Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 13, 2014

မဟာဒုတ်ဆွမ်းကပ်ရန် ရပ်ကွက်လမ်းဘေး ဆောက်ထားသော မဏ္ဍပ် စည်ပင်က တရားစွဲ၊ ဒဏ်ငွေရိုက်


မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်တွင် သံဃာအပါး ၁၀၀၀ ကျော်အား မဟာဒုတ်ဆွမ်းကပ်ရန် ရပ်ကွက်လမ်းဘေးတွင် ဆောက်လုပ်ထားသော မဏ္ဍပ်အား မရမ်းကုန်းမြို့နယ်၊ စည်ပင်သာယာရေးက တရားစွဲဆိုထားပြီး တစ်ရက်လျှင် ဒဏ်ငွေ ကျပ်တစ်သောင်း ကောက်ခံနေကြောင်း သတင်းရရှိသည်။

မရမ်းကုန်းမြို့နယ် (၃) ရပ်ကွက်၊ အောင်သိဒ္ဓိလမ်းဘေးတွင် ဆောက်လုပ်ထားသော မဟာဒုတ်ဆွမ်းကပ်မဏ္ဍပ်အား လမ်းနယ်မြေပေါ်တွင် ဆောက်ထားသည်ဟုဆိုကာ မရမ်းကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးအေးသောင်းက မရမ်းကုန်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး အဆိုပါမဏ္ဍပ်အား ဒဏ်ငွေ ကျပ် ၅၀၀၀၀ နှင့် တစ်ရက်လျှင် ဒဏ်ငွေကျပ် ၁၀၀၀၀ ကောက်ခံနေကြောင်း  မရမ်းကုန်း (၃)  ရပ်ကွက် ပြည်သူများကပြောသည်။

အဆိုပါ မဟာဒုတ်မဏ္ဍပ်သည် နှစ်စဉ် ကျင်းပဆောက်လုပ်သော အလှူမဏ္ဍပ်ဖြစ်ပြီး၊ အနောက်ပိုင်းခရိုင် အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် မြို့နယ်သံဃနာယကအဖွဲ့တို့၏ ခွင့်ပြုမိန့်ဖြင့် မဟာဒုတ်မဏ္ဍပ်   ဆောက်လုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

““သံဃာတွေအတွက် ဆွမ်းကပ်မယ့်မဏ္ဍပ်ဆောက်လို့ တရားစွဲတယ်ဆိုတာ လူကြားလို့မကောင်းဘူး။ စည်ပင်က သက်သက်မယ့်တရားစွဲတာ။ ကျွန်တော်တို့ အလှူငွေထဲကနေ တစ်နေ့ တစ်သောင်းပေးနေရတယ်”” ဟု မရမ်းကုန်း(၃)ရပ်ကွက်မှ အကျိုးဆောင် ကိုမိုးဇော်အောင်က ပြောသည်။

မရမ်းကုန်းမြို့နယ် စည်ပင်သာယာရေးက ခွင့်ပြုချက်မဲ့ မဏ္ဍပ်တည်ဆောက်မှုအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေပုဒ်မ ၆၈၊ ၆၉ စသည့်တို့ဖြင့် အရေးယူဆောင်ရွက်ထားခြင်းဖြစ်သည်။အဆိုပါတရားစွဲဆိုမှုနှင့် ပတ်သက်ပြီး မရမ်းကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးရုံးသို့ ဆက်သွယ်မေးမြန်းရာ ရုံးပိတ်ရက်ဖြစ်နေကြောင်း၊ အုပ်ချုပ်ရေးမှူး ဦးအေးသောင်းမှာ ဆက်သွယ်ရန် ဖုန်းမရှိကြောင်း  မရမ်းကုန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးရုံးမှ  တာဝန်ရှိသူတစ်ဦးကပြောသည်။

မဟာဒုတ်မဏ္ဍပ်အား ဒီဇင်ဘာ ၂၀ ရက်တွင် စတင်ဆောက်လုပ်ခြင်းဖြစ်ပြီး မဏ္ဍပ်ဆောက်လုပ်ခနှင့် တစ်ရက်ဒဏ်ကြေး စုစုပေါင်း ကျပ် ၆၀၀၀၀ ဒဏ်ငွေပေးဆောင်ပြီးဖြစ်ကြောင်း မရမ်းကုန်း (၃)ရပ်ကွက်ပြည်သူများက ပြောသည်။

မရမ်းကုန်းမြို့နယ် မဟ ဒုတ်မဏ္ဍပ် အလှူခံမဏ္ဍပ်၏ ၂ နှစ်အလှူခံရရှိငွေမှာ ကျပ်သုံးသိန်းကျော်ဝန်းကျင်သာ ရရှိသောကြောင့် ယခုနှစ်တွင် စည်ပင်သို့ ဒဏ်ငွေဆောင်ရမှုမှာ သုံးသိန်းကျော် ပေးဆောင်ရမည်ဖြစ်ကြောင်း  အဆိုပါရပ်ကွက် အကျိုးဆောင်ပုသိမ်အောင်ဦးကပြောသည်။

ဒဏ်ကြေးပေးဆောင်ရမှုကြောင့် မရမ်းကုန်းမြို့နယ်စည်ပင်အား  ဆန္ဒပြရန် မရမ်းကုန်း (၃)ရပ်ကွက် ပြည်သူများထံ သဘောထားကောက်ခံနေကြောင်း သတင်းရရှိသည်။

7day Daily

No comments:

Post a Comment