Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 27, 2014

Eleven Media Group၏ သတင်းထောက်မခိုင်အမှု အယူခံ ပယ်ချခံရ

ယုဝေ | တနင်္လာနေ့၊ ဇန်နဝါရီ ၂၇ရက်၊ ၂ဝ၁၄ခုနှစ်။

ရန်ကုန်၊ မဇ္ဈိမ။ ။လွိုင်ကော်မြို့နယ်မှ Eleven Media Group၏ နယ်သတင်းထောက် မခိုင်ကို တရားသူကြီးက ဒီဇင်ဘာ ၁၇ ရက်တွင် အိမ်ကျော်နင်းမှုပုဒ်မ အပါအဝင် ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် သုံးလ ကျခံရန် အမိန့်ချခဲ့မှု အပေါ် အယူခံဝင်ခဲ့သော်လည်း ပယ်ချခြင်းခံခဲ့ရသည်ဟု Daily Eleven သတင်းစာ အယ်ဒီတာချုပ် ကိုဝေဖြိုးက မဇ္ဈိမကို ပြောသည်။

သတင်းထောက် မခိုင်ကို သတင်းရယူမှုနှင့် ပတ်သက်ကာ လွိုင်ကော်မြို့နယ် တရားရုံးက ဒု-မြို့နယ် တရားသူကြီးက ဒီဇင်ဘာ ၁၇ ရက်တွင် ပြစ်မှုပုဒ်မ ၄၅၁ (ပိုင်နက် ကျူးလွန်မှု) အရ ထောင်ဒဏ်သုံးလ၊ ပြစ်မှုပုဒ်မ ၅ဝဝ (အသရေဖျက်မှု) အရ ထောင်ဒဏ်တစ်လနှင့် ပြစ်မှုပုဒ်မ ၂၉၄ (ခ) (ညစ်ညမ်းစွာ ပြောဆိုမှု) အရ ထောင်ဒဏ် တစ်လတို့ကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်း အပေါ် ဇန်နဝါရီလက အယူခံ
ဝင်ခဲ့ခြင်း ဖြစ်သည်။

အယူခံဝင်မှု ပယ်ချခံရသည့် ကိစ္စနှင့်ပတ်သတ်၍ ကိုဝေဖြိုးက “အယူခံကတော့ ထပ်ဝင်တော့မှာ မဟုတ်ပါဘူး။ ပြန်ထွက်လာမယ့်ရက်နဲ့ အယူခံဝင်မယ့်ရက်နဲ့ ပြန်တွက်ကြည့်ရင် သိပ်မကွာတော့ဘူး မို့လို့ပါ။ အခု အယူခံ ဝင်တာ ပယ်ချခံရတာနဲ့ ပတ်သတ်ပြီးတော့ ပြင်းပြင်း ထန်ထန်ကို ကန့်ကွက်ပါတယ်”ဟု ဆိုသည်။

ရန်ကုန်မြို့တွင် ဒီဇင်ဘာ ၇ရက်က Eleven media group၏ နယ်သတင်းထောက် မခိုင် ထောင်ချခံရမှုအပေါ် အခြေတည်ကာ မှန်ကန်သော တရားစီရင်ရေး လုပ်ဆောင်ပေးရန်နှင့် သတင်းလွတ်လပ်စွာ ရယူခွင့်ပြုရန် ရည်ရွယ်၍ ဒီဇင်ဘာ ၇ ရက်နေ့က မဟာဗန္ဓုလ ပန်းခြံမှ ဗဟန်းမြို့နယ် Eleven media group ရုံးအထိ သတင်းထောက် ၁၅ဝ ခန့်က လမ်းလျှောက် ဆန္ဒပြခဲ့ကြသေးသော်လည်း မည်သည့်ထူးခြားမှုမျှ မရှိခဲ့ပေ။

ဆန္ဒပြပွဲတွင် ဦးဆောင်လုပ်ရှားခဲ့သည့် မြန်မာဂျာနယ်လစ်ကွန်ယက်အတွင်းရေးမှုး ဦးမြင့်ကျော် က နယ်သတင်းထောက် မခိုင်၏ ဖြစ်ရပ်အား လက်ခံလိုက်ပါက မီဒီယာအတွင်း ခြိမ်းခြောက်ခံရမှု၊ ထောင်ကျခံရမည့် ဖြစ်ရပ်များ ဖြစ်လာနိုင်သည့် အခွင့်အရေးများ ပေါ်ပေါက်လာနိုင်သည်ဟု မဇ္ဈိမ၏ အင်တာဗျူး တစ်ခုတွင် ဖြေကြားခဲ့ဖူးသည်။

Eleven media group သတင်းထောက်မခိုင်ကို အထက်တန်းရှေ့နေ ဒေါ်အေးအေးဖြိုးက အိမ်ကျော်နင်းမှု၊ အသေရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှု တို့ဖြင့် ၂ဝ၁၃ခုနှစ် ဒီဇင်ဘာလက တရားဆွဲဆိုခဲ့ခြင်းဖြစ်သည်။ ယင်းအမှုအား ဒုတိယ မြို့နယ် တရားသူကြီးက စစ်ဆေးခဲ့ပြီး အချိန် တစ်လခွဲခန့်အကြာတွင် ပုဒ်မ ၄၅၁၊ ပုဒ်မ ၅ဝဝ၊ ပုဒ်မ ၂၄၉ (ခ) တို့ဖြင့် ထောင်ဒဏ် သုံးလ ချမှတ်ခဲ့ခြင်းဖြစ်သည်။


Photo Caption>>> Eleven media group သတင်းထောက်မခိုင်ကိုထောင်သုံးလချခြင်းနှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်အတွက် ဒီဇင်ဘာ ၇ရက်က သတင်းထောက်များ ဆန္ဒထုတ်ဖော်နေကြစဉ်။ (ဓာတ်ပုံ- ဟိန်းထက်၊ မဇ္ဈိမ)

No comments:

Post a Comment