Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

မောင်တောတွင် လုံခြုံရေး အပြည့်ချထားမည်ဟုဆို

မောင်တော၊ ဇန်နဝါရီ ၂၁

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံခဲ့ရသည် ဒုချီးရားတန်း ကျေးရွာအနီးရှိ ကျေးရွာများကို တပ်မတော်နှင့် ရဲတပ်ဖွဲ့များကို အပြည့်အဝ ချထားပေးမည် ဖြစ်ကြောင်း မောင်တောခရိုင် ရဲတပ်ဖွဲ့မှ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခံရ၍ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၀ ရက်နေ့က မောင်တောမြို့ မြို့တော်ခန်းမတွင် ရခိုင်ပြည်နယ် ပြည်နယ် ရဲမှူးကြီး အပါအဝင် တာဝန်ရှိသူများနှင့် တိုက်ခိုက်ခံရမှု ဖြစ်ပွားသည့် မောင်တောမြို့နယ် တောင်ပိုင်းမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံစဉ် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။

မောင်တောမြို့နယ် တောင်ပိုင်းအတွက် မောင်တောခရိုင် ရဲတပ်ဖွဲ့နှင့် ဘူးသီးတောင်မြို့နယ် တပ်ရင်းမှ တပ်မတော်သားများက လုံးဝ တာဝန်ယူသွားမည် ဖြစ်ကြောင်း ရဲမှူးချုပ် တင်ကိုကိုက ဆိုကြောင်း အဆိုပါ အစည်းအဝေး တက်ရောက်ခဲ့သည့် ဒေသခံများထံမှ သိရှိရသည်။

ဒုချီးရားတန်း ကျေးရွာအနီး ရခိုင်တိုင်းရင်းသားများ နေထိုင်သည့် ကင်းချောင်း၊ ခရေမြိုင်၊ ရွှေရင်အေး စသည့် ရခိုင်တိုင်းရင်းသား ကျေးရွာများမှ အမျိုးသမီးများနှင့် ကလေးငယ်များသည် လုံခြုံရေး အားနည်းသဖြင့် ယင်းနေရာတွင် ဆက်လက် မနေဝံ့သဖြင့် လုံခြုံရေး အားကောင်းသည့် မောင်တောမြို့နှင့် လေးမိုင်ကျေးရွာတို့သို့ လွန်ခဲ့သည့် ရက်ပိုင်းက ပြောင်းရွှေ့သွားကြကြောင်း ဒေသခံများထံမှ သိရှိရသည်။

ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်ကြီး အလောင်းကို ဒေသခံများကပါ ဝိုင်းဝန်း ရှာဖွေပေးကြရန် တိုက်တွန်းခဲ့ပြီး ရဲတပ်ကြပ်ကြီးကို ထုတ်မပေးသည့် ဒုချီးရားတန်းမှ ဒေသခံ များကိုလည်း အရေးယူမည်ဟု ရဲချုပ်ကြီး တင်ကိုကိုက ပြောဆိုခဲ့ကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူများက ပြောဆိုကြသည်။

တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီလ ၁၉ ရက်နေ့မှစ၍ ကင်းချောင်း၊ ခရေမြိုင်၊ ရွှေရင်အေး စသည့် ကျေးရွာများသို့ စတင်ရောက်ရှိကြောင်း ရွှေရင်အေးကျေးရွာမှ ဒေသခံ ဦးစောလှသိန်းက ပြောကြားသည်။

အဆိုပါ ကျေးရွာများသည် ၂၀၁၂ ခုနှစ် သြဂုတ်လက ဖြစ်ပွားခဲ့သည့် ပဋိပက္ခတွင် အကြမ်းဖက် မီးရှို့ခံခဲ့ရသဖြင့် အလားတူ ထပ်မံဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း၊ လုံခြုံရေးအင်အား အပြည့်အဝ ချထားပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောဆိုကြသည်။

မောင်တောမြို့နယ် ခရေမြိုင် ကျေးရွာမှ ရဲတပ်ဖွဲ့ဝင် ငါးဦးနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးနှစ်ဦး ပါဝင်သည့် လုံခြုံရေး အဖွဲ့သည် ဇန်နဝါရီလ ၁၃ ရက်နေ့က ဘင်္ဂါလီများ နေထိုင်သည့် ဒုချီးရားတန်း ကျေးရွာသို့ ရောက်ရှိရာတွင် ဘင်္ဂါလီများ၏ တိုက်ခိုက်မှု ခံရသဖြင့် ရဲတပ်ကြပ်ကြီး တစ်ဦးနှင့် ၎င်းကိုင်ဆောင်သည့် အမ် ၂၂ မောင်းပြန် သေနတ်တစ်လက် ပျောက်ဆုံးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရှိရသည်။

(ခင်မောင်အေး)

The Voice Weekly

No comments:

Post a Comment