Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

ရုပ်ရှင်သရုပ်ဆောင် လုပ်ခဲ့ဖူးတဲ့ ဗိုလ်ချုပ် အောင်ဆန်း


Tuesday, January 21, 2014

ရုပ်ရှင်ကြည့်ရတာကို ကြိုက်နှစ်သက်လေ့ ရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ တစ်ခါမှာ တော့ သူ့ရဲ့အပါးတော်မြဲ ဗိုလ်ထွန်းလှ (တက္ကသိုလ် နေဝင်း)နဲ့အတူ ရုပ်ရှင်ရုံသွားပြီး ဆရာတပည့်နှစ်ယောက် ငါးမူးတန်းလို့ခေါ်တဲ့ ရှေ့ဆုံးတန်းကနေ ခပ်တည်တည်နဲ့ ကြည့်ခဲ့ကြတဲ့အကြောင်း ဖတ်ရှူ မှတ်သားဖူးကြလိမ့်မယ်လို့ ထင်ပါတယ်။

အဲဒီလို..
ရုပ်ရှင်ဝါသနာပါတဲ့ ဗိုလ်ချုပ်ဟာ ငယ်ရွယ်စဉ်ကာလတုန်းက သူကိုယ်တိုင် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတယ်ဆိုရင် ယုံချင်ကြပါ့မလား မသိဘူးနော်။

တကယ်ပါဗျာ..
ဗိုလ်ချုပ်ကိုယ်တိုင် ပါဝင်ပြီး သရုပ်ဆောင် ခဲ့တဲ့ မြန်မာရုပ်ရှင်ဇာတ်ကားတစ်ကား ရှိခဲ့ဖူးပါတယ်။ အဲဒီရုပ်ရှင်ဇာတ်ကားရဲ့ နာမည်က Boycotter ပါ။ ဇာတ်ကား ရိုက်ကူးသူဒါရိုက်တာက ဦးဘဇင်ဖြစ်ပြီး ထုတ်လုပ်တဲ့ ရုပ်ရှင်ကုမ္ပဏီကတော့ ဗြိတိသျှဘားမား ဖြစ်ပါတယ်။

ဒါပေမယ့်..
အဲဒီရုပ်ရှင်ဇာတ်ကားကို ရိုက်ကူးတဲ့အချိန် ဟာ ၁၉၃၇ ခုနှစ်ပဲ ရှိသေးတဲ့အတွက် ဗိုလ်ချုပ်အောင်ဆန်းရယ်လို့တော့ မဖြစ်သေးပါဘူး။ ရန်ကုန်တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ တက္ကသိုလ် ကျောင်းသား သခင်ပေါက်စ ကိုအောင်ဆန်း ဘဝမှာပဲ ရှိနေပါသေးတယ်။

ရန်ကုန်တက္ကသိုလ် ကျောင်းသား သပိတ်ကို..
အခြေခံပြီး အမျိုးသားကျောင်းများ တည်ထောင်ရေးအတွက် နိုင်ငံရေး၊ အချစ် ရောနှော ဇာတ်အိမ်ဖွဲ့ ရိုက်ကူးထားတဲ့ အဲဒီ Boycotter ရုပ်ရှင်ဇာတ်ကားမှာ မင်းသားအဖြစ် တင်ဆွေ၊ လူကြမ်း လှမောင်ကြီး၊ မင်းသမီး မေမေဝင်း တို့ ခေါင်းဆောင်ပါဝင်ခဲ့ပါသတဲ့။၁၈.၉.၁၉၃၇ ရက်နေ့မှာ ရန်ကုန်မြို့ အိုလံပီယာ ရုပ်ရှင်ရုံ ၌ စတင်ပြသခဲ့တယ်လို့လည်းသိရပါတယ်။

အဲဒီ ရုပ်ရှင်ဇာတ်ကားမှာ..
ကိုအောင်ဆန်းသာမက ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂမှ ကိုနု (နောင်တွင် ဝန်ကြီးချုပ်ဦးနု)၊ ကိုရာရှစ် (နောင် ဝန်ကြီး)၊ ကိုထွန်းအုံ (နောင် မြူနီစပယ်မင်းကြီး)တို့လည်း ပါဝင် သရုပ်ဆောင်ခဲ့ကြတဲ့အကြောင်း ဗဟုသုတအနေနဲ့ မျှဝေ တင်ပြ ပေးလိုက်ရပါတယ်ခင်ဗျာ...။

(ကိုးကား = ဆရာတင်နိုင်တိုး ၏ "ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာရှင်များ" စာအုပ်)

(လေးစားလျှက် _ Thu Hlaing)

No comments:

Post a Comment