ဂျပန်ရိုးရာ ခေါက်ဆွဲပြုတ် ကို Ramen လို့ ခေါ်ပါတယ်။ ဒီခေါက်ဆွဲ ကို ဂျပန်ကုမ္ပဏီ Nissanfoods က စတင် ထုတ်လုပ် ခဲ့တယ်။ စတင် ရောင်းချစဉ်က ပုံမှန် ခေါက်ဆွဲထက် ခြောက်ဆလောက် ဈေးကြီး ခဲ့လို့ လူကုံထံ တွေသာ စားသုံး နိုင်ခဲ့တယ်။ ၁၉၇၁ ခုနှစ်မှာ ခွက်ထဲ ထည့်ပြီးသား အသင့်စား ခေါက်ဆွဲဘူး ပုံစံ ထပ်မံ ထုတ်လုပ် ခဲ့တယ်။ နောက်ပိုင်းမှာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အောင်မြင်ပြီး ခေတ်စား လာတယ်။ ကျန်းမာရေး အတွက် ပြဿနာဟာ ကျွန်တော်တို့ နေ့စဉ် စားသုံးတဲ့ အစားအစာ ထဲမှာ အာဟာရဓာတ် လုံလောက် မျှတဖို့ လိုအပ် ပါတယ်။ ကျန်းမာရေး အတွက် ကစီဓာတ် ၊ အဆီဓာတ် ၊ အသားဓာတ် ၊ ဗီတာမင် နဲ့ သတ္တုဓာတ် တွေ လုံလောက်စွာ ပါဝင်သင့်တယ်။ ခေါက်ဆွဲ ခြောက်ထုပ် တွေဟာ အဆင့်ဆင့် ပြုပြင် ပြောင်းလဲ ထားတာ ဖြစ်လို့ အာဟာရ တန်ဖိုး နည်းပါး ပါတယ်။ ခေါက်ဆွဲ ခြောက်ထုပ်မှာ ကစီဓာတ် နဲ့ အဆီဓာတ် တွေသာ အဓိက ပါဝင်တယ်။ ပါဝင်တာကို အချိုးချ ကြည့်ရင် ပရိုတင်း ကိုးရာခိုင်နှုန်း ၊ အဆီဓာတ် ၃၆ ရာခိုင်နှုန်း နဲ့ ကစီဓာတ် ၅၅ ရာခိုင်နှုန်း စီ အသီးသီး ပါဝင်တယ်။ ဒါကြောင့် ခေါက်ဆွဲ ခြောက်ထုပ်တွေ နေ့စဉ် စားသုံးသူ တစ်ဦးဟာ ဗီတာမင် ၊ သတ္တုဓာတ် နဲ့ ပရိုတင်းဓာတ် လုံလောက်မှု မရှိတော့ဘူး။ လက်တွေ့ ကျကျ ပြောရရင် ခေါက်ဆွဲ စားခြင်းက ကျန်းမာရေး ပြဿနာ တစ်ရပ် မဟုတ်ပါဘူး။ ခေါက်ဆွဲခြောက် ကို ကြာရှည် ခံအောင် ပြုလုပ်ထားတဲ့ ပစ္စည်းတွေ ကသာ ကျန်းမာရေး အတွက် အန္တရာယ် ဖြစ်စေတာပါ။
ခေါက်ဆွဲခြောက် မှာ ဆိုးဆေးနဲ့ ဓာတုပစ္စည်းေ တွ ပါဝင် တာကြောင့် ကျန်းမာရေး အတွက် ကောင်းကျိုး မရှိဘူး။ ခေါက်ဆွဲ ခြောက်ထုပ် တွေမှာ အစိုဓာတ် ထိန်းပေးတဲ့ Propylene glycol ပါဝင်တယ်။ ပါဝင်တဲ့ Propylene Glycol က နှလုံး၊ အသည်းနဲ့ ကျောက်ကပ် ကို ထိခိုက် စေတယ်။ ဒီဓာတ်ကပဲ ခုခံအားကို ကျဆင်း စေတယ်။ ခေါက်ဆွဲခြောက် ပြုလုပ်တဲ့ အခါ ဂျုံ ၊ စားသုံးဆီ နဲ့ ဆိုဒီယမ် ဆားဓာတ်တွေ ထည့်သွင်း ရတယ်။ ဂျုံကို အခြောက်ခံ ထားတာ ဖြစ်လို့ အထဲမှာ ပါဝင်တဲ့ ဗီတာမင်ဘီ ဓာတ်တွေ ဆုံးရှုံး သွားတယ်။ ကြာရှည် ခံအောင် ဆိုဒီယမ်ဆား ထည့်ပေး ရတယ်။ ခေါက်ဆွဲခြောက် တစ်ထုပ်မှာ ပျမ်းမျှ ဆိုဒီယမ် တစ်ဂရမ် ပါဝင်တယ်။ တချို့ ခေါက်ဆွဲခြောက် ထုပ်တွေမှာ ဆိုဒီယမ် ပမာဏ ပိုများတာ တွေ့ရတယ်။ လူတစ်ယောက် အတွက် နေ့စဉ် လိုအပ်တဲ့ ဆိုဒီယမ် ပမာဏက ၂ ဒသမ ၃ ဂရမ် ဖြစ်ပါတယ်။ ဆိုဒီယမ် များခြင်းကြောင့် နှလုံး ၊ ကျောက်ကပ် ၊ သွေးတိုး နဲ့ လေဖြတ်ခြင်း ကို ဖြစ်စေ နိုင်တယ်။ တစ်ဖက်က ကြည့်ရင် ခေါက်ဆွဲခြောက် ကို လူတွေ စွဲလမ်းခြင်း ဟာ ပါဝင်တဲ့ ဆိုဒီယမ် ကြောင့်လဲ ဖြစ်နိုင်တယ်။ စားသုံးဆီ လဲ ပါဝင်လို့ နှလုံးရောဂါ နဲ့ အဝလွန် ရောဂါကို ဖြစ်စေတယ်။
အရသာ ကောင်းမွန် စေဖို့ Monosodium Glutamate ( MSG ) ခေါ်တဲ့ ဟင်းချိုမှုန့် ထည့်သွင်း ထားတယ်။ ဟင်းချိုမှုန့် က အနံ့ အရသာ ပြည့်စုံ စေသလို လူ့စိတ်ကို စွဲလမ်း စေတယ်။ သွေးပေါင်တက် စေတယ်။ ကိုယ်ဝန်ဆောင် မိခင်တွေ ကိုယ်ဝန် ပျက်ကျ နိုင်သလို မိမိကလေး ကိုလဲ ထိခိုက်စေ နိုင်တယ်။ ကလေးတွေ ဉာဏ်ရည် ဉာဏ်သွေး ကျဆင်းစေပြီး ကြီးထွား ဖွံ့ဖြိုးမှုကို နှောင့်နှေး စေတယ်။ ပန်းနာ ရင်ကျပ် အခံရှိရင် ပိုဆိုး ဦးမယ်။ လူဦးရေရဲ့ တစ်ရာခိုင်နှုန်း က ဟင်းချိုမှုန့် မတည့်တာ ရှိနိုင်တယ်။ ဒါ့ပြင် အသင့်စား ခွက်တွေမှာ ပါဝင်တဲ့ Dioxin ဓာတ်တချို့က ရေနွေးနဲ့ ဓာတ်ပြုတဲ့ အခါ ကင်ဆာရောဂါ ဖြစ်စေတယ်။
ဒါကြောင့် နေ့စဉ် ရက်ဆက် ခေါက်ဆွဲ ခြောက်ထုပ် ကို စားသုံးသူ တွေဟာ ရေရှည်မှာ ခန္ဓာကိုယ် အတွက် ကောင်းကျိုး မဖြစ်ဘဲ ဆိုးကျိုး တွေသာ တွေ့ရတယ်။ ၂ဝဝဝ ပြည့်နှစ်မှာ ၂ဝ ရာစုအတွင်း သူတို့ရဲ့ အကြီးကျယ်ဆုံး တီထွင်မှုဟာ ခေါက်ဆွဲ ခြောက်ထုပ် ဖြစ်တယ်လို့ ဂျပန် လူမျိုးတွေက ကြွေးကြော် ခဲ့ကြတယ်။ ဘာကြောင့်လဲ ဆိုတော့ တစ်ကမ္ဘာလုံး အတိုင်းအတာ နဲ့ အောင်မြင်ခဲ့ သလို လက်ရှိ အချိန်ထိ ဆတက်ထမ်းပိုး သုံးစွဲ နေကြလို့ ဖြစ်ပါတယ်။ နောက်ပိုင်း မှာလဲ ပိုမို ကျယ်ပြန့် လာဖို့သာ ရှိပါတယ်။ နှစ်စဉ် ခေါက်ဆွဲ ခြောက်ထုပ် ထုတ်လုပ် တင်သွင်းမှု ကနေ ဝင်ငွေ ဒေါ်လာ ဘီလီယံချီပြီး ရရှိ နေကြတယ်။ ကမ္ဘာတစ်ဝန်း နှစ်စဉ် ခေါက်ဆွဲ ခြောက်ထုပ် ပေါင်း ၉၅ ဘီလီယံ လောက် သုံးစွဲ ကြတယ်လို့ ကိန်းဂဏန်း တွေက ဖော်ပြ ကြတယ်။ စားသုံးသူတွေ အနက် ၄၅ ရာခိုင်နှုန်း ခန့်ဟာ တရုတ်နိုင်ငံ က ဖြစ်တယ်။ ကမ္ဘာမှာ ခေါက်ဆွဲ ခြောက်ထုပ် ထုတ်လုပ်မှု အများဆုံး နိုင်ငံဟာလဲ တရုတ်နိုင်ငံ ပဲ ဖြစ်တယ်။ အိမ်နီးချင်း ဖြစ်လို့ မြန်မာတွေလဲ ခေါက်ဆွဲခြောက် နဲ့ မကင်းနိုင် ပါဘူး။ အရှေ့တိုင်း သာမက အနောက်တိုင်း မှာလဲ အလားတူ စားသုံး နေကြတယ်။ ဘယ်လိုပဲ ဆိုဆို ဂျပန်တွေက ကြွေးကြော် ခဲ့သလို
၂ဝ ရာစု အတွက် သာမက ၂၁ ရာစု အတွက်ပါ အကျိုး သက်ရောက် နိုင်မလား ဆက်လက် စောင့်ကြည့်ဖို့ တော့ လိုအပ် နေပြီ ဖြစ်ပါတယ်။
ဒေါက်တာ အေးမင်းထူး
#Themyawadydaily
No comments:
Post a Comment