Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

ဟန်လင်းမြို့ဟောင်း ကမ္ဘာ့ရှေးဟောင်း အမွေအနှစ် စာရင်းဝင်ရေး လာရောက်စစ်ဆေး


Sunday, January 26, 2014

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်ရှိ ဟန်လင်း ပျူမြို့ဟောင်းကို ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ပါဝင်နိုင်ရေးအတွက် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ဝင် ICOMOS အဖွဲ့က ဇန်နဝါရီ ၂၄ ရက်နေ့က လာရောက် စစ်ဆေးခဲ့ကြောင်း သက်ဆိုင်ရာဌာနထံမှ သိရသည်။

ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း (NOMATI -ON DOSSIEM) တင်သွင်းထားချက်အရ ဟန်လင်းမြို့ဟောင်း ကမ္ဘာ့ယဉ်ကျေးမှု စာရင်းဝင်နိုင်ရေးအတွက် UNESCO က သတ်မှတ်ထားသည့် ကမ္ဘာ့ စံချိန်စံညွှန်းနှင့် ကိုက်ညီမှု ရှိ မရှိ လာရောက် စစ်ဆေးခြင်း ဖြစ်ကြောင်း ရွှေဘို - ဟန်လင်း ဌာနစု ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက် ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမြင့်သန်းက ပြောကြားသည်။

ယင်းအဖွဲ့နှင့်အတူ သမ္မတရုံးဝန်ကြီး ဦးလှထွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးသာအေး၊ ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်တို့က ဟန်လင်းမြို့ဟောင်းရှိ ကုန်းအမှတ် (၉)၊ ကုန်းအမှတ် (၂၂)၊ ကုန်းအမှတ် (၁၇) အပါအဝင် အထင်ကရ ကုန်းများကို လိုက်လံ ပြသခဲ့ကြောင်း ယင်းအဖွဲ့တွင် ပါဝင်သည့် အရာထမ်းတစ်ဦးက ပြောကြားသည်။

ဟန်လင်းမြို့ဟောင်း ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ပါက ကမ္ဘာလှည့် ခရီးသည် များကို ပိုမိုဆွဲဆောင်နိုင်မည်ဖြစ်ရာ ဒေသခံများလည်း အလုပ်အကိုင် ပိုမိုရရှိမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောဆိုသည်။

မြန်မာနိုင်ငံ၏ ပျူမြို့ဟောင်း သုံးခုဖြစ်သည့် ရွှေဘိုခရိုင် အတွင်းရှိ ဟန်လင်း၊ မင်းဘူးမြို့နယ်ရှိ ဗိဿနိုးနှင့် ပြည်မြို့အနီးရှိ သရေခေတ္တရာတို့ကို ရှေးဟောင်း ကမ္ဘာ့အမွေအနှစ် စာရင်း ထည့်သွင်းနိုင်ရေးအတွက် UNESCO သို့ ၂၀၁၂ ခုနှစ်လယ်ပိုင်းက စာရင်းသွင်းထားခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် ရှေးဟောင်း ကမ္ဘာ့အမွေအနှစ် စာရင်းကို UNESCO က ၂၀၁၄ ခုနှစ်အတွင်း ကြေညာမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment