာတွေလည်း ပါသွားပါတယ်။
ကိုယ့်အိမ်ကို ကိုယ်တော့ မီးပြန် မရှို့ပါဘူး"ဟု မီးလောင်ကျွမ်းရာမှ ကျန်ရှိခဲ့သော ဆန်များကို
လက်တွင် ဆုပ်ကိုင်ရင်းပြောပြသည်။

မောင်တောမြို့အနီးတွင် လုံခြုံရေးတာဝန်ယူထားသည့် ရဲတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများအား စစ်ဆေးနေစဉ်။ စည်သူလွင်/မြန်မာတိုင်း(မ်)
ဘင်္ဂါလီရွာများအနီးရှိ တိုင်းရင်းသားကျေးရွာများတွင် နေထိုင်သူများမှာလည်း စီးပွားရေး
အဆင်မပြေမှုများနှင့် ကြုံတွေနေကြရသလို မိသားစုလုံခြုံရေးအတွက် နေ့စဉ်စိုးရိမ်နေကြရပြီး
သားသမီးငယ်များ၏ ပညာရေးအတွက်ကိုလည်း ပူပန်နေကြရကြောင်း နေထိုင်သူများက
ဆိုသည်။

"ရွာအနီးအနားထွက်ပြီး ဖားရိုက်၊ ပုစွန်လုံး နှိုက်တာတွေကို မလုပ်ရဲတော့ဘူး။ ဘင်္ဂါလီတွေက
ရန်ရှာနေကြတယ်။ ဘဏ်တိုးနဲ့ယူပြီး စိုက်ပျိုးထားတဲ့ သီးနှံတွေကိုလည်း ညပိုင်းမှာ ဖျက်ဆီးပစ်
ကြတယ်။ အတိုးနှုန်းမပေးနိုင်ရင်လည်း ဖမ်းခံရမယ်။ ရွာမှာနေမယ် လုပ်ပြန်တော့လည်း
ဘယ်အချိန်မှာ အသတ်ခံရပြီး သေမလဲ ရင်တထိတ်ထိတ်နဲ့ သေမယ့်အချိန်ကို စောင့်နေရသလို
ပါပဲ။ တစ်ချိန်မှာ ရွာပျောက်သွားနိုင်တယ်"ဟု ခရေမြိုင်ကျေးရွာ တာဝန်ခံ ရခိုင်တိုင်းရင်းသား
ဦးထွန်းလှအောင်က မြန်မာတိုင်း(မ်)ကို ပြောသည်။

စာသင်ကျောင်းမှ ဆရာ၊ ဆရာမများလည်း အသက်အန္တရာယ် စိုးရိမ်မှုများကြောင့် ထွက်ပြေးကြရာ
စာသင်ကျောင်းများ၏ ခေါင်းလောင်းသံလည်း တိတ်ဆိတ်နေခဲ့ရလေသည်။

"သမီးကအသက် ၁၀ နှစ်၊ နှစ်တန်းပဲရှိသေးတယ်။ ကြီးလာရင်တော့ ကျောင်းဆရာမလုပ်ပြီး ဒီမှာပဲ
စာပြန်သင်ပေးမယ်။ အခုတော့ သမီးတို့ ကျောင်းတွေ ပိတ်ထားရတယ်"ဟု ခရေမြိုင်ရွာမှ
မစုစုစက်အောင်က အားငယ်နေသည့် မျက်ဝန်း တစ်စုံနှင့် စူးစိုက်ကြည့်ရင်း ပြောရှာသည်။

မောင်တောမြို့တွင် ကျေးရွာ ၃၈၁ ရွာရှိပြီး ရခိုင်တိုင်းရင်းသားများနှင့် ကသဲလူမျိုး၊ ဟိန္ဒူလူမျိုးများ
နေထိုင်ရာ ကျေးရွာ ၈၆ ရွာ၊ ဘင်္ဂါလီလူမျိုးများ သီးသန့်နေထိုင်သည့် ကျေးရွာ ၂၈၈ ရွာ၊
ဘင်္ဂါလီလူမျိုးများနှင့် တိုင်းရင်းသားများ ရောထွေးနေထိုင်ရာ ကျေးရွာ ခုနစ်ရွာရှိသည်။

ရခိုင်တိုင်းရင်းသားများ အိမ်ထောင်စု ၄,၉၁၈ စု၊ အိမ်ခြေ ၅,၁၄၆ အိမ်နှင့် လူဦးရေ ၂၁,၃၅၅ ဦးရှိပြီး
ဘင်္ဂါလီလူမျိုး အိမ်ထောင်စု ၄၈,၅၀၇ စု၊ အိမ်ခြေ ၅၁,၂၄၁ အိမ်နှင့် လူဦးရေ ၄၄၄,၇၂၅ ဦးရှိကြောင်း
ပြည်နယ်ပြန်ကြားရေး ရုံးစာရင်းများအရ သိရသည်။

တိုင်းရင်းသားအရေအတွက်နှင့် ဘင်္ဂါလီလူမျိုးများ အရေအတွက် ကွာဟလာရခြင်းမှာ
နယ်စပ်လုံခြုံရေး အတားအဆီးများ၏ ခေတ်အဆက်ဆက် ထိန်းသိမ်းကိုင်တွယ်မှု ညံ့ဖျင်းခြင်းများ
ကြောင့် ဖြစ်ကြောင်း ဒေသခံတိုင်းရင်းသားများက ဆိုသည်။

"ခေတ်အဆက်ဆက်က နယ်စပ်လုံခြုံရေးကို ထိန်းချုပ်ခဲ့တာ ညံ့ဖျင်းမှုရဲ့ အကျိုးဆက်တွေကို
အခုခံစားနေရတာပေါ့" ဟု ရခိုင်တိုင်းရင်းသား ကိုကျော်ကျော်ထွန်းက ပြောသည်။

နယ်စပ်လုံခြုံရေး နှင့်ပတ်သက်၍ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အကြီးတန်းအရာရှိတစ်ဦးက
"ခေတ်အဆက်ဆက်က ထိန်းချုပ်ခဲ့တာ နည်းစနစ်မကျတာကြောင့်လည်း ပါပါမယ်။ အခုတော့
နယ်စပ်အ၀င်အထွက်တွေကို စနစ်တကျ ဆောင်ရွက်နေပါပြီ"ဟု ပြောသည်။

၂၀၁၂ ခုနှစ်၊ ဇွန်လပိုင်းက စတင်ခဲ့သော ပဋိပက္ခများကြောင့် နေ့စဉ်နှင့်အမျှ စိုးရိမ် စိတ်များနှင့်
နေထိုင်လျက်ရှိနေကြပြီး မြန်မာနိုင်ငံတွင်းမှ တရားဥပဒေ စိုးမိုးမှုမရှိသော ဒေသတစ်ခုတွင် နေထိုင်
နေရသလို ခံစားနေရကြောင်း ဒေသခံများက ဆိုသည်။

"မောင်တောမြို့မှာ တရားဥပဒေစိုးမိုးမှုမရှိဘူး။ တရားဥပဒေစိုးမိုးမှု မရှိလို့လည်း အခုလို အုပ်ချုပ်ရေး
ဝန်ထမ်းတစ်ဦးကို သတ်ဖြတ်ပြီး လက်နက်ကိုလည်း သိမ်းဆည်းထားတာပေါ့။ ဒီလိုလုပ်နေတာ
တွေကိုလည်း သက်ဆိုင်ရာတာဝန်ရှိတဲ့ သူတွေအနေနဲ့ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘူး။
ကျွန်တော်တို့ဒေသက သူပုန်နယ်မြေ တစ်ခုဖြစ်သလို ခံစားနေရတယ်"ဟု မောင်တောမြို့မှ
ရခိုင်လူမျိုး နိုင်ငံရေးတက်ကြွ လှုပ်ရှားသူ ကိုဝင်းသိန်းက ပြောသည်။

တပ်ကြပ်ကြီး အောင်ကျော်သိန်းနှင့် လက်နက်ပျောက်ဆုံးမှုနှင့် ပတ်သက်ပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၊
ပြည်နယ်ရဲမှူးကြီး နေမျိုးက "စုစုပေါင်း ပါဝင်ပတ်သက်သူ ၂၇ ဦး ရှိတယ်လို့ သတင်းရထားတယ်။
၁၁ ဦးက တစ်ဖက်နိုင်ငံကို ဆုကြေးငွေထုတ်ဖို့အတွက် သွားနေတယ်လို့ သိရတယ်။ ကျန်ခဲ့တဲ့
သူတွေ ကလည်း ဘင်္ဂါလီအများစု နေထိုင်တဲ့ ရွာတွေထဲမှာ ရှောင်ပုန်းနေကြတယ်။ နာမည်နဲ့တကွ
တော့ သတင်းအားလုံးရထား ပြီးပါပြီ။ အမြန်ဆုံး ဖမ်းဆီးရမိဖို့အတွက် ဆောင်ရွက်နေပါတယ် " ဟု
မြန်မာတိုင်း(မ်)ကို ပြောသည်။

ဒေသတွင်း အတူနေထိုင်နေကြသည့် လူမှု အသိုင်းအ၀ိုင်းနှစ်ခုကြား ယုံကြည်မှု၊ နားလည်မှု
တည်ဆောက်နိုင်ရေးမှာလည်း အလှမ်းဝေးနေဆဲဖြစ်ကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှုလည်း
ရရှိနိုင်ခြင်းမရှိသေးသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့်လည်း ဝေးကွာနေဆဲဖြစ်သည်။

စည်သူလွင်/မြန်မာတိုင်း(မ်)

No comments:

Post a Comment