Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, February 12, 2014

ABSDF မြောက်ပိုင်းကျောင်းသား ရဲဘော်ဟောင်းများ အမှတ်တရ ရုပ်တု ယနေ့စိုက်ထူမည်


မန္တလေး၊ ဖေဖော်ဝါရီ ၁၁

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) မြောက်ပိုင်း ပါဂျောင်စခန်းတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံ ကျောင်းသားရဲဘော်များ အောက်မေ့ခြင်းနှင့် မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ အထိမ်းအမှတ် ရုပ်တုကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (ပြည်ထောင်စုနေ့)တွင် မန္တလေးခရိုင် ပြည်ကြီးတံခွန် မြို့နယ် စက်မှုဇုန်ရှိ မြဝတီမင်းကြီး ကျောင်းတိုက်၌ ဖွင့်လှစ် စိုက်ထူသွားမည် ဖြစ်ကြောင်း ABSDF (မြောက်ပိုင်း) ဗဟိုကော်မတီဝင်ဟောင်း တစ်ဦး ဖြစ်သူ ဦးညီညီကျော်က The Voice သို့ပြောကြားသည်။

"တော်လှန်ရေးကာလမှာ ကျဆုံးသွားတဲ့ ကျောင်းသားရဲဘော်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ စိုက်ထူတာပါ။ ဥတ္တရကြယ်စင်လို့ နာမည် ပေးထားပါတယ်။ အမြင့် ၁၂ ပေ ၂ လက်မ ရှိပါတယ်။ သံကူ ကွန်ကရစ်နဲ့ တည်ဆောက်ထားပါတယ်" ဟု ၄င်းက The Voice သို့ ဆက်လက် ပြောကြားသည်။

အဆိုပါ မြဝတီမင်းကြီး ကျောင်းတိုက်တွင် ငြိမ်းချမ်းရေး ရင်ပြင် တစ်ခုလည်း တည်ဆောက်သွားရန် ရှိကြောင်း မြဝတီမင်းကြီး ကျောင်းတိုက်ထံမှ သိရှိရသည်။

ယင်းကျောင်းသားများ အမှတ်တရနေ့ အခမ်းအနားသို့ ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ မိုးညှင်း၊ သာယာဝတီစသည့် မြို့များမှ ကျောင်းသားရဲဘော်ဟောင်းများ တက်ရောက်ကြမည် ဖြစ်ကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ABSDF (မြောက်ပိုင်း) ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်နှင့် ကျောင်းသားရဲဘော် ၁၅ ဦးသေဆုံးမှု အပါအဝင် လူအစုလိုက် အပြုံလိုက် ဖမ်းဆီးညှဉ်းပန်း သတ်ဖြတ်မှုများနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် ဖော်ထုတ်ကာ တရားဥပဒေအရ အရေးယူနိုင်ရေး အတွက် အထူးစစ်ဆေးရေး အဖွဲ့နှင့် အထူးတရားရုံး ဖွင့်လှစ်ပေးနိုင်ရေး နိုင်ငံတော်သမ္မတထံ လက်မှတ်ထိုး တောင်းဆိုထားမှုများ ပြုလုပ်ထားကြောင်း အဆိုပါ ကျောင်းသားရဲဘော်ဟောင်း များအဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ယင်းအပြင် ABSDF မြောက်ပိုင်း ပါဂျောင်စခန်းတွင် အသတ်ခံခဲ့ရသူ ABSDF ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်၏ မိခင်နှင့် သေဆုံးသူ ဦးစိန်၏ သမီးဖြစ်သူ တို့ကလည်း သက်ဆိုင်ရာ ရဲတပ်ဖွဲ့စခန်း များတွင် အမှုဖွင့်ထားကြောင်း ယင်း ကျောင်းသားရဲဘော်ဟောင်း များထံမှ သိရှိ ရသည်။

သက်သေနှင့် သက်သေခံချက် အထောက်အထားများမှာ ကာလကြာ ညောင်းလျှင် သဲလွန်စများ ပြောင်းလဲ ပျက်စီးသွားနိုင်ကြောင်း သေဆုံးသူ ကိုထွန်းအောင်ကျော်၏ မိခင်က ၄င်း၏ တိုင်ကြားစာတွင် ဖော်ပြထားသည်။

ABSDF (မြောက်ပိုင်း) သတ်ဖြတ်မှုတွင် ၁၉၉၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက် နေ့ (ပြည်ထောင်စုနေ့) သတ်ဖြတ်မှု အပါအဝင် ကျောင်းသားရဲဘော် ၃၅ ဦးခန့် သတ်ဖြတ်ခံခဲ့ရသည်။

The Voice Weekly

No comments:

Post a Comment