Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

တိုင်းရင်းသားလက်နက်ကိုင်ထိပ်သီးညီလာခံ အချိန်ထပ်တိုး


လေးဝါး၊ ဇန်နဝါရီ ၂၁

ကရင်အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေ အတွင်းရှိ လော်ခီးလာ(စခန်းသာ)တွင် ဇန်နဝါရီလ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ သုံးရက်ကြာ ကျင်းပရန် စီစဉ်ထားသော တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံကို ဆွေးနွေးမှုများ မပြီးပြတ်သည့် အတွက်
အချိန်ထပ်မံ တိုးမြှင့်လိုက်ကြောင်း ညီလာခံ ကျင်းပရေးကော်မတီ ထံမှ သိရသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ဘားအံ ငြိမ်းချမ်းရေးဆွေးနွေးပွဲ မတိုင်မီ တိုင်းရင်းသား အဖွဲ့များက ပြုစုမည့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (မူကြမ်း) ကို အပြီးသတ် ညှိနှိုင်းရေးဆွဲရန် အချိန် လိုအပ်သဖြင့် ညီလာခံကျင်းပမည့် အချိန်တစ်ရက် ထပ်မံတိုးမြှင့်ခြင်း ဖြစ်ကြောင်း အဆိုပါကော်မတီက ပြောဆိုသည်။

"ဒီနေ့ဆုံးဖြတ်ချက် အရ ၁ ရက် ထပ်တိုးမယ်။ မပြတ်သေးရင် အချိန်ထပ် တိုးဦးမှာပါ" ဟု တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာက ဆိုသည်။

အစည်းအဝေး ဒုတိယမြောက်ရက် ဖြစ်သည့် ဇန်နဝါရီလ ၂၁ ရက်နေ့တွင် NCCT ၏ လုပ်ငန်း အစီရင်ခံစာကို တင်ပြခဲ့ပြီး အပစ်အခတ် ရပ်စဲရေး မူကြမ်းအတွက် ညီလာခံသို့ တက်ရောက်လာသည့် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးထံမှ သဘောထားများ ရယူနေမှု မပြီးပြတ်သေးကြောင်း ၄င်းက ထပ်လောင်း ပြောကြားသည်။

ယင်းအတွက် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးပြုလုပ်ရန် အချိန် ထပ်မံကြာမြင့်နိုင်ပြီး မြန်မာငြိမ်းချမ်းရေး စင်တာမှ အကြီးတန်း အကြံပေး ဦးလှမောင်ရွှေ ပြောကြားသကဲ့သို့ အပစ်အခတ် ရပ်စဲရေး မနီးစပ်သေးကြောင်း၊ အချို့သော ဝေါဟာရ အသုံးအနှုန်းများကို အပစ်အခတ် ရပ်စဲရေး စာချုပ်တွင် ထည့်သွင်းရန် အစိုးရက လက်မခံသဖြင့် ကြာမြင့်နေခြင်း ဖြစ်ကြောင်း နိုင်ဟံသာက ထပ်လောင်း ပြောဆိုသည်။

ပထမအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ (လိုင်ဇာ) တွင်လည်း အကျေအလည် ဆွေးနွေးရမှုများကြောင့် ညီလာခံကျင်းပချိန် တစ်ရက် တိုးမြှင့်ခဲ့ပြီး ဒုတိယအကြိမ်ကို KNU နယ်မြေတွင်ကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း၊ ယခုအကြိမ် တွင်လည်း အသေးစိတ်
ညှိနှိုင်းရမည့် အချက်များ ကျန်ရှိနိုင်သည့် အတွက် တတိယအကြိမ် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးညီလာခံ တစ်ခု ကျင်းပရဖွယ်ရှိကြောင်း NCCT က ပြောဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က နှစ်ပေါင်းခြောက်ဆယ်ကျော် ပြည်တွင်းစစ် အဆုံးသတ်ရေး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံးနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးကို မကြာမီ လက်မှတ်ရေးထိုးမည်ဟု ၂၀၁၃ ခုနှစ်အတွင်း အကြိမ်ကြိမ် ပြောဆိုထားသည်။

No comments:

Post a Comment