Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 17, 2014

မန္တလေး အမြင့်ဆုံးကွန်ဒို ကျပ်သိန်း ၂၅၀၀ ဖြင့် စတင်ရောင်းချ

မန္တလေး၊ ဇန်နဝါရီ ၁၆

ငလျင်အန္တရာယ် ရှိခြင်းကြောင့် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် အကန့်အသတ်ရှိသော မန္တလေးမြို့တော်တွင် အမြင့်ဆုံး ကွန်ဒိုဖြစ်သော မန္တလေး ဈေးချိုတော်အနီး ၂၅ ထပ်အမြင့်ရှိ မန်းမြန်မာ ကွန်ဒိုမီနီယံမှ ကွန်ဒိုခန်းများကို တစ်ခန်းလျှင် ကျပ်သိန်း ၂၅၀၀ ဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ ရောင်းချပေးနေကြောင်း မြန်မာ-မန္တလေး ကုမ္ပဏီလီမိတက် မန်းမြန်မာ ဆောက်လုပ်ရေး အုပ်ချုပ်မှု ဒါရိုက်တာ ဦးသန်းဝင်းက ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနှင့် မန်းမြန်မာ ဆောက်လုပ်ရေးတို့ အကျိုးတူ ပူးပေါင်း ဆောက်လုပ်သည့် အဆိုပါ အထပ်မြင့် ကွန်ဒိုမီနီယံတွင် ကွန်ဒိုခန်းပေါင်း ၁၄၄ ခန်းပါဝင်ပြီး အခန်းတိုင်းတွင် ပရိဘောဂများ ပါဝင်မည်ဖြစ်ကာ ကွန်ဒိုခန်းများ၏ တန်ဖိုးကို ဈေးနှုန်းတစ်မျိုး တည်းသာ သတ်မှတ်ထားကြောင်း ၎င်းက ရှင်းလင်းပြောကြားသည်။

“စတင်ရောင်းချတဲ့ အနေနဲ့ ဇန်နဝါရီ ၁၆ ရက်နေ့ဝယ်တဲ့သူ အားလုံးကို ၁၀ ရာခိုင်နှုန်း ဈေးလျှော့ပြီး ရောင်းပေးတာပါ။ အရစ်ကျ အစီအစဉ်နဲ့လည်း ရောင်းပေးမှာပါ။ အရစ်ကျ ဆိုရင်တော့ လေးရစ်ကနေ ခြောက်ရစ်အထိ ခွဲပြီးရောင်းပေးမှာပါ” ဟု ဦးသန်းဝင်းက ဆိုသည်။

အဆိုပါ ကွန်ဒိုခန်း တစ်ခန်းလျှင် စတုရန်းပေပေါင်း ၂၀၀၀ ကျယ်ဝန်းသည့် အခန်းပေါင်း ၁၄၄ ခန်းရှိသည့်အနက် အခန်းပေါင်း ၄၀ ကျော် ရောင်းချပြီး ဖြစ်ကြောင်း အဆိုပါကွန်ဒို အရောင်းတာဝန်ခံများထံမှ သိရသည်။

“အဆင့်မြင့် ကွန်ဒိုတစ်ခန်းကို ၂၅၀၀ ဆိုတာ တန်ပါတယ်။ မြို့လယ်ကောင်လည်း ကျတယ်။ ဒါပေမဲ့ အထပ်မြင့်နဲ့ မန္တလေးနဲ့က အသားမကျသေးဘူး။ အခုချိန်ထိ ကြောက်တဲ့စိတ်က ရှိကျတုန်းပဲဆိုတော့ အချိန်ကာလ တစ်ခုတော့ စောင့်ရမှာပေါ့” ဟု မန္တလေးမြို့ခံ အသက် ၅၀ အရွယ် စီးပွားရေး လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ဆိုသည်။

အဆိုပါ ကွန်ဒိုမီနီယံသည် ငလျင်ဒဏ် ၈ ဒသမ ၅ ရစ်ခ်ျတာစကေး ခံနိုင်ရည်ရှိသည့် ပေ ၃၀၀ အမြင့်ရှိပြီး မန္တလေးမြို့၏ အစည်ကားဆုံး နေရာဖြစ်သည့် မန္တလေး ဈေးချိုတော်အနီးတွင် တည်ရှိခြင်း ဖြစ်ကြောင်း ဦးသန်းဝင်းက ထပ်လောင်းပြောကြားသည်။

“နယ်ကနေ မန္တလေးမှာလာပြီး စီးပွားရေး လုပ်မယ့်သူတွေ အတွက်ကတော့ နေပျော်တဲ့ ဈေးနှုန်းပါ။ ဒီလိုမျိုး မြို့လယ် ဧရိယာမှာ ဒီလိုအကျယ်အဝန်းရှိတဲ့ မြေကွက် ဆိုရင်ကို ဈေးနှုန်းက ကျပ်သိန်းပေါင်း သောင်းချီနေတာဆိုတော့ မြေဝယ်နိုင်ရင်တောင် အိမ်ဆောက်ဖို့က လွယ်မှာမဟုတ်ဘူး။ ဒီလိုမျိုး စီးပွားရေး လုပ်လို့ကောင်းတဲ့ နေရာမှာ ဒီဈေးနှုန်းနဲ့ ဒီလိုအကျယ်အဝန်းမှာ နေရတယ်၊ ကားပါကင်လည်း ပါပြီးသားဆိုတော့ နယ်ကလာနေမယ့် သူတွေအတွက် သင့်တော်တဲ့ ဈေးနှုန်းလို့ ပြောရမယ်။ ဒါပေမဲ့ မန္တလေးတစ်မြို့လုံး အနေအထားနဲ့ ဆိုရင်တော့ ဒီဈေးက နည်းနည်းများတယ်။ ပြီးတော့ မန္တလေးမှာက တိုက်ခန်း ယဉ်ကျေးမှုကလည်း ထွန်းကားဖို့ လိုသေးတယ်” ဟု မန္တလေးမြို့တော်ရှိ ဝါရင့်အိမ်၊ ခြံ၊ မြေ အကျိုးဆောင်တစ်ဦးက ဆိုသည်။

အဆိုပါ ၂၅ ထပ်အမြင့်ရှိ ကွန်ဒိုမီနီယံနှင့်အတူ မန်းမြန်မာပလာဇာ ခြောက်ထပ်ကို ပြီးခဲ့သည့် ၂၀၀၄ ခုနှစ် ဇန်နဝါရီလက စတင်တည်ဆောက်ခဲ့ပြီး မန်းမြန်မာပလာဇာ ခြောက်ထပ်ကို ၂၀၀၇ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။

No comments:

Post a Comment