Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 19, 2014

မြန်ပြည်မြောက်ပိုင်း ဒေသခံရှမ်းမျိုးနွယ်စုများ သတိထားစဉ်းစားစေချင်


Sunday, January 19, 2014

၁။ ၂၀၁၄-ခု၊ မတ်လ(၃၀)ရက်မှ ဧပြီလ(၁၀)ရက်နေ့ထိ၊ မြန်မာနိုင်ငံတစ်ဝန်းလုံး သန်းခေါင်စာရင်း ကောက်ယူမည်ဖြစ်သည်။ သန်းခေါင်စာရင်းသည် နိုင်ငံတွင်းရှိ တိုင်းရင်းသား လူဦးရေစာရင်းမှန် ရရှိလိုသောကြောင့် ကောက်ယူခြင်းဖြစ်သည်။

၂။ မိမိတို့ ရှမ်းတိုင်းရင်းသားတိုင်းသည်လည်း မိမိလူမျိုး လူဦးရေစာရင်း မယုတ်လျော့ရလေအောင် အမှန်ကို အမှန်အတိုင်း အရှိကိုအရှိအတိုင်း ဖော်ပြနိုင်ရန် စည်းလုံးဆောင်ရွက်ကြရမည်ဖြစ်သည်

၃။ သို့ဖြစ်၍ မြန်ပြည်မြောက်ဖျား (စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ် မြစ်ရိုးမြေပြန့်ဒေသ၊ မိုးညှင်း၊ မိုးကောင်း၊ အင်းတော်ကြီး၊ ဖားကန့်၊ တနိုင်း၊ ပူတာအို၊ မြစ်ကြီးနား၊ ၀ိုင်းမော်၊ ဗန်းမော်ခရိုင်လေးမြို့နယ် စသည်တို့၌ နေထိုင်ကြကုန်သော) ရှမ်းမျိုးနွယ်စုများသည် မိမိတို့၏ လူမျိုးစာရင်းဖြစ်သော နိုင်ငံတော်မှ အသိအမှတ်ပြုထားသော လူမျိုးအလိုက် ကုဒ်နံပါတ်ရပြီးဖြစ်သည့် လူမျိုးစာရင်းတွင် ထည့်သွင်းဖော်ပြကြရန် အလွန်ပင်အရေးကြီးပါသည်။

၎။ နိုင်ငံတော်မှ တရားဝင် အသိအမှတ်ပြုခြင်း မခံရသေးသည့် ကုဒ်နံပါတ်မရှိသေးသော လူမျိုးအမည်စာရင်းတွင် ထည့်သွင်းဖော်ပြကြမည်ဆိုပါက တိုင်းရင်းသားလူမျိုးစုကြီး(၈)ခု (၀ါ) တိုင်းရင်းသားမျိုးနွယ်စုစာရင်း(၁၃၅)မျိုးတွင် မပါဝင်ပဲ အခြားဟူသော လူမျိုးစာရင်းသို့ ရောက်ရှိသွားမည်ဖြစ်သည်။ မိမိလူမျိုးအမည်စာရင်း ပေါ်ပေါက်လာအောင် ကုဒ်နံပါတ်စာရင်း တရားဝင်ရအောင် ထပ်ဆင့်ကြိုးစားကြရမည်ဖြစ်သည်။ ထိုသို့ ကြိုးစား၍ အောင်မြင်ခဲ့သည်ရှိသော် တော်ပေသေး၏။ မအောင်မြင်ခဲ့သော် အဘယ်သို့ရှိချေမည်နည်း။ မိမိလူမျိုးစုအားလုံး နစ်နာကြရပေတော့မည်။ လူမျိုးအမည် တိုင်းရင်းသားအခွင့်အရေးစသည်တို့ ဆုံးရှုံးကြရပေတော့မည်။ ထိုသို့ လူမျိုးအမည်ပေါက်စာရင်း ရအောင် ကြိုးစားရသော ကာလ၌ မည်သို့သော အန္တရာယ် အခက်အခဲများနှင့်ရင်ဆိုင်ကြရဦးမည်နည်း။ ပြည်သူများ ဆင်းရဲဒုက္ခ ဆက်လက်ကြုံကြရပေဦးတော့မည်။ မည်သူမျှကြို၍ မသိနိုင်ပေ။

၅။ နိုင်ငံတော်မှ တရားဝင် အသိအမှတ်ပြုထားသည့် အမည်စာရင်းပေါက်ပြီးဖြစ်သော တရားဝင် ကုဒ်နံပါတ် ရပြီးဖြစ်သည့် လူမျိုးစာရင်းတွင် တစ်စုတစ်စည်းတည်း ဖော်ပြကြ၍၊ အင်အားကြီးမားစွာ စုစည်းမိပြီဆိုပါက ထိုမှတစ်ဆင့် မိမိတို့ လိုချင်သည့် ဖြစ်စေချင်သည့် အရာမှန်သမျှကို တောင်းဆို ဆောင်ရွက်ကြသည်က ပို၍ သင့်တော်မည်ဟု သုံးသပ်ယူဆပါသည်။

ဥပမာ-ဆောင်၍ ပြရသည်ရှိသော်…..
နိုင်ငံတော်အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော တိုင်းရင်းသား လူမျိုးစုကြီး (၈)မျိုးရှိသည်။ ယင်း (၈)မျိုးမှာ…
(၁) ကချင် -coad (၁၀၁) (Kachin) = (12)မျိုး
(၂) ကယား-coad (၂၀၁) (Kayah) = (9)မျိုး
(၃) ကရင် -coad (၃၀၁) (Kayin) = (11)မျိုး
(၄) ချင်း -coad (၄၀၁) (Chin) = (53)မျိုး
(၅) ဗမာ -coad(၅၀၁) (Burmese) = (9)မျိုး
(၆) မွန် -coad (၆၀၁) (Mon) = (1)မျိုး
(၇) ရခိုင် -coad(၇၀၁) (RaKhine) = (7)မျိုး
(၈) ရှမ်း -coad(၈၀၁) (Shan) = (33)မျိုး
ပေါင်း (၁၃၅)မျိုးဖြစ်သည်။

၆။ နိုင်ငံတော်အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော လူမျိုးစုကြီး(၈)မျိုးတွင် ထပ်ဆင့် ကွဲပြား ခွဲခြားထားသဖြင့် လူမျိုးပေါင်း တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၁၃၅)မျိုးဖြစ်လာသည်။ ထိုလူမျိုးစုကြီး (၈)မျိုးမှ နံပါတ်ရှစ် ရှမ်းလူမျိုးစုကြီးတွင် ဆင့်ပွားလူမျိုး တိုင်းရင်းသားမျိုးနွယ်စုပေါင်း (၃၃)မျိုးရှိသည်။ ထို(၃၃)မျိုးမှာ-
၁။ ရှမ်း ၁၂။ ကိုးကန့် ၂၃။ လားဟူ
၂။ လာအို(ယွန်း) ၁၃။ ခန္တီးရှမ်း ၂၄။ အင်းသား
၃။ ကြီ ၁၄။ ဂုံ(ခွန်) ၂၅။ အိုက်ဆွယ်
၎။ ဖျင် ၁၅။ တောင်ရိုး ၂၆။ ပအို့(တောင်သူ)
၅။ သအို ၁၆။ ဓနု ၂၇။ တိုင်းလွယ်
၆။ ဓနော ၁၇။ ပလောင် ၂၈။ တိုင်းလျမ်
၇။ ပလေး ၁၈။ မြောင်ဇီး ၂၉။ တိုင်းလုံ
၈။ အင် ၁၉။ ယင်းကြား ၃၀။ တိုင်းလေ့
၉။ စုံ(ဆံ) ၂၀။ ယင်းနက် ၃၁။ မိုင်းသာ
၁၀။ ခမူ ၂၁။ ရှမ်းကလေး ၃၂။ မောရှမ်း
၁၁။ ကော်(အာခါ-အီကော) ၂၂။ ရှမ်းကြီး ၃၃။ ၀ -စသည်တို့ဖြစ်သည်။

၇။ ထို(၃၃)မျိုးသော ရှမ်းတိုင်းရင်းသား လူမျိုးစုသာလျှင် နိုင်ငံတော်အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် ကုဒ်နံပါတ် ရရှိပြီးသည့် တိုင်းရင်းသားလူမျိုးစုများဖြစ်သည်။ အခြားနာမည် တစ်ခုခုဖြင့် ဖော်ပြကြပါက တိုင်းရင်းသား လူမျိုးစာရင်းတွင် ပါဝင်ခွင့် မရရှိနိုင်ပေ။ တိုင်းရင်းသား လူမျိုးများစာရင်းတွင် ပါဝင်ခွင့် အမည်စာရင်းပေါက် ရဖို့အတွက် ထပ်မံကြိုးစားကြရမည်။ ရ/မရကား မည်သူမျှ မပြောနိုင်ပေ။

၈။ နိုင်ငံတော်အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် သန်းခေါင်စာရင်းတွင် တိုင်းရင်းသားလူမျိုးစာရင်း ကုဒ်နံပါတ်အလိုက် မထည့်ကြပဲ အခြားသော အမည်များဖြင့် ဖော်ပြထည့်ကြမည်ဆိုပါက လူမျိုးနာမည်အသစ် ပေါ်လာမည်ဖြစ်ပါသည်။ ထိုပေါ်လာသော လူမျိုးနာမည်သစ်ကို သန်းခေါင်စာရင်းတွင် အခြားဟူသော ခေါင်းစဉ် ဖြစ်သည့် ကုဒ်နံပါတ် (၉၁၄)တွင် ထည့်သွင်းခြင်းခံရမည်ဖြစ်သည်။ ထိုအခါ နာမည်အသစ်ဖြင့် အခြားဟူသော သန်းခေါင်စာရင်း ခေါင်းစဉ်အောက်တွင် ရောက်ရှိနေသည့် မိမိလူမျိုးစုနာမည်သစ်ကို နိုင်ငံတော်အစိုးရမှ တရားဝင် တိုင်းရင်းသားလူမျိုးစု တစ်ခုဖြစ်ကြောင်း ထပ်မံတင်ပြ တောင်းဆိုကြရမည်ဖြစ်သည်။ ထိုသို့ တောင်းဆိုသည့်အခါ နိုင်ငံတော်အစိုးရမှ အလွယ်တကူ လက်ခံဆောင်ရွက်ပေးနိုင်ရန်အတွက် အချိန်ကာလတစ်ခုထိ စောင့်ဆိုင်းကြရမည်ဖြစ်သည်။ မည်မျှကြာမည်ကို မသိနိုင်။ အခြား (၀ါ)သီးခြား ဟူသော ကုဒ်နံပါတ် (၉၁၄)တွင် ဖော်ပြခြင်းခံရသော လူမျိုးသည် တိုင်းရင်းသားလူမျိုးစုကြီး (၈)မျိုးတွင် မပါဝင်ချေ။ (၀ါ) တိုင်းရင်းသား မျိုးနွယ်စု(၁၃၅)မျိုးတွင် မပါဝင်ချေ။ ထို အခြား(၀ါ) သီးခြား ဟူသော ကုဒ်နံပါတ်(၉၁၄)အောက်ရှိ လူမျိုးစု အမည်သစ်တစ်ခုသည် အကယ်၍ တောင်းဆိုသည့် အတိုင်း ရခဲ့သော် တိုင်းရင်းသား လူမျိုးစု(၈)ခုအပြင် နောက်တစ်ခု အဖြစ် (၉)ခုမြောက် တိုင်းရင်းသား အမည်ဖြင့် ရပ်တည်နိုင်မည်ဖြစ်သည်။ သို့မှသာ မိမိတို့ ခွဲထွက်လိုသည့် မူလ တိုင်းရင်းသားလူမျိုးစုကြီး(၈)ခု ခေါင်းစဉ်အောက်မှ လွတ်မြောက်နိုင်မည်ဖြစ်သည်။ ဤသို့ ဖြစ်နိုင်ရန်ကား စဉ်းစားရမည့်အချက်ပင်ဖြစ်တော့သည်။

၉။ အကြောင်းကို ချုံ၍ တင်ပြရလျှင် နိုင်ငံတော်အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသည့် ကုဒ်နံပါတ် ရရှိပြီး ဖြစ်သော တိုင်းရင်းသားလူမျိုးစုစာရင်းတွင် တစ်စုတစ်စည်းတည်း ဖော်ပြကြပါက အင်အားစုကြီးတစ်ခု စုစုစည်းစည်း ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထိုစုစုစည်းစည်း အဖွဲ့ကြီးမှ နောက်တစ်ဆင့်သို့ တက်လှမ်းလျှင် ပို၍ သင့်လျော်မည်ဟု ထင်ပါသည်။ နောက်တစ်ဆင့်သို့ တက်လှမ်း၍ မရလျှင်လည်း အရှုံးကား မရှိ၊ ထိုသို့ မဟုတ်ပဲ အမည်သစ်ဖြင့် အခြားသော ကုဒ်နံပါတ်စာရင်းသို့ ရောက်ရှိပြီးမှ ကုဒ်နံပါတ်ရရှိအောင် တိုင်းရင်းသားစာရင်းတွင် ပါဝင်နိုင်အောင် ကြိုးစားရလျှင်ကား ရခဲ့သည်ရှိသော် အလွန်ကောင်း၏၊ မရခဲ့သော် တိုင်းရင်းသားအဖြစ်မှ ဆုံးရှုံးရတော့မည်။ အခက်အခဲ အန္တရာယ်နှင့် ရင်ဆိုင်ရပေတော့မည်ဖြစ်သည်။

၁၀။ ထို့ကြောင့် နိုင်ငံတော်အစိုးရမှ တရားဝင်အသိအမှတ်ပြုထားသော ကုဒ်နံပါတ်ရရှိပြီးဖြစ်သည့် ရှမ်းတိုင်းရင်းသား လူမျိုးစုများစာရင်းတွင် လူမျိုးအလိုက် ကုဒ်နံပါတ်အလိုက် ဖော်ပြထည့်သွင့်ကြရန်ဖြစ်သည်။ အမည်သစ် လူမျိုးစာရင်းဖြင့် ထည့်သွင်းဖော်ပြခြင်းကို စဉ်းစားဆင်ခြင်ကြရန်နှင့် အခြားဟူသော ကုဒ်နံပါတ် (၉၁၄)သို့ မိမိလူမျိုးအမည်စာရင်း မရောက်ရှိရေးအတွက် ၀ိုင်းဝန်းကြိုးပမ်းကြပါရန် အထူးတိုက်တွန်းနှိုးဆော်အပ်ပါသည်…..

မှတ်ချက်။ တရားဝင် အသိအမှတ်ပြု တိုင်းရင်းသား ကုဒ်နံပါတ် ရရှိပြီးသူများစာရင်း (ကချင်ပြည်နယ်တွက်)
(က) ခမ်းတီးရှမ်း ကုဒ်နံပါတ် (၈၁၃)
(ခ) ရှမ်းကလေး ။ (၈၂၁)
(ဂ) ရှမ်းကြီး ။ (၈၂၃)
(ဃ) တိုင်းလျမ် ။ (၈၂၈)
(င) တိုင်းလုံ ။ (၈၂၉)
(စ) တိုင်းလေ ။ (၈၃၀)
(ဆ) မိုင်းသာ ။ (၈၃၁)

ဦးစိုင်းသာဇုံ
မြန်ပြည်မြောက်ပိုင်း

ဧရာဝတီမြစ်ဖျားဆီက

No comments:

Post a Comment