Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 18, 2014

ဗစ်တိုးရီးယားကုန်တိုက် ခိုက်ရန်ဖြစ်ပွားမှု တရုတ်နိုင်ငံသား နှစ်ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇန်နဝါရီ ၁၇


လှိုင်သာယာမြို့နယ် အမှတ် (၆) ရပ်ကွက် နဝဒေးလမ်းရှိ ဗစ်တိုးရီးယား ကုန်တိုက်တွင် ဈေးလာဝယ်သူ တရုတ်နိုင်ငံသား နှစ်ဦးနှင့် ရွှေလင်ဗန်းကျေးရွာနေသူ အမျိုးသား နှစ်ဦးတို့ ဇန်နဝါရီလ ၁၆ ရက်နေ့ ည ၈ နာရီခန့်က စကားများ ရန်ဖြစ်ရာက တရုတ်နိုင်ငံသား နှစ်ဦး၏ မျက်နှာနှင့် ဦးခေါင်းတို့တွင် ဖူးရောင် ဒဏ်ရာများ ရရှိခဲ့ကြောင်း လှိုင်သာယာမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

စက်မှုဇုန် (၄) ရှိ နယူးဝေးဖိနပ် စက်ရုံမှ ဖိနပ် ထုတ်လုပ်ရေး ကျွမ်းကျင်သူများဖြစ်သည့် တရုတ်နိုင်ငံသား Mr.Gong Young Quan နှင့် Mr. Liyi Wen တို့နှစ်ဦးမှာ အဆိုပါ ကုန်တိုက်သို့ ဈေး လာဝယ်စဉ် ရွှေလင်ဗန်းကျေးရွာ ဂရိတ်ဝေါ စက်ရုံဝင်းတွင်း နေထိုင်သူ အသက် ၂၉ နှစ် အရွယ်ရှိ ကိုလှိုင်ဝင်းထွန်း အပါအဝင် အမျိုးသားနှစ်ဦးတို့နှင့် မတော်တဆ ဝင်တိုက်မိရာမှ စကားများကာ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

“ဈေးဝယ်ရင်း တစ်ယောက်နဲ့ တစ်ယောက် တိုက်မိရာက ပစ္စည်းတွေ ပြုတ်ကျ ကုန်တာကို နှစ်ဖက်လုံးက သည်းမခံနိုင်ကြလို့ ဒီလို ထိုးကြိတ်တဲ့ အဆင့်ထိ ရောက်ခဲ့ကြတာ။ တရုတ်လူမျိုး နှစ်ဦးက အထိုးခံရတဲ့ အကြောင်း လာတိုင်ပေမယ့် အမှုတော့ မဖွင့်ထားဘူး။ အမှု မဖွင့်ပေမယ့် နှစ်ဖက်က လူတွေ အစုံအလင် ခေါ်ပြီး နောက်တစ်ကြိမ် ထပ်မံ မဖြစ်ပွားအောင် စခန်းမှာ ဝန်ခံကတိ လက်မှတ်တော့ ထိုးခိုင်းဖို့ စီစဉ်နေပါတယ်” ဟု လှိုင်သာယာ မြို့မရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ဆိုသည်။

အဆိုပါ တရုတ်နိုင်ငံသား Mr.Gong Young Quan နှင့် Mr.Liyi Wen တို့နှစ်ဦး၏ ဦးခေါင်းနှင့် မျက်နှာတို့တွင် ဖူးရောင် ဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှု ခံယူခဲ့ကြောင်း လှိုင်သာယာ မြို့မရဲစခန်းထံမှ သိရှိရသည်။

No comments:

Post a Comment