Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 15, 2014

သထုံတွင် ရှေးဟောင်းငွေဒင်္ဂါး ၅၀၀ နီးပါး တူးဖော်တွေ့ရှိ


မော်လမြိုင်၊ ဇန်နဝါရီ ၁၄

မွန်ပြည်နယ် သထုံခရိုင်တွင် သုဝဏ္ဏဘူမိခေတ်မှ ဒင်္ဂါများဟု ယူဆရသည့် ငွေဒင်္ဂါး ၅၀၀ နီးပါးကို ဇန်နဝါရီလ ၇ ရက်နေ့က ဒေသခံတစ်ဦးက တူးဖော် တွေ့ရှိထားကြောင်း မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောကြားသည်။

တူးဖော်ရရှိထားသူသည် မည်သူ ဖြစ်သည်ကို ယနေ့အချိန်ထိ မသိရှိ ခဲ့ရသေးသော်လည်း ငွေဒင်္ဂါးရှစ်ခုကို ပွဲစားများထံမှ တစ်ဆင့်ပြန်လည် ဝယ်ယူထားရာက သိရှိခြင်း ဖြစ်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

အဆိုပါ ငွေဒင်္ဂါးများသည် တစ်လက်မအရွယ် ရှိကာ တစ်ဖက်တစ်ချက်တွင် သိရိဝစ္ဆ နှင့် ခရုသင်းပုံများ ပါရှိကြောင်း၊ ကျိုက္ကသာ မြို့ဟောင်းဒေသရှိ ငွေဒင်္ဂါးများဖြစ်ပါက နှစ် ၄၀၀-၅၀၀ ခန့် သက်တမ်းရှိကြောင်း သမိုင်းသုတေသန အငြိမ်းစား လက်ထောက် ညွှန်ကြားရေးမှူး ဆရာဦးစံဝင်းက ပြောကြားသည်။

ရှေးဟောင်းငွေဒင်္ဂါးများကို ရရှိထားသည့် ဒေသခံကို မသိရှိရသေးသဖြင့် ငွေဒင်္ဂါးများ ပျောက်ပျက်မှု မရှိစေရန်နှင့် ရှေးဟောင်းပစ္စည်းများ အဖြစ် ထိန်းသိမ်းနိုင်ရန် သထုံမြို့ရှိ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများကို အကြောင်းကြား စုံစမ်းထား ခိုင်းကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ထံမှ သိရသည်။

သိရိဝစ္ဆနှင့် ခရုသင်း တစ်ဖက်စီ ပါရှိသော ငွေဒင်္ဂါးများသည် ရှေးဟောင်းခေတ် ကုန်သွယ်ရေး အထောက်အထားများဖြစ် ပြီး စစ်တောင်း၊ ကျိုက္ကသာ၊ ပိုင်ဒန် (အရပ်သမ)၊ ဝင်းက၊ သထုံ၊ ဘာအံနှင့် မုဒုံဒေသ တို့တွင်လည်း တွေ့ရှိထားဖူးသည့် အပြင် ကျိုက္ကသာမြို့ဟောင်းတွင် သိရိဝစ္ဆ ငွေဒင်္ဂါးရေ ၁၀၀၀ ကျော်ကို ၁၉၈၂ ခုနှစ်တွင် တူးဖော် ရရှိခဲ့ဖူးကြောင်း၊ ကျိုက္ကသာ ငွေဒင်္ဂါးသည် ပျူခေတ်နှင့် ထိုင်း၊ ဒွါရဝတီ ခေတ် ဒင်္ဂါးအမျိုးအစားပင် ဖြစ်ကြောင်း ဦးစံဝင်း၏ သုဝဏ္ဏဘူမိ သုတေသနစာအုပ် တွင် ရေးသား ဖော်ပြထားသည်။

ကျိုက္ကသာမြို့ဟောင်းမှ တူးဖော် ရရှိထားသည့် ခရုသင်းနှင့် သိရိဝစ္ဆပုံများ ပါရှိသည့် ငွေဒင်္ဂါးများကို မော်လမြိုင် ယဉ်ကျေးမှုပြတိုက်တွင် မွန်ရှေးဟောင်း ယဉ်ကျေးမှုပစ္စည်း များအဖြစ် ပြသထားပြီး အေဒီ ၇ ရာစုမှ ငွေဒင်္ဂါးများ ဖြစ်သည်ဟု ပြတိုက်တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

No comments:

Post a Comment