Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 28, 2014

မွတ်ဆလင်များသတ်ဖြတ်ခံရမှု ဖော်ပြသော ကုလနှင့်အေပီ ကျင့်ဝတ်မဲ့ဟု ဦးရဲထွဋ် စွပ်စွဲ

ရခိုင်ပြည်နယ် မောင်တောမြို့ ဒူချီရာတန်း အလယ်တန်းကျေးရွာမှာ ဒေသခံ မွတ်ဆလင် ၄၈ယောက် သတ်ဖြတ်ခံရတဲ့ကိစ္စ ကုလသမဂ္ဂရဲ့သတင်းထုတ်ပြန်မှုဟာ ကျင့်ဝတ်နဲ့မညီသလို အေပီသတင်းဌာနဟာလည်းတစ်ဖက်သတ် ရေးသားခဲ့တယ်လို့ မြန်မာအစိုးရပြောခွင့်ရ ဦးရဲထွဋ်က ဇန်နဝါရီ ၂၈ရက်နေ့မှာ စွပ်စွဲလိုက်ပါတယ်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ သတ်ဖြတ်မှုတွေဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး ခိုင်လုံတဲ့ သက်သေရှိရင် ပြောနိုင်တယ်လို့ ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ပြုလုပ်တဲ့ ရှင်းလင်းပွဲအပြီး မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။
မောင်တောမှာ ဇန်နဝါရီ ၉ရက်နေ့နဲ့ ၁၃ရက်နေ့တွေမှာ ဒူချီရာတန်းကျေးရွာက ဒေသခံမွတ်ဆလင် အနည်းဆုံး ၄ဝကျော်ကို အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ ရခိုင်လူမျိုးတွေ တိုက်ခိုက်သတ်ဖြတ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပြီးနောက်ပိုင်း ဇန်နဝါရီ ၂၂ရက်နေ့ကနေ ၂၆ရက်နေ့အထိ ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်က သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေးအဖွဲ့ ICG က မောင်တောမှာ ရခိုင်ရဲတွေကိုမသုံးဖို့ ထုတ်ပြန်ခဲ့တဲ့အပေါ် ဦးရဲထွဋ်က ကိုယ့်နိုင်ငံတွင်း ရဲတပ်ဖွဲ့တွေ ဘယ်လိုနေရာချလဲဆိုတာ အချုပ်အခြာအာဏာနဲ့ဆိုင်တာကြောင့် ICG က ဝင်ရောက်စွက်ဖက်ခွင့်မရှိဘူးလို့ တုံ့ပြန်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ရှင်းလင်းပွဲမှာ ပြည်တွင်းက သတင်းစာ ၄စောင်နဲ့ ပြည်ပ မီဒီယာ ၆ခုကိုသာ ဝင်ခွင့်ပေးခဲ့ပြီး မောင်တော သတ်ဖြတ်မှုတွေကို ဖော်ထုတ်ရေးသားခဲ့တဲ့ အေပီသတင်းဌာနကို ဝင်ခွင့်မပေးခဲ့ပါဘူး။
ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့ဘဏ်၊ ICG၊ အမေရိကန်အစိုးရ၊ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့တွေက သတ်ဖြတ်မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ ပြောဆိုတာတွေကို ဦးရဲထွဋ်က နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။
http://www.kamayutmedia.com/2014/01/28/un-and-ap-are-unethical/

No comments:

Post a Comment