Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 1, 2014

ပုသိမ်တွင် ကျင်းပမည့် ကရင်နှစ်သစ်ကူးပွဲသို့ ဖဒိုမန်းငြိမ်းမောင် တက်မည်

ပုသိမ်၊ ဒီဇင်ဘာ ၃၁

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပထမဆုံးအကြိမ်အဖြစ် တာဝန်ယူ ကျင်းပပေးမည့် ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်သို့ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်သား KNU အဖွဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင် တက်ရောက်မည် ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးမန်းသန်းရွှေက ပြောကြားသည်။

နှစ်စဉ် ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ကရင် အမျိုးသားနှစ်သစ်ကူး ပွဲတော်ကို ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံး ကိုယ်စားပြု၍ ပုသိမ်မြို့၊ ကန်သာယာ ပြည်ထောင်စုကွင်းတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နံနက်ပိုင်း၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း အခမ်းအနား အစီအစဉ်အရ သိရသည်။

ကရင်အမျိုးသား နှစ်သစ်ကူး ပွဲတော်ကို ဘဏ္ဍာငွေ အခက်အခဲများကြားမှ ဆောင်ရွက်ရခြင်း ဖြစ်သော်လည်း ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေးအတွက် အထောက်အကူ ဖြစ်မည်ဟု ယုံကြည်ကြောင်း၊ ဘာသာများ မခွဲခြားဘဲ တိုင်းအတွင်းမှ ကရင်လူမျိုးများ တက်ရောက်ကြမည် ဖြစ်ကြောင်း ကရင်ရေးရာဝန်ကြီး ဦးမန်းသန်းရွှေက ဆက်လက်ပြောကြားသည်။
“တိုင်းအစိုးရက ဒီလိုတာဝန်ယူ ကျင်းပပေးတဲ့အတွက် ဝမ်းသာကြတယ်။ ငြိမ်းချမ်းရေးအတွက် အထောက်အကူ ဖြစ်တာပေါ့။ ကရင်လူမျိုးတွေရော၊ တိုင်းရင်းသား ပေါင်းစုံမှာပါ စည်းလုံးခြင်း၊ ညီညွတ်ခြင်းတွေ ရရှိရမယ်လို့ ခံစားရပါတယ်” ဟု ကန်ကြီးထောင့်မြို့နယ်၊ လဟာကလူ ကျေးရွာမှ မန်းလှဌေးက ဆိုသည်။

ကရင်အမျိုးသားများ၏ နှစ်သစ်ကူး ပွဲတော်ကို ယခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ပထမဆုံး အကြိမ်အဖြစ် တာဝန်ယူ ဆောင်ရွက်ပေးခြင်း ဖြစ်သော်လည်း တိုင်းအတွင်းရှိ ကရင်လူမျိုးများ နေထိုင်ရာ မြို့နယ်များတွင် အဖွဲ့အစည်းများမှ ကြိုတင် စီစဉ်ပြီးဖြစ်နေ၍ တက်ရောက်သူ နည်းနိုင်ကြောင်း၊ နောင်နှစ်များတွင် ယခုထက် ပိုမိုစည်ကားစွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ကရင်နှစ်သစ်ကူး အခမ်းအနားသို့ ကြိုတင် ရောက်ရှိနေသည့် ကရင်တိုင်းရင်းသား အကြီးအကဲများက ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီး ကရင်အမျိုးသားများ၏ နှစ်သစ်ကူး ပွဲတော်ကို ပုသိမ်မြို့၊ ကန်သာယာ ပြည်ထောင်စုကွင်းတွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်းနှင့် ပြခန်းများ ဈေးဆိုင်ခန်းများ၊ ဒုံးယိမ်းအက များနှင့် ဖျော်ဖြေပွဲများ ပါဝင်မည် ဖြစ်သည်။

No comments:

Post a Comment