Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 27, 2014

" တက္ကသိုလ်ပရဝဏ်ထဲက လွတ်လပ်ရေး နတ်သမီးနဲ့သံလွင်ခက် "


ကျွန်တော်ကဗျာတစ်ပုဒ် ရေးဖူးတယ်။

ငါ့တက္ကသိုလ်ထဲက
ငြိမ်းချမ်းမှုမျိုး
ငါပြန်လိုချင်တယ်။
ငါ့ အမိမြေထဲက
လွတ်လပ်မှုမျိုး
ငါပြန်ရချင်တယ်။

၁၉၈ဝ နောက်ပိုင်း ရန်ကုန်စက်မှုတက္ကသိုလ်တက်နေဆဲကာလမှာ ကျွန်တော့်ခြေလှမ်းတွေစက်မှု တက္ကသိုလ်ထဲဝင်လိုက်တာနဲ့ပဲ လွတ်လပ်ပေါ့ပါး ပြီး

လန်းဆန်းတက်ကြွသွားတယ်။ နှလုံးသားက ငြိမ်းချမ်း ပြီး ကြည်နူးသွားတယ်။ အဲဒီ တုန်းက မဆလခေတ်၊ ကျောင်း ပရဝဏ်ထဲမှာ အားလုံးလွတ် လပ်မှုရှိတယ်။နတ်သမီးနဲ့

တင်စားတော့ လွတ်လပ်ရေး နတ် သမီးအဖြစ်၊လွတ်လပ်မှုကို ကာ ကွယ်စောင့်ရှောက်တဲ့ နတ်သမီး အဖြစ် တင်စားထားတာပါပဲ။ သံလွင်ခက်ဆိုတာ ငြိမ်းချမ်းမှု၊

ငြိမ်းချမ်းရေးချိုးငှက်ရဲ့ နှုတ်သီးဖျားက သံလွင်ရွက်၊ ဟုတ် တယ်။အဲဒီတုန်းက တက္ကသိုလ် ထဲမှာလွတ်လပ်မှုလည်းရှိတယ်။ ငြိမ်းချမ်းမှုလည်းရှိတယ်။ တက္ကသိုလ် ရဲ့ အနံ့အသက်က ပေါ့ပါးလန်း ဆန်းလတ်ဆတ်တယ်။ မဆလ ခေတ်တစ်ပါတီ အာဏာရှင် စနစ်က သတ်သတ်၊ တက္ကသိုလ် ရဲ့ လွတ်လပ်မှုကတစ်ဖက်လို ဖြစ်နေတယ်။

(၂)

” ဟေ့ကောင် ငှက်ကြီး ထလေ လက်ဖက်ရည်သွားသောက်မယ်”
” သူငယ်ချင်းတို့သွားနှင့် ကိုယ်နာရီပေါ်က မျက်ရည်စ Notes က ပြီးခါနီးပြီ”

ကျွန်တော်နဲ့ ပုသိမ်က လှမိုးတို့ လက်ဖက်ရည်ဆိုင်ထွက်ခဲ့တယ်။ ကျွန်တော်က အဆောင်မှာနေတာ များပါတယ်။အဆောင်က နှစ်ယောက် ခန်း၊ နောက်ဆုံးနှစ်မှာ တစ်ေ ယာက်ခန်းရပါတယ်။ အဲဒီတော့ အဆောင်ကနေ အတန်းကျလို့ အဆောင်နေ ခွင့်မရသူတွေနဲ့ ရန်ကုန်ကျောင်းသား တချို့အဆောင်မှာ လာနေဖြစ် ကြလို့ နှစ်ေ ယာက်ခန်းမှာ တစ် ခါတလေလေး၊ ငါးယောက်ဖြစ်နေ တယ်။ ဖြစ်သလို အိပ်ကြတာ ပေါ့။ ထမင်းကိုတော့ အဆောင် မှာ လပေးစားလို့ ရပါတယ်။ တစ်ခါစား သုံး ကျပ်ပဲရှိတယ်။ တစ်လကို ၁၅ဝကျပ်ပေးရင် အဆောင်နေကျောင်းသားလို ထမင်းစားလို့ ရပါတယ်။

ငှက်ကြီး(ထူးအိမ်သင်)က တော့ ပုသိမ်က လှမိုးအခန်းမှာ လာနေရင်းနဲ့ပဲ တစ်ချိန်လုံး ဂစ်တာတီးပြီး Notes ရေးနေတယ်။ ထမင်းစားချိန်က လွဲလို့ပေါ့ လေ။ကျွန်တော်တို့ R.I.T ကျောင်း သားတွေက ဖဲရိုက်ဝါသနာပါတယ်။ ဖဲရှုံးတဲ့လူလည်း လက်စွပ်၊နာရီပေါင်တယ်။ Calculator ကအစပေါင်တယ်။ အပေါင် ခံတဲ့ ကျောင်းသားလည်း အဆောင် မှာရှိပါတယ်။ နိုင်တဲ့လူက အား လုံးကို ညစာကျွေးတာပေါ့လေ။ တချို့လည်း ပိုက်ဆံ ပြန်ပေးရင်း နဲ့ပဲပျော်စရာဘဝတွေဖြတ်ခဲ့တယ်။

(၃)

အဆောင်မှာ မောင်နှမဆောင်တွေ dinner night တွေ ရှိပါတယ်။ ပထမနှစ်ကနေ စတုတ္ထ နှစ်အထိ R.I.T ကျောင်းသားတွေကို သမိုင်းဝင်းထဲက စဉ့်ကူ၊ ဒူးယား၊ အင်းလေး၊ ဇွဲကပင် အဆောင်တွေရှိပါတယ်။ Eco အမျိုးသမီးအဆောင်အင်ကြင်း၊ ကံ့ကော်၊သရဖီ၊နှင်းဆီနဲ့ မောင် နှမအဆောင်တွေအဖြစ် သတ် မှတ်ထားတယ်။ အမျိုး သမီး အဆောင်မှာဖြစ်ဖြစ်၊ အမျိုး သားအဆောင်မှာဖြစ်ဖြစ် dinner night လုပ်ပါတယ်။ အဲဒီ ညမျိုးဆိုရင် ကိုခင်မောင်တိုးရဲ့ တီးဝိုင်းက သီချင်းအမြဲ လာ ဆို ပေးတယ်။ကိုခင်မောင်တိုး၊ကိုရဲ လွင်၊ ကိုမောင်မောင်(အဉ္စလီ)၊ ကိုတင်မောင်လှိုင်တို့က R.I.T ကျောင်းသားဟောင်းတွေလေ။ တစ်ခါတလေ စာပေဟောပြောပွဲကို R.I.T ကျောင်းခန်းမ မှာ လုပ်ပါတယ်။ R.I.T ကျောင်းသားဟောင်းတွေဖြစ်တဲ့ ကိုစိန်ဝင်း(မောင်စိန်ဝင်း ပုတီးကုန်း)၊ ဆရာနွမ်ဂျာသိုင်း၊ဆရာမ မစန္ဒာ တို့က စာပေေ ဟာပြောပါတယ်။

dinner night က ပျော်စရာကောင်းပါတယ်။ ကြည်နူးဖွယ်ရာ သီချင်းသံနဲ့အတူ ဝမ်းသာမှုအပြည့်နဲ့ လက် ဆောင်လဲလှယ်မှုတွေဟာ သာ ယာမိန်းမောစရာပါပဲလေ။ စာပေဟောပြောပွဲဆီက အတွေ့အကြုံတွေဟာ မှတ်သား စရာပဲလေ။ ညဘက်ဆိုရင် ကိုယ်ပိုးနေတဲ့၊ စိတ်ဝင်စားနေ တဲ့ အမျိုးသမီးအဆောင်ရှေ့မှာ ဂစ်တာ သွား တီးဖြစ် ပါတယ်။ အခန်းဆီက မီးလုံး လေးလင်း လာရင် မွန်းအောင်ရဲ့ ၈/၈၂ အင်းယားသီချင်းနဲ့ မောင့်သီ ရိမေကို နာမည်ပြောင်းထားတဲ့ မောင့်သရဖီ၊ အင်ကြင်း၊ ကံ့ ကော်၊ နှင်းဆီမေသီချင်းတွေ လည်းဆိုဖြစ်ကြပါတယ်။ သူတို့ ဆီကလာပေးတဲ့မုန့်တွေစားရင်း သီချင်းဆိုရင်း အားရကျေနပ် စရာညတွေဟာနှလုံးသားထဲမှာ ထင် ကျန်နေတုန်းပါပဲလေ။

နောက်တစ်ခု ကျွန်တော်တို့ ကျောင်းမှာ နေသွားတဲ့ ကိုစံဇာဏီဘိုလည်း အရှေ့ကြို့ကုန်းမှာ မြန်မာ၊ အင်္ဂလိပ်၊ ပြင် သစ် ၃/၄ဘာသာနဲ့ လက္ခဏာ ဟောတဲ့ အိမ်လေးလည်း ရှိပါ တယ်။ R.I.T ကျောင်းသား ကတ်ပြရင် ၅ကျပ်ပဲ ယူပါတယ်။ အပြင်လူဆိုရင် ကျပ်၁ဝ ၊ ၁၅ ကျပ် ယူပါတယ်။ အဲဒါလေးတွေနဲ့ လက်ဖက်ရည် ၃၃ မျိုးရောင်းတဲ့ သမိုင်းဝင်းထဲက ကိုမွန်တို့ဇနီး မောင်နှံရဲ့ ဆိုင်လေးဟာလည်း သတိရစရာပါပဲ။ တကယ်သောက် ကြည့်ပါ လက်ဖက် ရည်အရသာ ၃၃မျိုးထွက်ပါတယ်။ ချိုပေါ့၊ ချိုပေါ့ကျ၊ ချိုဖန်၊ ဖန်၊ ဖန် စိမ့်၊ ….အဲဒါမျိုး ကျွန်တော်တို့ စမ်းသောက်ကြည့်တာပါပဲ။ အရသာ ၃၃မျိုး ထွက်ပါတယ်။ dinner night ကျောင်းထဲက နွေအေး လက်ဖက်ရည်ဆိုင်လည်း လူကြိုက်များပါတယ်။

ကျောင်းတက်စဉ်ကာလတုန်းက Picnic တွေကိုလည်း မောင်နှမဆောင်တွေ ပေါင်းထွက်ကြပါတယ်။အဲဒီဂိမ်းကစားတာ၊မဲနှိုက်တာ၊ လက်ဆောင် လဲတာနဲ့ပဲတက္ကသိုလ်ရဲ့ အရသာနဲ့ ကြည်နူးမှုဟာ ပိုပြည့်စုံလာပါတယ်။ အကယ်၍ ၁၉၈၈၊ မတ်လ ၁၂ရက် ကျွန်တော်တို့ လှော်ကားကန်ကို Picnic မထွက် ဖြစ်ရင် အဲဒီနေ့ညဟာ ကိုဖုန်းမော် ကျဆုံးတဲ့ နေ့ဖြစ်မှာပါပဲလေ။အဲဒီနေ့အပြန် A,B,C,D,E,F ကျောင်းထဲမှ အဆောင်အားလုံးက ကျောင်းသားတွေ မောပန်း နေပါတယ်။ ကြက်ဥက ကျွန်တော့်ကို လာပြောတယ်။

” အောင်ထွန်း ငါတို့ရပ်ကွက် ကောင်စီရုံးကို သွားရှင်းမယ်”
” နောက်နေ့မှသွားပါလား”

ကြက်ဥ ကျွန်တော့်ကို ခေါင်းညိတ်ပြရင်း ထွက်သွားတယ်။ အဲဒါနဲ့ပဲ မတ်လ ၁၃ရက်မှာ ည ၆နာရီလောက် အနောက်ကြို့ကုန်းက ရပ်ကွက်ကောင်စီရုံးကို သွားရှင်းလင်း ရင်းနဲ့ ၁၉၈၈- ၈လေးလုံးသမိုင်းအစဟာ ၁၉၈၈၊ မတ်လ ၁၃ရက်၊ ည၈နာရီမှ စခဲ့ပါတယ်။

(၄)

ကျွန်တော်တို့ဟာ ရန်ကုန်တက္ကသိုလ်နဲ့ RC (2) ထဲကို လည်း သွားဖြစ်ပါတယ်။အဲဒီတော့ RC (1)နဲ့ ရန်ကုန်တက္ကသိုလ်ထဲက သူငယ်ချင်းတွေ ထပ်တိုး လာပါတယ်။ အဆောင်က နိုင်ငံရေး စကားဝိုင်းလေးတွေက ရန်ကုန်တက္ကသိုလ် ဦးချစ်လက်ဖက်ရည် ဆိုင်မှာ ထပ်ဆုံဖြစ်ပါတယ်။ အဲ ဒီကျောင်း(၂)ကျောင်းပေါင်းတဲ့ သူငယ်ချင်း အုပ်စုဟာ လူ ၂၅ ယောက်လောက် ရှိပါတယ်။ ဗကသတွေဖွဲ့ဖြစ်၊ ကဗျာ စာ အုပ်တွေ ထုတ်ဖြစ်ပါတယ်။ ကျွန်တော်တို့အုပ်စုထဲမှာ ကိုမောင် မောင်ကျော်၊ ကိုအောင်သူ၊ ကိုမိုး သီးဇွန်၊ ကိုထွန်းမြင့်၊ ကိုဖုန်းမြင့် သူတို့တွေက ညလုံးပေါက် ဦးချစ်လက်ဖက်ရည်ဆိုင်ထိုင်၊ စကားတွေပြော၊ လှည်းတန်း မီးပွိုင့် ၃မြှောင့်ချွန်မှာ ထိုင်၊ မနက်အထိ ဂစ်တာတီးသီချင်း ဆို၊စကားတွေပြောဖြစ်ပါတယ်။ အဲဒီတုန်းက တက္ကသိုလ်ဟာ လွတ်လပ်နေသလို၊ ငြိမ်း ချမ်းနေသလို ကြည်နူးစရာပါပဲ။ မဆလအစိုးရကလည်း သူတို့ ဘက်မြားဦးမလှည့်ရင် ပြီးရော ဆိုပြီးဖွင့်ပေးထားတာပါပဲ။ ကျောင်း သားတွေရဲ့ စိတ်အာရုံကိုလွှဲ ထားတာပါပဲ။ ဒါပေမဲ့ ကျောင်းအလိုက် Stage Show တွေရဲ့ ညဘက်ဟာ လှပနေပါတယ်။

(၅)

ဒါတွေဟာ နှစ်တွေကြာခဲ့ ပါပြီ။ အခုကျွန်တော်တို့ တက္ကသိုလ်တွေဟာ ဆက်လက်တည်ရှိနေပါတယ်။ ကျောင်းသားတွေလည်း မျိုးဆက်တွေကူးဆက်နေကြပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ တက္ကသိုလ်ခေတ်ကလိုမျိုး ပြန် မတွေ့ရသေးပါဘူး။ အဆောင် နေခွင့်တောင်အခုမှစရတာပါ။ အဲဒီတော့ဒီနေ့တက္ကသိုလ်ကျောင်း တက်နေတဲ့ မျိုး ဆက်တွေအတွက်

အမိတက္ကသိုလ်ထဲက
လွတ်လပ်မှုတွေ
မျိုးဆက်သစ်တွေအတွက်
ပြန်ပေးပါ။
အမိတက္ကသိုလ်ထဲက
ငြိမ်းချမ်းမှုတွေ
မျိုးဆက်သစ်တွေအတွက်
ပြန်ရပါစေ။

စေတနာဖြင့်.....

အောင်ထွန်း

No comments:

Post a Comment