Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 31, 2014

ဝါးတဲ အိမ်လေးတစ်လုံး ဆောက်ချင်တယ်

Written by  ဇော်ဇော်ထွေး

လှိုင်သာယာမြို့နယ် ရန်ကုန် -ပုသိမ် ကားလမ်းမဘေးရှိ ကားမှတ်တိုင် နားနေဆောင်များက ပြိုပျက်စပြု နေသည်။ ကားလမ်းမဘေးတစ်လျှောက်တွင် ဤသို့ သံတိုင်၊သွပ်မိုး၊ အုတ်ခုံ သမံတလင်းဖြင့် အခိုင်အမာ ဆောက်လုပ်ထားသော မှတ်တိုင်နားနေဆောင်များ အများအပြားရှိသော်လည်း ယခုအခါမူ အသုံးပြုခြင်း မရှိတော့ချေ။
အဆင့်မြင့် ကားမှတ်တိုင်အနီးက နားနေဆောင်ဟောင်း တစ်ခုမှာတော့ အမျိုးသမီးကြီးတစ်ဦး ငုတ်တုတ် ထိုင်ခါစ ကလေးငယ်လေးကို ထမင်းခွံ့နေသည်။ အနောက်ဘက်မှာ ထိုးနေသောကျနေကိုတော့ သံတိုင် နှစ်ခုကြား ကန့်လန့်ဖြတ် သွယ်တန်းထားသောကြိုးတွင် စောင်များ၊ ခြင်ထောင်များ ဖြန့်လှန်းထားခြင်းဖြင့် အကာအကွယ် ယူထားသည်။ အောက်ခံကြမ်းပြင်တွင် ဟောင်းနွမ်းဆွေးမြည့်၍ ညစ်ထေးနေသော ပိုက် ဖျာဟောင်းကို ခင်းထားပြီး အနီးတွင်တော့ အင်္ကျီအ၀တ်ထုတ်အချို့၊ ရေခွက်နှင့် အချိုရေဘူးခွံများက ဟို တစ်စ ဒီတစ်စ ချထားသည်။
ထိုနေရာလေးသို့ ၀င်ရောက်လိုက်သည်နှင့် အချိန်အတော်ကြာကြာ မလျှော်မဖွပ်သည့် စောင်များ၊ ခြင် ထောင်များဆီက အနံ့စူးစူးများက နှာခေါင်းဆီသို့ ပြေးဝင်လာသည်။ အကာအရံမရှိသည့် သည်နားနေ ဆောင်ဟောင်းသည် လူမမည် ကလေး သုံးဦးပါဝင်သည့် မိသားစုတစ်ခု၏ အိမ်ဂေဟာပင် ဖြစ်သည်။ လသားကလေးငယ်အား ထမင်းခွံ့နေသည့် သမီးကြီးမှာ မခင်မျိုးဦးဆိုသူဖြစ်ပြီး အမယ်အိုတစ်ဦးပုံစံ ပေါက်နေသည့်တိုင် အမှန်စင်စစ် သူ့ အသက်မှာ ၄၆ နှစ်သာ ရှိသေးသည်။
ယခင်က မခင်မျိုးဦးတစ်ယောက် ရှစ်လရှိသားငယ်ကို ချီပိုးပြီး ခုနစ်နှစ်နှင့် လေးနှစ်ရှိ သမီးငယ်နှစ်ဦးနှင့် အတူ ညဘက်ဆိုင်ပိတ်သိမ်းသည့် ကွမ်းယာဆိုင်များ၊ ဈေးဆိုင်ခုံများတွင် လိုက်လံ အိပ်စက်ခဲ့ရသည်။ ထို့နောက် ကလေးငယ်များနှင့် သူ့မိသားစုမှာ မှတ်တိုင်ရှိ စိတ်မနှံ့သည့် အမျိုးသမီးကြီး၏ ကောင်းမှု ကြောင့် ဤ နားနေဆောင်၏ တစ်ဝက်တွင် နေထိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။
မနက်စာနှင့် နေ့လယ်စာကို အောင်မြေသာယာဘုရားက သုံးထပ်ကြီး ဘုန်းကြီးကျောင်းမှာ သွားတန်းစီ ပြီး စားခဲ့ရသည့် သူတို့မိသားစု ဒီမှတ်တိုင်နားနေဆောင်တွင် နေထိုင်လာသည်မှာ နှစ်လပင် ရှိသွားပြီ ဖြစ်သည်။
“ကလေးတွေနဲ့ ထွက်လာတုန်းကတော့ မနက် လေးနာရီဆို ဘုန်းကြီးကျောင်းမှာ သွားတန်းစီတယ်။ မနက်စာ အဆာပြေစားရတာပေါ့။ ဘုန်းကြီးကျောင်းက နေ့လည် ၁၁ နာရီမှာ နေ့လယ်စာလည်း ဝေပေး တယ်။ ညစာကတော့ ဖြစ်သလိုပဲ” လို့ မခင်မျိုးဦးက ဒူးနှစ်ချောင်းထောင် ဆောင့်ဆောင့်ထိုင်ပြီး ကလေး ငယ်အား ထမင်းလုတ်ခွံ့နေရင်း ပြောပြသည်။
“အရင်နေ့ဘက်ဆိုရင် အောင်မြေသာယာဘုရားမှာ သွားထိုင်နေကြတယ်။ ညဘက်ဆိုရင်တော့ ဒီရပ် ကွက်တွေထဲက ကွမ်းယာဆိုင်တွေ၊ ဈေးဆိုင်တွေ ပိတ်ချိန်ကို စောင့်ပြီး ဆိုင်လွတ်တွေမှာ သွားအိပ်ကြ တာ၊ ဒီလိုပဲ လျှောက်သွားပြီး တွေ့တဲ့နေရာ ကြုံသလိုအိပ်ခဲ့တာ။”
မခင်မျိုးဦးတို့ မိသားစု မှော်ဘီဖားအင်တောင်တွင် “၀ဥ”တူးခဲ့စဉ်က နေထိုင်စရာပင်မက ၀င်ငွေပါအတော် အသင့်ရရှိခဲ့သည်။
ထို့နောက် နောက်ဆုံး သားယောက်ျားလေး မွေးဖွားရန် ရှိလာတော့ လှိုင်သာယာ အမှတ်(၆)ရပ်ကွက်ရှိ ယောက်ျားဖြစ်သူ မိဘများအိမ်တွင် လာရောက်နေထိုင်ခဲ့ရသည်။ကလေးမီးဖွားပြီး ငါးလအကြာတွင်တော့ ၀င်ငွေမရှိသည့် သူတို့မိသားစုကို ယောက္ခမများက ငြိုငြင်လာကြသည်။
နောက်ပိုင်းတွင် ယောက္ခမ အသိုင်းအ၀ိုင်းကသာမက လင်သားဖြစ်သူကပါ ငြိုငြင်လာသောအခါ မခင်မျိုး ဦးမှာ ကလေးသုံးယောက်နှင့်အတူ ယောက္ခမ အိမ်ကပါ ထပ်မံဆင်းခဲ့ခြင်းဖြစ်သည်။ ဒီလိုနှင့်မခင်မျိုးဦးနှင့် ကလေးသုံး ယောက်တို့ လမ်းပေါ်ရောက်လာကြသည်။ နေစရာအိမ်မဲ့သွားသော သူတို့မိသားစုသည် သူ လို အခြားသောလမ်းပေါ်က မိသားစုများနည်းတူ လမ်းဘေးဇရပ်များ၊ မှတ်တိုင်ဟောင်းများတွင် ယာယီ အခြေချ နေထိုင်လာခဲ့ကြရသည်။
၃၄ နှစ်အရွယ် လင်သားဖြစ်သူက သူတို့မိသားစုနောက် လိုက်လာခဲ့ပြီးသည့် နောက်တွင်မတော့ မခင်မျိုး ဦးတို့ မိသားစု ဘုန်းကြီးကျောင်းမှာ ထမင်းစားဖို့ တန်းစီစရာ မလိုတော့ပေ။ အ၀တ်တစ်ထည် ကိုယ်တစ် ခုနှင့် ကလေးအ၀တ်ထုပ်သာ ပါခဲ့သည့် သူမတို့မိသားစု အမျိုးသားက စောင်၊ ခြင်ထောင်များ ယူလာ သည့်အတွက် ယခုနှစ်ဆောင်းအအေးဒဏ်ကို အတော်အသင့် အံတုနိုင်ခဲ့သည်။
“ကျွန်မတို့ ဆင်းလာတုန်းက ဘာမှကို မပါဘူး။ သူ့အဖေ(ယောက်ျားဖြစ်သူ) ရောက်လာမှ အင်္ကျီတို့၊ စောင်တို့ပါလာတာ။ အရင်ကတော့ အရူးမကြီးဆီက စောင်တွေ ငှားခြုံရတာပေါ့” ဟု ညစ်ထေး နေသည့် အင်္ကျီကိုယ်စီဝတ်ထားပြီး ခန္ဓာကိုယ်နှင့် ခြေလက်မျက်နှာတွင် ညစ်ပေသည့် သမီးအကြီးဖြစ်သူနှစ်ဦးကို လှည့်ကြည့်နေရာက ဆိုလိုက်သည်။
သောက်ရေကို ကွမ်းယာဆိုင်တစ်ဆိုင်မှ နေ့စဉ်ယူဆောင် ရရှိနိုင်သော်လည်း သုံးရေကို အနီးရပ်ကွက် ရေတုံကင်မှ ရရှိရေး ခုနစ်နှစ်သမီးကြီးကို နေ့စဉ်မခိုင်းရက်သဖြင့် တစ်မိသားစုလုံး ရေမချိုးရသည့် ရက်က များသည်။
ယင်းတို့ မိသားစုကို လမ်းသွားလမ်းလာများ၊ ဖြတ်သွားဖြတ်လာ သူဌေးများက ငွေကြေးအချို့နှင့်ကလေး ငယ်လေးများအတွက် အ၀တ်အစားအချို့ကို ပေးကမ်းသွားလေ့ရှိသည်။
လင်ယောက်ျားဖြစ်သူ ရောက်ရှိလာသော်လည်း အလုပ်က ရတစ်နေ့ မရ တစ်နေ့ဆိုသည့်အတွက် မခင် မျိုးဦးမိသားစု ထမင်းနပ်မမှန်သော နေ့ရက်များကို ဖြတ်သန်းရဖူးသည်။
“ထမင်းမစားရတဲ့နေ့တွေ ရှိတာပေါ့။ ဒါပေမဲ့ အငယ်ဆုံးကလေးကတော့ စားရပါတယ်”ဟု ပြောသည့် အချိန်မှာတော့ သမီးကြီးနှစ်ဦးက မိသားစုအတွက် တစ်ခုတည်းသော စတီးဇလုံထဲက အရွက်ကြော်များ ဖြင့် နိုင်းချင်းနယ်ထားသည့် ထမင်းကို ပလုပ်ပလောင်း စားနေကြသည်။
ယောက္ခမအိမ်ရှိစဉ်ကပင် ပိုင်ဆိုင်သည့် အိုးခွက်များကို ပေါင်နှံခဲ့ရပြီး လမ်းဘေးထွက်လာချိန်မှာတော့ ပေါင်နှံထားသည့် ပြေစာဘောက်ချာများကိုပင် ထပ်မံရောင်းစားခဲ့ရသည်။
လက်ရှိမှာတော့ ယောက်ျားဖြစ်သူ အုံနာကြေးတစ်နေ့ ၇၀၀ တန် ဆိုက်ကား လေးရလာတော့ ယင်းတို့ မိသားစု မပိုသော်လည်း ထမင်းလေးကိုတော့ နပ်မှန်အောင် ၀ယ်စားနေနိုင်သည်။ တစ်ရာတန် ထမင်းငါး ထုပ်နှင့် ဟင်းသီးဟင်းရွက်ကြော် ၂၀၀ ဖိုးက ယင်းတို့မိသားစုအတွက် မနက် နေ့လယ်စာ လုံလောက် သည်ဟု ဆိုရမည်။
“ယောက်ျားက မနက်ပိုင်းတော့ နှစ်ရာ၊ သုံးရာ ပေးတယ်။ အဆာပြေ၀ယ် စားလို့ ရတာပေါ့၊ နေ့ခင်းပိုင်း ဆိုရင်တော့ အများဆုံး ၇၀၀ ပေးဖူးတယ်။ ညဘက်ဆိုရင်တော့ သူပြန်လာတဲ့အချိန် ၀ယ်လာရင်လည်း စားရတယ်။ မ၀ယ်လာရင် ကလေးတွေ အိပ်ပျော်နေတော့ ညစာက မစားဖြစ်တော့ဘူး” ဟု မခင်မျိုးဦးက ပြန်လည်ပြောပြသည်။
လွန်ခဲ့တဲ့ တစ်လလောက်က စ၍ ရင်ကျပ်ပြီး မောမောလာသည်ဆိုသည့် မခင်မျိုးဦးက သမီးကြီးဖြစ်သူ ကိုတော့ ဘုန်းကြီးကျောင်းမှာ အတန်းပညာသင်ပေးရန် စာရင်းပေးထားသည်ဟု ဆိုသည်။
လေးနှစ်အရွယ် သမီးအငယ်မကို ထမင်းခွံ့ကျွေးနေသည့် သမီးကြီးဖြစ်သူကို ကြည့်နေရာမှ “အသက်က ခုနစ်နှစ်ရှိနေပြီ။ ကျောင်းမထားရသေးဘူး၊ မနှစ်က ဘုန်းကြီးကျောင်းမှာ သွားထားတော့ လူပြည့် သွားလို့ မတက်လိုက်ရဘူး၊ နောက်နှစ် အတွက်တော့ ကြိုပြီး စာရင်းပေးထားတယ်။”
လှိုင်သာယာမြို့နယ်ရှိ ပရဟိတဂေဟာများ၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများကတော့ မခင်မျိုး ဦးတို့နည်းတူ မြို့နယ်အတွင်းရှိ မရှိဆင်းရဲသူ သားသမီးများအတွက် အဓိကအားထားရာ နေရာဖြစ်သည်။
သမီးငယ် နှစ်ဦးကို ယောက္ခမအိမ်ပြန် ပို့ပြီး သားငယ်လေးနှင့်အတူ သူငယ်ချင်းများဖြင့် လိုက်နေပြီး အလုပ်လုပ်ချင်သော်လည်း လွန်ခဲ့သည့် တစ်လက စတင် ခံစားလာရသော ရင်ကျပ်မောဟိုက်နေသည့် ဝေဒနာကြောင့် လက်လျှော့ထားရသည်။
လမ်းဘေးတစ်နေရာတွင် တဲလေးထိုးနေမည်ဟု စိတ်ကူးထားသည့် မခင်မျိုးဦး တစ်ယောက် ကာရံစရာ တာလပတ်စများ၊ မိုးကာစများကို အရူးမကြီးဆီကတစ်ဆင့် ၀ယ်ထားသည်ဟုဆိုပြီး ဘေးတွင်ခေါက်၍ ကြိုးစည်းထားသော ပီနံအိတ်ခွံကို လက်ညှိုးထိုးပြသည်။ သို့သော်လည်း တဲထိုးဖို့ ၀ါးလုံးကိုတော့ တက် နိုင်သလောက် တစ်လုံးချင်း ၀ယ်စုပေးထားရန် ယောက်ျား ဖြစ်သူကို တိုက်တွန်းနေရသေးသည်ဟုဆို သည်။
လွန်ခဲ့သည့်နှစ်အနည်းငယ်မှစ၍ နယ်မှ လာရောက်အခြေချနေထိုင်သူများကြောင့် လှိုင်သာယာတွင် လူဦးရေ ရုတ်တရက်မြင့်တက်လာခဲ့သည်။ ထို့ကြောင့် သာမန် အတော်အသင့် ၀င်ငွေရှိသူများပင် အိုးပိုင် အိမ်ပိုင်ဝယ်ယူပြီး နေနိုင်ရန်မှာ မလွယ်ကူလှပေ။ ငွေကျပ်သိန်း ဆယ်ဂဏန်းသာရှိသည့် လူနေမြေကွက် များ လပိုင်းအတွင်း နှစ်ပိုင်းအတွင်းမှာပင် သိန်းရာချီမြင့်တက်သွားခဲ့သည်။ ထို့ကြောင့်ပင် ၁၀ ပေပတ် လည်မျှပင် မပြည့်တော့သည့် အဆောင်ခန်းတစ်ခန်းပင်လျှင် အဆောင်ခက နှစ်သောင်း၊ သုံးသောင်းမှ သုံးသောင်းခွဲအထိရှိနေပြီး လူလေးဦးခန့် ၀င်အိပ်နိုင်ရုံအနေအထားသာ ရှိသည်။ ထို့ပြင် လစဉ် အဆောင် ခမတတ်နိုင်သူများအတွက် နေ့စဉ် ၇၀၀ ကျပ်မှ ၈၀၀၊ ၉၀၀ ပေးသွင်း၍ နေထိုင်နိုင်သော အဆောင်များ ပင် ပေါ်ပေါက်လာရသည်။
လစဉ်ပေးသွင်းရသော အဆောင်လခ မှာ ၃၅၀၀ ခန့်အထိ မြင့်တက်လာခြင်း ကြောင့်လည်း အဆောင် နေသူများ လမ်းဘေးမြေလွတ်များပေါ်သို့ တဲထိုးခြင်းဖြင့် ကျူးကျော်ဘ၀များသို့ ဆင်းကုန်ကြရသည်။ လိုင်သာယာမြို့နယ်တစ်ခုလုံးတွင် ကျူးကျော်တဲထိုး နေထိုင်သူပေါင်းမှာ ၂၀၁၂ ခုနှစ် စာရင်းအရပင်လျှင် လူဦးရေ ခုနစ် သောင်းကျော်ရှိနေသည်။
ယင်းတို့အထဲတွင် မခင်မျိုးဦးတို့ မိသားစုလို ကျူးကျော်တဲပင် မထိုးနိုင်ဘဲ လမ်းဘေး နေထိုင်နေရသူများ မှာလည်း ယနေ့တိုင် အများအပြား တွေ့ရှိနေရသည်။
“ကျွန်မကတော့ နေချင်စိတ်ကို မရှိတာ။ နေကို မနေချင်တော့တာ။ ဖြစ်နိုင်ရင် ကလေးသုံးယောက်ကို ဆိုက်ကားနဲ့တင်ပြီး သူအဘိုးအဘွားအိမ်ကိုပို့ပြီး ကျွန်မ လွတ်ရာကျွတ်ရာကို ထွက်သာသွားချင်တော့ တယ်” ဟု ဆိုရင်းက ပိုက်ဖျာပေါ်က ရှစ်လ သားငယ်ရဲ့ ချေးပုံကို ကြွပ်ကြွပ်အိတ်ထဲ လက်နှိုက်ကုပ်ယူပြီး ဘေးရှိ အမှိုက်ပုံထဲသို့ ပစ်ထည့်လိုက်သည်။
ဤသို့သော လမ်းဘေးဘ၀ ရောက်နေရသည့် မခင်မျိုးဦးတစ်ယောက် ငုတ်တုတ်ထိုင်တတ်စ သား ယောက်ျားလေး ရှေ့ရေးမပူပန်သော်လည်း သမီးအကြီး နှစ်ယောက်၏ ရှေ့ရေးကိုတော့ ပူပန်နေသည်။ ယခင်က သမီးနှစ်ယောက်၏ရှေ့ရေးကိုတွေး၍ မိဘမဲ့ဆိုပြီး ဘာသာရေး ပရဟိတ ဂေဟာတစ်ခုသို့ အပ်နှံလိုက်ရန် စာရင်းပင် ပေးခဲ့ပြီးသော်လည်း ယောက်ျား ဖြစ်သူ၏ ကန့်ကွက်မှုကြောင့်သာ ပျက်ပြယ် ခဲ့ရသည်။
“ယောက်ျားလေးက ကြီးလာလို့ ခိုးဆိုးနေရင် ထောင်ထဲရောက်ရုံပဲရှိမှာ၊ သမီး မိန်းကလေးတွေကြီးလို့ လှချင်ပချင်လို့ လှမ်းမှားသွားရင် တစ်ခါတည်းဘ၀ပါ ပျက်သွားမှာ။ အဲဒါပဲ စိုးရိမ်တာ။” အစိုးရသစ် လက် ထက် နှစ်နှစ်ခွဲ တာ ကာလအတွင်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စီမံကိန်းမှာလည်း အောင်မြင်မှုမရရှိ ခဲ့ဟု မကြာသေးမီက ၀န်ကြီးတစ်ဦးက၀န်ခံ ပြောဆိုထားသည်။ ထို့ပြင် ရှေ့အနာဂတ်အတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးလုပ်ငန်းများ အောင်မြင်ရန် နိုင်ငံတကာအဖွဲ့ အစည်းများ၊ အရပ်ဘက် အဖွဲ့ အစည်းများဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း အဆိုပါဝန်ကြီးက ဆိုထားသည်။
ပူးပေါင်းမှုများဖြင့် ဆက်လက် လုပ်ဆောင်မည့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် မခင်မျိုးဦးကဲ့သို့သော လမ်းဘေး နေအိမ်ခြေယာမဲ့ မိသားစုအများအပြားနှင့် လမ်းဘေးသို့ ရောက်ရှိလာကြသော ကျူးကျော်နေ ထိုင်သူများ အရေးကိုလည်း အဓိကနေရာတွင် ထည့်သွင်းစဉ်းစား လုပ်ဆောင်ပေးရန် မလွဲမသွေ လိုအပ် နေပြီ ဖြစ်သည်။
မနေ့ကတည်းက ကျန်ရှိနေသော နွမ်းရိညိုမည်းနေပြီဖြစ်သော ကွမ်းရွက် တစ်ရွက်ကို မခင်မျိုးဦး ထုံး သုတ်နေသည်။ လူမမယ် ကလေးသုံးဦးကတော့ လမ်းမပေါ်က ဖြတ်သန်းသွားလာနေသည့် မော်တော် ယာဉ်အမျိုးမျိုးကို ငေးကြည့်နေကြသည်။ လူ့ဘ၀ကို ယခုလိုကူးခတ် ဖြတ်သန်းနေကြရသည့် မခင်မျိုးဦး လို မိသားစုများရဲ့ ဆိုးရွားလှသည့် အခြေအနေများက လက်ရှိ အစိုးရလက်ထက် နှစ်နှစ်ခွဲကာလအတွင်း ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စီမံကိန်း အောင်မြင်မှု မအောင်မြင်မှုကို အကြီးမားဆုံး စိန်ခေါ်နေပြီဆိုသည်
ကိုတော့ မည်သူမျှ ငြင်းနိုင်ကြမည် မဟုတ်ချေ။
Mizzima

No comments:

Post a Comment