Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 6, 2014

လန်ပိကျွန်း အနောက်ဘက်တွင် သေဆုံးလျက်တွေ့ရသော ၄၆ ပေအရှည်ရှိ ဝေလငါးကြီးအားအရိုးချရန် တစ်နှစ်ခန့် ကြာမည်ဖြစ်ပြီး မြိတ်တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံဌာနမှ သွားရောက်လေ့လာနေ



တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် အတွင်းရှိ လန်ပိကျွန်းအနောက်ဘက် လခြမ်းအော်တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်က အရှည် ၁၆ ပေ လုံးပတ် ပေ ၂၀ ကျော်ရှိသော ဝေလငါးကြီးတစ်ကောင် ကမ်းတင်သေဆုံးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဝေလငါးကြီးအား လန်ပိကျွန်း သစ်တောဌာနတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက တွေ့ရှိခဲ့ပြီး မြန်မာ့ရေတပ်မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ဝေလငါးကြီးမှာ အမဖြစ်ပြီး မသေဆုံးမီက ဝေလငါးကြီး နှစ်ကောင်ညှပ်လျက် လန်ပိကျွန်းတန်းဘက်သို့ ထွက်သွားကြောင်း တံငါသည်တချို့ တွေ့ရှိခဲ့ကြောင်း သိရသည်။

“ဝေလငါးကြီးကို တခြားဝေလငါးကြီး နှစ်ကောင်ကတွဲပြီး ကူးခပ်သွားတာ တွေ့ရ တယ်လို့ တံငါသည်တွေက ပြောတယ်။ အဲဒီနောက်မှာ ငါးကြီးကို ကမ်းစပ်မှာလာထားခဲ့ဟန် ရှိပါတယ်။ ဝေလငါးကြီးကို ၀ါးကျွန်းမှာ သဲမြှုပ်ပြီး အရိုးချရဦးမှာပါ။ အချိန်တစ်နှစ်လောက် ယူရပါမယ်။ အရင်ကလည်း နှစ်ကောင်ကို ဒီလိုပဲ တွေ့ရပြီးပါပြီ။ လောင်းလုံးဘက်မှာ တစ်ကောင်တွေ့ရပြီး အရိုးကို အဏ္ဏ၀ါသိပံ္ပ ပြတိုက်မှာ ပြသထားပါတယ်။ နောက်တစ်ကောင်ကတော့ ပုလောမြို့နယ်ဘက်မှာ တွေ့ရတာပါ။ အဲဒီအရိုးကိုတော့ ရန်ကုန်ကို ပို့ပေးခဲ့ပါတယ်။ အခုတွေ့ရတဲ့ ဝေလငါးကြီးကို အရိုးချပြီး အထက်က ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်မှာပါ” ဟု ငါးဦးစီးမှတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လန်ပိကျွန်းအနောက်ဘက် လခြမ်းအော်တွင် ကမ်းတင်သေဆုံးနေသော ဝေလငါးအား တွေ့ရစဉ်။

အဆိုပါ ဝေလငါးကြီးအား မြိတ်တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံဌာနမှ ဒေါက်တာနန်းမြဟန် ဦးဆောင်သော အဖွဲ့မှာ သွားရောက်လေ့လာနေကြောင်း သိရသည်။ ဝေလငါး တွေ့ရှိသော လခြမ်းအော်ကျွန်းသည် ဘုတ်ပြင်းမြို့မှ စက်လှေဖြင့် ရှစ်နာရီခန့် မောင်းနှင်ရပြီး လှိုင်းလေကြီးသဖြင့် ထိုကျွန်းမှ စက်လှေဖြင့် နှစ်နာရီခန့် မောင်းနှင်ရသော အနီးဆုံးကျွန်း ဖြစ်သည့် ၀ါးကျွန်းသို့ သယ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“အဲဒီငါးကြီးကို လန်ပိကျွန်းသစ်တော ထိန်းသိမ်းရေးဌာနမှ ကိုတင်မောင်ဝင်းက ကျွန်းတွေ လိုက်ကြည့်ရင်းနဲ့တွေ့လို့ ကျွန်တော်တို့ဆီကို အကြောင်းကြားခဲ့တာပါ။ ငါးကြီးက ကြီးလွန်းတော့ သူ့ကိုသယ်ဖို့အတွက် ငါးဖမ်းပိုက်တွေ ပို့ပေးထားတယ်။ ငါးကိုယ်လုံးကို ပိုက်တွေနဲ့ပတ်ပြီး လှေနဲ့ ဆွဲလာပြီးတော့ အဲဒီကျွန်းနဲ့ အနီးဆုံး ၀ါးကျွန်းမှာ အရိုးချမယ်လို့တော့ ပြောတာပဲ” လို့ ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

လန်ပိကျွန်းအနောက်ဘက် လခြမ်းအော်တွင် ကမ်းတင်သေဆုံးနေသော ဝေလငါးအား တွေ့ရစဉ် (ဓာတ်ပုံ-ဇော်မိုးဦး (မြိတ်)၊ ရဲမြင့်ဝင်း (ကော့သောင်း))

Eleven Media Group

No comments:

Post a Comment