Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 8, 2014

ထိုင်းရောက် မြန်မာနိုင်ငံသားများ လုံခြုံရေး အထူးဂရုစိုက်ရန် သံရုံးသတိပေး


ဘန်ကောက်မြို့လယ် ဆန္ဒပြပွဲတွင် မြန်မာနိုင်ငံသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး နာရီပိုင်း အကြာတွင် ထိုင်းနိုင်ငံတွင် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ လုံခြုံရေး အထူးဂရုစိုက်ရန် ထိုင်းနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီလ ၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ဘန်ကောက်မြို့ရှိ ဆန္ဒပြမှုများ အနီးရှိ မုန့်ဆိုင်သို့ ဇန်နဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက မုန့်သွားပို့သည့် မြန်မာတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရပြီး Rama Thibodi ဆေးရုံတွင် ဆေးကုသ နေရကြောင်း၊ ထိုင်းအစိုးရနှင့် အတိုက်အခံများ အချင်းချင်း အပြန်အလှန် တိုက်ခိုက်ကြစဉ် သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံရှိ မြန်မာအလုပ်သမား သံအရာရှိ ဦးကျော်ကျော်လွင်က ပြောကြားသည်။

ဘန်ကောက်မြို့ လမ်းမများတွင် အသွားအလာ ရပ်ဆိုင်းသွားရန် ဇန်နဝါရီလ ၁၃ ရက်နေ့တွင် တစ်မြို့လုံး ပိတ်ဆို့ဆန္ဒပြမှု (Bangkok Shutdown) အပါအဝင် ယင်းမတိုင်မီ နိုင်ငံရေး လှုပ်ရှားမှုများတွင် လူစုလူဝေး ပြုလုပ်ခြင်း၊ ဆန္ဒပြမှုများနှင့် စုရုံး ချီတက်မှုများတွင် မပါဝင်ကြရန်၊ အဆိုပါ နေရာများကို ရှောင်ရှားကြရန်၊ လုံခြုံရေးကို အထူးဂရုစိုက်ရန် မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုင်းနှင့် မြန်မာနှစ်နိုင်ငံ ချစ်ကြည်ရေး ကောင်းမွန်မှု အခြေအနေကို ထိန်းသိမ်းနိုင်ရန်၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ပျက်ပြားမှုကို ရှောင်ကြဉ်ရန်နှင့် မြန်မာနိုင်ငံသားများ၏ လုံခြုံရေးအတွက် ယင်းသို့ ထုတ်ပြန်ခြင်း ဖြစ်ကြောင်း မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
“ကျည်ဆန်က ယာဘက်ပခုံးရဲ့ ကျောကနေ ဖောက်သွားတာ။ အခုတော့ မစိုးရိမ်ရတော့ဘူး” ဟု ၎င်းကဆိုသည်။

အဆိုပါ လုပ်သားသည် ကရင်ပြည်နယ် ဘားအံမြို့မှ ဦးထွန်းထွန်းဦး ဖြစ်ပြီး ၎င်းအတွက် မြန်မာသံရုံးက ဘတ်ငွေ ၅၀၀၀ လှူဒါန်းခဲ့ကြောင်း ဦးကျော်ကျော်လွင်က ပြောဆိုသည်။

ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ် ရာထူးမှ နုတ်ထွက်ပေးရန် အတိုက်အခံများက ဘန်ကောက်မြို့တော်ကို သိမ်းပိုက်မည် ဖြစ်ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့တွင် စတင်ပိတ်ဆို့မည်ဟု ကြိုတင် သတိပေးထားသည်။

The Voice

No comments:

Post a Comment