Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 13, 2014

တရုတ်ကလာတဲ့ ပင်လယ်စာအကင်တွေ ယုံကြည်စိတ်ချရပါ့မလား

Written by  မောင်ဒိုး (ကံပေါက်)

ဗေဒါနှင့်ရွှေကြာဆွေးနွေးခန်း                                       
ရွှေကြာ။ ။ ဇန်န၀ါရီ ၉ရက်ထုတ် မဇိ္ဈမသတင်းစာကိုဖတ်ပြီး လမ်းဘေးမှာ ရောင်းနေတဲ့ အကင်ဆိုင် တွေ၊ အေးခဲကြက်သား၊ ကြက်ကလီစာတွေကို စားဖို့ တွန့်သွားတယ်။
ဗေဒါ။ ။ ဟ...ကြည့်လည်း လုပ်ပါဦး။ အကင်တွေစားရတာ အရသာရှိတယ်၊ ကြက်ကလီစာမှ ကြိုက် တယ်ဆိုတဲ့ သူက ဘယ်လိုဖြစ်ပြီး ချက်ချင်းကြီး အကြိုက်ပြောင်းသွားရတာလဲ ဟ ...ဟ။
ရွှေကြာ။ ။ တရားမ၀င် ကုန်စည်တွေ ကိုစစ်ဆေးတဲ့အခါ အေးခဲကြက်သားတွေ နယ်စပ်ကနေ ၀င်လာ တာဖမ်းမိတယ်လေ။ ဒီပစ်္စည်းတွေက မန္တလေးမှာ ပင်လယ်စာ ရောင်းတဲ့ဆိုင်နှစ်ဆိုင် ဖြစ်နေတယ်လို့ တာဝန်ရှိတဲ့သူတွေက ပြောတာကို ဖော်ပြထားတယ်ဗျ။ ကျန်းမာရေးနဲ့ ညီညွတ်မှု ရှိ မရှိ ဆိုတာကို မစစ် ဆေးနိုင်တဲ့ အေးခဲကြက်သားတွေနဲ့အတူ ကြက်ကလီစာသားတွေ၊ ကြက် ခြေထောက်၊ ကြက်တောင်ပံ တွေလည်း မျိုးစုံဝင်နေတော့ ...ဒီပစ္စည်းတွေမှာ ဘယ် လိုရောဂါပိုးတွေ ပါလာမလဲဆိုတာ ဘယ်သူမှ မပြောနိုင်ဘူးလေဗျာ။ ဒါတွေကိုတွေး ရင်းနဲ့စားရမှာ မသန့်တော့လို့ ပြောတာပါ။
ဗေဒါ။ ။ ခင်ဗျားကသာ ဒီသတင်းကိုကြားပြီး ပြူးတူးပြဲတဲဖြစ်နေတာ။ ကျွန်တော်ကတော့ ပြီးခဲ့တဲ့နှစ် ဆန်းပိုင်းကတည်းက လမ်းဘေးအကင်တွေကအစ၊ အေးခဲ ကြက်သားတွေ အဆုံးဘာမှ မစားတော့တာ ဗျ။ ကြက်သားစားချင်ရင် မွေးမြူရေးခြံကကြက်တွေကို ရောင်းတဲ့ဆိုင်မှာပဲ ၀ယ်စား တော့တယ်။
ရွှေကြာ။ ။ ဟ...လုပ်စမ်းပါဦး။ ခင်ဗျားက ဘာဖြစ်လို့ စိတ်ပြောင်းသွားရတာလဲ။
ဗေဒါ။ ။ ဒီလိုဗျ ...။၂၀၁၃ မေလဆန်းက တရုတ်ပြည်မှာ ကြွက်နဲ့ခွေးသားတွေကို အမဲသား၊ သိုးသား ဆိုပြီး အသား လိမ်ရောင်းမှုတွေနဲ့ လူ ၉၀၀ လောက်ကို အာဏာပိုင်တွေက ဖမ်းလိုက်တယ်ဗျ။ ဖမ်းမိ တာကလည်း နည်းနည်းနောနောတော့ မဟုတ်ဘူး။ အသားအတုတွေ၊ အရည်သွေးညံ့ဖျင်းတဲ့ အသား တွေ စုစုပေါင်းတန်ချိန် နှစ်သောင်းလောက်ကို သတင်းအရ ဖမ်းမိတာလေ။ အဲဒီအထဲမှာ တာရှည်ခံ ဓာတုဗေဒဆေးတွေ သုံးထားတဲ့ အသားတွေ၊ ပုပ်သိုးနေတဲ့ အသားတွေကို ပြန်ရှိုင်း ထားတာတွေ၊ ကြက် ခြေထောက်တွေကို ဟိုက်ဒရိုဂျင်ပါရောက်ဆိုဒ် အရည်တွေနဲ့စိမ်ပြီး ရောင်းနေတာတွေလည်း ပါတယ်ဗျ။
ရွှေကြာ။ ။ ဒီလိုဆိုရင် ကျွန်တော်တို့ နိုင်ငံထဲ တရုတ်က၀င်နေတဲ့အသားတုတွေ ကလည်း ဒီလိုပုံစံမျိုး မဖြစ်နိုင်ဘူးလို့ ဘယ်ပြောနိုင်မလဲ။
ဗေဒါ။ ။ ဟုတ်တယ်လေ။ ခင်ဗျားလည်း စဉ်းစားကြည့်ပေါ့ဗျာ။ ကျွန်တော်တို့ နိုင်ငံက မြို့ကြီးပြကြီးတွေ မှာ အကင်ဆိုင် ယဉ်ကျေးမှုထွန်းကားနေတာ ဘယ်လောက် ကြာပြီလဲ။ ဒီအကင်တွေမှာ ဘယ်လို အသားတွေကို ဘယ်လိုဓာတုဗေဒပစ္စည်းတွေနဲ့ လုပ်ထားမှန်းမသိဘဲ ...လူငယ်၊ လူကြီး အကုန်လုံး စား နေကြတာလေ။ ဒီအကင်တွေထဲမှာ ဘယ်လိုပစ္စည်းတွေပါသလဲလို့ မေးရင်...ဘယ်သူမှ ဒီကနေ့အထိ ဂဃ နဏ မဖြေနိုင်ကြဘူးဗျ။ FDA ကလည်း ဒီ အကင်တွေကိုစစ်ဆေးပြီး အများပြည်သူကို ထုတ်ပြန်တာ မျိုးလည်း မလုပ်ဘူး။ တိုင်စာရှိမှ လုပ်မယ်ဆိုတဲ့ စာအုပ်ကြီး လမ်းစဉ်အတိုင်းပဲ သွားနေတယ်။ ဒီလိုအခြေ အနေတွေကြောင့် ကျွန်တော်တို့နိုင်ငံဟာ WHO ရဲ့ ၂၀၁၁ ကထုတ်ပြန်တဲ့ အစီရင်ခံစာအရ ကမ္ဘာမှာ ကင်ဆာအဖြစ်များဆုံး ၁၀ နိုင်ငံ စာရင်းမှာ နံပါတ်နှစ်ချိတ်နေတာပေါ့ဗျာ။ ဒီတော့ ကာကွယ်ခြင်းဟာ ကုသခြင်းထက် ကောင်းတယ်ဆိုသလိုပဲ ...ကျွန်တော်လည်း အဲဒီလိုသတင်းတွေကြားပြီး နောက်ပိုင်း မစားတော့တာ ...။
ရွှေကြာ။ ။ ခင်ဗျားပြောတာ သဘောပေါက်ပါတယ်။ ဒါပေမဲ့ သူသူကိုယ်ကိုယ် ဖြစ်ကာမှ ဖြစ်ရောဗျာ။ မျက်ကန်းတန္ဆေ မကြောက် စားနေကြတာကို နေ့တိုင်းတွေ့နေ ရတာပဲလေ။ ဒါနဲ့ နေစမ်းပါဦး။ ခင်ဗျား ပြောတဲ့အထဲမှာ အသားအတုတွေကို အရင်တုန်းကမဖမ်းဘဲ အခုမှဘာဖြစ်လို့ ရေးကြီးခွင်ကျယ်လုပ်ပြီး ဖမ်းတာလဲ။
ဗေဒါ။ ။ ပြီးခဲ့တဲ့ မတ်လတုန်းက ရှန်ဟိုင်းမြစ်ထဲမှာ ၀က်အသေကောင်တွေ ထောင်ချီပြီးမျောလာတော့ တရုတ်ပြည်မှာ လူတွေအကုန်လုံး အထိတ်တလန့် ဖြစ်ကုန် ကြတာ မှတ်မိတယ်မဟုတ်လား။ အဲဒီ နောက်ပိုင်းမှာ စားကြွင်းစားကျန် ရေမြောင်းတွေကနေ စားသုံးဆီထုတ်ယူတဲ့ ကိစ္စတွေကလည်း ဆက် တိုက်ဖြစ်လာတော့ အခုလို စစ်လားဆေးလားကိစ္စတွေ နောက်ဆက်တွဲ ဖြစ်လာတာပေါ့ဗျာ။
ရွှေကြာ။ ။ အခုလည်း ကျွန်တော်တို့ နိုင်ငံထဲ တင်သွင်းခွင့်ပိတ်ပင်ထားတဲ့ ကြက်အူချောင်း၊ ကြက် အသည်း အမြစ်၊ ကြက်သား၊ အေးခဲဘဲသား၊ အသားတုတွေ တရုတ်နယ်စပ်က ဖြတ်ဝင်လာတာတွေ့လို့ မိုဘိုင်းတင်းတွေက တစ်ချိန်လုံးမီးရှို့ဖျက်ဆီးနေရတာပဲဗျ။ ပြီးခဲ့တဲ့ ခြောက်လကျော်ကာလထဲမှာတောင် စားသောက်ကုန်တွေ သန်းနှစ် ရာဖိုးလောက် ဖျက်ဆီးခဲ့ပြီးပြီလို့ပြောတယ်။
ဗေဒါ။ ။ ဖျက်ဆီးတယ်လို့သာ ပြောတာပါဗျာ။ ဘယ်လိုနည်းနဲ့ ခုန်ပျံကျော်လွှား ၀င်လာမှန်းမသိတဲ့ အဲဒီပစ္စည်းတွေက အရပ်တကာက လမ်းဘေးတွေမှာ အကင်ဆိုင်ဖွင့်ပြီးရောင်းနေတာက ဖျက်ဆီးလိုက် တဲ့ အရေအတွက်ထက် အဆတစ်ထောင် လောက်ရှိမှာပါ။ ဒီလို အကင်ဆိုင်တွေကို နေ့တိုင်း တွေ့နေရ တာပဲ။ နယ်စပ်ဖြတ်တုန်း ဖမ်းတာလည်းဖမ်းပေါ့။ ဒါပေမဲ့ မန္တလေးမှာရော၊ ရန်ကုန်မြို့လယ်က သံဈေးနား တစ်ဝိုက်မှာပါ ရောင်းနေတဲ့ လက်ကားဒိုင်တွေကို စစ်ဆေးအရေးယူတာက ပိုပြီး ထိရောက်မှာပါဗျာ။
ရွှေကြာ။ ။ တလောကသတင်းတွေထဲမှာ တရုတ်နယ်စပ်ကနေ ၀င်နေတဲ့ စားသောက်ကုန်တွေထဲ ကျန်းမာရေးထောက်ခံချက် မရှိတဲ့အပြင် စားသုံးဖို့လည်း မသင့်လျော်တဲ့ အရည်အသွေးနိမ့် တရုတ်စား သောက် ကုန်တွေဝင်နေတာကို ယူနန်ပြည်နယ်က တာဝန်ရှိတဲ့သူတွေနဲ့ ဆွေးနွေးမယ်လို့တော့ ပြော သံကြားတယ်။ ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်းကလုပ်တဲ့ နှစ်နိုင်ငံဆွေးနွေးပွဲမှာလည်း ကျွန်တော်တို့နိုင်ငံကိုသွင်းတဲ့ စားသောက်ကုန် ပစ္စည်းတွေကို နိုင်ငံတကာသုံးအင်္ဂလိပ်စာ တန်းနဲ့ဖော်ပြပေးဖို့ကိုလည်း ကျွန်တော်တို့ နိုင်ငံဘက်က တောင်းဆိုထားသေးတယ်။
ဗေဒါ။ ။ ဒီကိစ္စကနယ်စပ်က မိုဘိုင်းတင်းတွေ၊ ဒေသဆိုင်ရာ အာဏာပိုင်တွေ ထိထိရောက်ရောက် ကိုင် တွယ်ရင် မဖြစ်နိုင်စရာ အကြောင်းမရှိပါဘူး။ ပြီးတော့ ပြည်တွင်း လက်ကားဒိုင်တွေကိုလည်း စစ်ဆေး အရေးယူတာမျိုးပါလုပ်ရင် အများပြည်သူတွေအနေနဲ့ ဈေးကွက်ထဲက စားသောက်ကုန်တွေကို ယုံကြည် စိတ်ချမှုအပြည့်နဲ့ စားသောက်နိုင်မှာပေါ့ဗျာ။ စားသုံးသူတွေအနေနဲ့ ကိုယ်စားမယ့် စားသောက်ကုန်တွေ မှာ မဖတ်တတ်တဲ့ ပဲတီပင်ပေါက်စာလုံးတွေနဲ့ ရေးသားထားတဲ့ စာလုံးတွေပါရင် လက်ရှောင်ကြဖို့ အရေး ကြီးတာပေါ့။ ပြီးတော့ နောက်တစ်လဆိုရင် တရုတ်ပြည်မှာ ကြက်ငှက်တုပ်ကွေးတွေ ဖြစ်နေကျရာသီပဲ လေ။ ပြီးခဲ့တဲ့နှစ်တွေကလည်း တရုတ် နိုင်ငံဘက်က၀င်လာတဲ့ တရားမ၀င် ၀က်သားတွေကို မတားဆီး နိုင်ခဲ့လို့ ကျွန်တော်တို့နိုင်ငံက၀က်တွေ အတော်များများ ရောဂါကူးစက်ခံရသေးတယ်။ ဒီတော့ တရုတ် ကသွင်းလာတဲ့ စားသောက်ကုန်တွေမှာ ပဲတီပင်ပေါက်စာသားတွေပါရင် သွင်းခွင့်မပေးနဲ့၊ အင်္ဂလိပ်စာ တမ်းပါမှ သွင်းခွင့်ပေးပေါ့။ ပြီးတော့ ပြည်တွင်းက အသားတုလက်ကားဒိုင်တွေကိုလည်း ရှောင်တခင် စစ်ဆေး အရေးယူတာမျိုးကို ထိထိရောက်ရောက် လုပ်ဖို့လိုတယ်လို့ ယူဆပါတယ်ဗျာ။

No comments:

Post a Comment