Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 28, 2014

ရန်ကုန်တိုင်းအတွင်း သတိပေးခံရသော တရုတ်ဆေးကုခန်း ဆယ်ခုကျော်ရှိ

ရန်ကုန်၊ ဇန်နဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး အတွင်း ဖွင့်လှစ်ထားသော ကြော်ငြာလွန် တရုတ်ဆေးကုခန်းများ ထဲက တိုင်ကြားမှု လက်ခံထားသော ဆေးခန်း ဆယ်ခုကျော်ကို တိုင်းအစိုးအရ အဖွဲ့က အရေးယူရန် သတိပေး ထားကြောင်း အဆိုပါအစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက The Voice သို့ပြောကြားသည်။

လိုင်စင်မဲ့ ဆေးကုသနေသော နိုင်ငံခြားသား ဆရာဝန်များရှိရာ ဆေးကုခန်းများကို သတိပေးထားခြင်း ဖြစ်ပြီး အများစုမှာ လမ်းမတော်မြို့နယ်၊ လသာမြို့နယ်နှင့် ကျောက်တံတားမြို့နယ် များရှိ တရုတ်လူမျိုး ဆရာဝန်များ ရှိရာ ဆေးပေးခန်းများ ဖြစ်ကြောင်း ၄င်းက ထပ်လောင်းပြောကြားသည်။

လက်ရှိအချိန်တွင် သတိပေးခံရသော ဆေးကုခန်းများမှာ စောင့်ကြည့်စစ်ဆေးမှု အားနည်းချက်ကြောင့် တရားမဝင် ဖွင့်လှစ်မှုများ ရှိနေကြောင်း၊ ယင်းကြောင့် သက်ဆိုင်ရာ မြို့နယ်များက မြို့နယ် ကျန်းမာရေးဆရာဝန်နှင့် မြို့နယ် အုပ်ချုပ်ရေးမှူး များကို စောင့်ကြည့်အရေးယူရန် ညွှန်ကြားထားကြောင်း ၄င်းက ဆက်လက်ပြောဆိုသည်။

မြန်မာနိုင်ငံတွင် နိုင်ငံခြားသား ဆရာဝန်များ လာရောက်ဆေးကုသမည် ဆိုပါက ဆေးကောင်စီ၏ ခွင့်ပြုချက် လိုင်စင်ရှိမှသာ ကုသနိုင်ကြောင်း၊ သို့သော် နိုင်ငံခြားသား တိုင်းရင်းဆေးဆရာဝန်များ အတွက်မူ တိုင်းရင်းဆေး အက်ဥပဒေ မရှိသည့်အတွက် တိုင်းရင်း ဆေးကုခန်းများ တရားဝင်ဖွင့်လှစ်ခွင့် မပြုထားကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ရုံး ထံမှ သိရသည်။

"ထိထိရောက်ရောက်တော့ အရေးယူတော့မှာ။ ဆေးခန်းပိတ်သိမ်းမယ်။ တရားဥပဒေအရ အရေးယူတဲ့ အခါမှာလည်း လူကို လိမ်လည်တာလား၊ လူနာ ထိခိုက်အောင် လုပ်တာလားပေါ် မူတည်ပြီး ပြစ်ဒဏ်ပေးမယ်။ ထောင်ဒဏ်လည်းဖြစ်နိုင်တယ်" ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးကဆိုသည်။

အဆိုပါဆေးခန်းများ အတွက် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူများက ပုဂ္ဂလိက ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေနှင့် အညီ ဆောင်ရွက်နေပြီး စီမံကိန်း အနေနှင့် ဆက်လက်ဆောင်ရွက်ရန် မရှိကြောင်း ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်က The Voice သို့ ပြောကြားသည်။

ရန်ကုန်တိုင်း အစိုးရအဖွဲ့က ဇန်နဝါရီလ ၁၄ ရက်နေ့တွင် လမ်းမတော် မြို့နယ်ရှိ ပုဂ္ဂလိက ဆေးကုခန်းနှင့် တရုတ်လူမျိုး ဆရာဝန်ကို သွားရောက်စိစစ်ပြီး အရေးယူရန် စီစဉ်လျက်ရှိသည်။

The Voice Weekly

No comments:

Post a Comment