Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

သက်သေခံမြေပုံ ပုံစံပြုလုပ်ရာတွင် ငွေကျပ်ခြောက်သောင်း ပေးသွင်းရဟုဆို

မြစ်ကြီးနား၊ ဇန်နဝါရီ ၂၁

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝါရှောင်ကျေးရွာ တွင် ဒေသခံများ နေအိမ်ခြံဝင်း ပိုင်ဆိုင်မှု အထောက်အထားအတွက် သက်သေခံမြေပုံ ပုံစံ - ၁၀၅ ပြုလုပ်ရာတွင် ငွေကျပ်ခြောက်သောင်းကို ဝိုင်းမော်မြို့နယ် မြေစာရင်းရုံးသို့ ပေးသွင်းရကြောင်း ဝါရှောင်ကျေးရွာ ဒေသခံများထံမှ သိရသည်။

ဝါရှောင်ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံများကို အစည်းအဝေး ခေါ်ယူ၍ ခြံမြေပိုင်ဆိုင်မှု အထောက်အထား ထားရန် သက်သေခံမြေပုံ ပုံစံ- ၁၀၅ကို ပြုလုပ်သင့်ကြောင်း ပြောဆိုခဲ့ပြီးနောက် ဝိုင်းမော်မြို့နယ် မြေစာရင်းဌာနမှ မြေတိုင်းစာရေးတစ်ဦး လာရောက်ကာ သက်သေခံမြေပုံ ပုံစံ- ၁၀၅ ကို ပြုလုပ်ပေးနေသည်မှာ ရက်သတ္တတစ်ပတ်ခန့် ရှိပြီဖြစ်ပြီး ရရှိချိန်တွင် ငွေကျပ်ခြောက်သောင်းကို ပေးသွင်းရကြောင်း၊ ယင်းကောက်ခံသောငွေမှာ နိုင်ငံတော်သို့ တရားဝင် ပေးသွင်းရသည့် အခွန်ငွေ ဖြစ်သည်ဟု ဆိုကြောင်း အသက် ၄၀ နီးပါးရှိသည့် ဒေသခံ အမျိုးသားတစ်ဦးက ပြောကြားသည်။

“တရားဝင် ငွေသွင်းရတာ ဆိုပေမယ့် ဘာငွေသွင်းချလန်မှလည်း မပေးပါဘူး။ ကျွန်မတို့ အိမ်ဆို ခြံမြေတိုင်းခရော ဧည့်ခံစရိတ် အပါအဝင်ဆို တစ်သိန်းလောက် ကျတယ်။ ကိုယ့်နေအိမ်ခြံလေး ပိုင်ဆိုင်မှု အထောက်အထားလေး ရတယ်ဆိုတော့လည်း မရှိရှိတဲ့အထဲက ရှာပေးကြတာပဲ။ လုပ်ချင်တဲ့ လူတွေလည်း တော်တော်များတယ်” ဟု ဝါရှောင်ကျေးရွာ ရပ်ကွက် (၃) တွင် နေထိုင်ပြီး သက်သေခံမြေပုံ ပုံစံ - ၁၀၅ ရယူထားသည့် ကချင် အမျိုးသမီးတစ်ဦးက ဆိုသည်။

ဝါရှောင်ကျေးရွာ ဒေသခံများ၏ နေအိမ်ခြံဝင်း ပိုင်ဆိုင်မှု အထောက်အထားအဖြစ် သက်သေခံမြေပုံ ပုံစံ- ၁၀၅ ကို မြို့နယ်မြေစာရင်းရုံးမှ ထုတ်ပေးရခြင်း ဖြစ်ပြီး သက်သေခံ မြေပုံတစ်ခုအတွက် မြို့နယ် မြေစာရင်း ရုံးမှ ငွေကျပ်ငါးသောင်းနှင့် ဝါရှောင်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့မှ ငွေကျပ်တစ်သောင်းတို့ကို တရားဝင် ကောက်ခံခြင်း ဖြစ်ကြောင်း ဝါရှောင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ သက်သေခံမြေပုံ လာရောက် ပြုလုပ်ပေးနေသည့် ဝိုင်းမော်မြို့နယ် မြေစာရင်းဌာနမှ ဝါရှောင် ကျေးရွာအုပ်စု မြေတိုင်းစာရေး ဦးဆိုင်းလုံက အတည်ပြု ပြောကြားသည်။
“သက်သေခံမြေပုံ ပုံစံ- ၁၀၅ အတွက် တံဆိပ်ခေါင်းခွန် ပေးရတယ်။ ခရိုင်ရုံးမှာလည်း ပုံစံထုတ်ယူတဲ့ အချိန်မှာ ပေးသွင်းရပါတယ်။ တရားဝင် ကောက်ခံတာပါ” ဟု ၎င်းကဆိုသည်။

သက်သေခံမြေပုံ ဆိုသည်မှာ အကြောင်းအရာ တစ်ခုအတွက် ပြုလုပ်လိုကြောင်း လျှောက်ထားပါမှ ပြုလုပ်ပေးခြင်း ဖြစ်ပြီး တည်ဆဲနှစ်အတွက် ရေးထိုးထားသည့် မြေပုံပေါ်မှ ကူးယူဖော်ပြရခြင်း ဖြစ်ကြောင်း၊ ပြုလုပ်သည့် နေရာဒေသသည် ရွာမြေ အမျိုးအစား ဖြစ်ပါက ပုံမှန်အားဖြင့် ထုတ်ပေးလေ့မရှိဘဲ အစိုးရသစ် လက်ထက်တွင် သက်သေခံမြေပုံ (ပုံစံ- ၁၀၅) ပြုလုပ်မည်ဆိုလျှင် သက်ဆိုင်ရာ ပြည်နယ်အစိုးရ၏ ခွင့်ပြုချက်ရယူရန် လိုအပ်ကြောင်း မြေစာရင်းဌာနမှ အရာရှိတစ်ဦးက ပြောကြားသည်။

ဝါရှောင် ကျေးရွာအုပ်စုတွင် ၂၀၁၃ ခုနှစ် အတွင်းကလည်း သက်သေခံမြေပုံ ပုံစံ- ၁၀၅ ကို ပြုလုပ်ပေးခဲ့ပြီး ယခုတစ်ကြိမ်နှင့် ဆိုပါက သက်သေခံမြေပုံ ပုံစံ- ၁၀၅ ပြုလုပ်သည့် အိမ်ခြေ အရေအတွက် ၄၀ ကျော်ခန့်ရှိပြီ ဖြစ်ကြောင်း ဝါရှောင်ကျေးရွာ ဒေသခံများက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment