Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 6, 2014

ရွှေပြည်သာ အုပ်စုဖွဲ့လူသတ်မှု သံသယရှိသူ ခုနစ်ဦးကို ငါးရက်အတွင်း ဖမ်းမိ

ရန်ကုန်၊ ဇန်နဝါရီ ၅

ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၁၀) ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် ပြည်တော်သာ ပတ်လမ်းဆုံတွင် ဇန်နဝါရီလ ၁ ရက်နေ့ (နှစ်သစ်ကူးနေ့) က အသက် ၂၃ နှစ်အရွယ် လူတစ်ဦး သေဆုံးခဲ့သော အုပ်စုဖွဲ့ လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိသူ ခုနစ်ဦးကို ငါးရက်အတွင်း ဖမ်းမိခဲ့ပြီး စစ်ဆေးလျက် ရှိကြောင်း ရွှေပြည်သာ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက The Voice သို့ ပြောကြားသည်။

သံသယရှိသူ တစ်ဦးကို လူသတ်မှု ဖြစ်ပွားပြီး တစ်ရက်အကြာ ဇန်နဝါရီ ၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ကရင်ပြည်နယ် ဘားအံမြို့တွင် ဖမ်းမိပြီး ကျန်ရှိသော သံသယရှိသူ ခြောက်ဦးကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖမ်းမိခဲ့ကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
“ဘားအံမြို့ အမှတ် (၅) ရပ်ကွက် ယန္တရားဝင်းက ငါးဒိုင်မှာ ရန်ကုန် ရွှေပြည်သာ လူသတ်မှုနဲ့ ပတ်သက်တဲ့ သံသယရှိသူ အသက် ၂၀ အရွယ် လူငယ်တစ်ယောက်ကို ဖမ်းမိထားပါတယ်။ သူ့ (လူငယ်) ကို ရွှေပြည်သာ ရဲစခန်းကို ပြန်လွှဲထားပါတယ်” ဟု ကရင်ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ထပ်မံဖမ်းမိသော လူငယ်ခြောက်ဦးနှင့် ပတ်သက်၍ အသေးစိတ် ဖမ်းမိသော နေရာနှင့် နေ့ရက်အချိန် အတိအကျ အသေးစိတ်ကိုမူ ရွှေပြည်သာမြို့နယ် ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ထုတ်ဖော် ပြောကြားခြင်း မပြုပေ။

၂၀၁၄ နှစ်သစ်ကူးနေ့ဖြစ်သော ဇန်နဝါရီ ၁ ရက်နေ့ နံနက် ၂ နာရီခန့်က ရွှေပြည်သာမြို့နယ် (၁၀) ရပ်ကွက် ဘုရင့်နောင်လမ်းနှင့် ပြည်တော်သာ ပတ်လမ်းဆုံတွင် ကိုရဲကျော် အပါအဝင် ရှစ်ဦးခန့်က ဂစ်တာတီး သီချင်းဆိုနေစဉ် ကောင်းမြတ်ကျော် (ခ) အောင်ကောင်းမြတ် အပါအဝင် သုံးဦးက “ငါ့သူငယ်ချင်းကို လုပ်တာ ဘယ်သူလဲ” ဟု ဆိုကာ ဝင်ရောက် ထိုးနှက်ခဲ့ရာမှ အဆိုပါ လူသတ်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

ယင်းနောက် အပြန်အလှန် ထိုးကြိတ်ကြပြီး ရဲကျော် အပါအဝင် ရှစ်ဦးအဖွဲ့က အရက်ပုလင်းများဖြင့် ပြန်လည် ရိုက်နှက်ကာ ပုလင်းကွဲဖြင့် ထိုးရာက အသက် ၂၃ နှစ်အရွယ်ကို လာရောက် ထိုးနှက်ရာတွင် ပါဝင်ခဲ့သူ တစ်ဦးဖြစ်သည့် အောင်မြတ်ကျော် (ခ) အောင်ကောင်းမြတ်သည် ဝမ်းဗိုက် ထိုးသွင်းဒဏ်ရာ လေးချက်ဖြင့် သေဆုံးခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ချက်အရ သိရှိရသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ ရဲကျော် အပါအဝင် လူရှစ်ဦးကို (ပ) ၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂၊ ၁၁၄ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ရွှေပြည်သာမြို့နယ် ရဲစခန်းထံမှ သိရှိရသည်။

No comments:

Post a Comment