Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 20, 2014

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ပြည်တွင်း ပုံနှိပ်မီဒီယာများကို သတင်းထုတ်ပြန်မှု ကန့်သတ်

The Voice Weekly
ရန်ကုန်၊ ဇန်နဝါရီ ၁၉

တွံတေးမြို့နယ် ပန်းလှိုင်တံတား အဆင်းရှိ ကျူးကျော်တဲများကို လွန်ခဲ့သော သုံးရက် (ဇန်နဝါရီလ ၁၆ ရက်) က ဝင်ရောက် ဖျက်သိမ်းခဲ့မှုတွင် တပ်မတော်က သေနတ်ပစ်ဖောက်ကာ လူစုခွဲသည်ဟု နေ့စဉ်ထုတ် သတင်းစာအချို့နှင့် ဂျာနယ်အချို့တွင် ဖော်ပြခဲ့မှုမှာ သတင်းမှားယွင်းခဲ့သဖြင့် မလိုလားအပ်သော ပြဿနာများ ထပ်မံ မဖြစ်ပွားစေရန် ပုံနှိပ်မီဒီယာများထံ သတင်းထုတ်ပြန်ရာတွင် ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီးတွင် နေ့စဉ် ဖြစ်ပွားနေသော မှုခင်းသတင်း အရေအတွက်ကို ကန့်သတ်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်ခဲ့ကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

အဆိုပါ ကျူးကျော်တဲများကို ဝင်ရောက် ဖျက်သိမ်းစဉ်က တပ်မတော်က ပါဝင်ခဲ့ခြင်း မရှိသကဲ့သို့ ရဲတပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကျူးကျော်တဲ ဖျက်သိမ်းသည့် တာဝန်ရှိသူများနှင့် ကျူးကျော်တဲ ဆောက်လုပ်နေထိုင် သူများအကြား အန္တရာယ် မဖြစ်စေရေး၊ ပဋိပက္ခ မဖြစ်ပွားစေရေးအတွက် လုံခြုံရေး တာဝန်သာ ဆောင်ရွက်ပေးခဲ့ခြင်း ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ယခင်က ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ် မှုခင်းဖြစ်ပွားမှုမှာ အမှုပေါင်း ၂၀ ဝန်းကျင်ရှိပြီး ယင်းသတင်းများကို သတင်းမီဒီယာသို့ ထုတ်ပြန် ပေးသော်လည်း ဒီဇင်ဘာလ ၁၆ ရက်နေ့မှစကာ ဒီဇင်ဘာလ ၁၉ ရက်နေ့အထိ ရန်ကုန်တိုင်းအတွင်း ဖြစ်ပွားသော မှုခင်းများအနက် ငါးပုဒ်ကျော်သာ ထုတ်ပြန်ပေးကြောင်း မှုခင်းသတင်းထောက် အချို့ထံမှ စုံစမ်းသိရှိသည်။

ကျူးကျော်အိမ်များ ဖျက်သိမ်းမှုနှင့် ပတ်သက်၍ သတင်းမှားရခြင်းမှာ အဆိုပါနေရာကို သတင်းသမားများကို ပေးမဝင်ခြင်းကြောင့် ဖြစ်ကြောင်း၊ ယင်းသို့ မဝင်နိုင်သဖြင့် နောက်ကွယ်တွင် ဖြစ်ပွားနေသော သတင်းအမှန်ကို မသိနိုင်ကြောင်း၊ ခိုက်ရန် ဖြစ်ပွားနေသော အခြေအနေတွင် မီဒီယာသမားများကို ပေးမဝင်သည်ကို လက်ခံနိုင်သော်လည်း မီဒီယာကို ပိတ်ပင်သော သဘောမျိုးဖြင့် ဖြစ်ပွားရာ နေရာသို့ ပေးမဝင်ခြင်းကြောင့် အပြင်ဘက်မှ စုံစမ်းရရှိသော ကောလာဟလကို ရေးသားရာ၌ သတင်းအချက်အလက် မှားယွင်းနိုင်ကြောင်း မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) မှ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

မှုခင်းသတင်းများအနက် တပ်မတော်သားများ၊ အစိုးရ ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သံဃာတော်များ၏ ဥပဒေနှင့် ငြိစွန်း ကျူးလွန်သည့် သတင်း၊ ဘာသာရေး ပဋိပက္ခ ဖြစ်ပွား လာနိုင်စေသော သတင်းများကို နေ့စဉ် သတင်းစာနှင့် ဂျာနယ် တစ်ချို့တွင် ရေးသားဖော်ပြရာ၌ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်ဟု ရေးသား ဖော်ပြမှုများကြောင့် သတင်းဖော်ပြခံရသည့် သက်ဆိုင်ရာ အဖွဲ့အစည်း၊ ဌာနများက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံ မီဒီယာများကို သတင်းပေးမှုနှင့် ပတ်သက်၍ ဖိအားပေးမှုများ ရှိပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ဖြေရှင်းနေရမှု များကြောင့် သတင်းများကို ကန့်သတ် ထုတ်ပြန်ခြင်း ဖြစ်ကြောင်း အဆိုပါ ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

“သတင်းမှား ဖော်ပြတယ်ဆိုပြီး ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထိမ်ချန်တယ်ဆိုတာ အများပြည်သူကို ထိခိုက်စေတယ်။ သတင်း ရယူတယ်ဆိုတာ မီဒီယာ အကျိုးအတွက် မဟုတ်ဘူး။ သူတို့ (ရဲတပ်ဖွဲ့) ပိုင်ဆိုင်တယ်ဆိုတာ မဟုတ်ဘူး။ တကယ်လို့ သတင်းလွဲမှားခဲ့တယ် ဆိုရင် သက်ဆိုင်ရာ သတင်းဌာနကို တရားစွဲဆိုခွင့် ရှိတာပဲ။ မီဒီယာတွေကလည်း ကျင့်ဝတ်နဲ့အညီ သတင်းရယူသင့်တယ်။ ဘယ်သတင်းက မှားတယ် မှန်တယ်ဆိုတာ ဖော်ပြရဲရမယ်။ ခုသတင်းထိမ်ချန်တဲ့ ပုံစံက တပ်မတော် အစိုးရလက်ထက်က မီဒီယာတွေကို ထိန်းချုပ်ခံခဲ့ရတဲ့ ပုံစံမျိုးလို သက်ရောက်နေတယ်” ဟု မြန်မာဂျာနယ်လစ် ကွန်ရက် (MJN) မှ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ အရာရှိကြီးများက ပြဿနာ ဖြစ်ပွားနိုင်သော သတင်းများကို မီဒီယာများကို သတင်းမပေးရန် ဆုံးဖြတ်ခဲ့ကြောင်း၊ မှုခင်း သတင်းများကို ရေးသား ဖော်ပြလိုပါက သတင်းထောက်များ အနေနှင့် သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများတွင် မေးမြန်းရန် လိုအပ်ပြီး မြို့နယ် ရဲတပ်ဖွဲ့ဝင်များကို ကြည်ဖြူစွာ ဖြေကြားပေးရန် ညွှန်ကြားထားကြောင်း၊ မြို့နယ် ရဲစခန်းများတွင် ပြည်သူ့ဆက်ဆံရေး ဝန်ဆောင်မှု အဖွဲ့များကို ဖွဲ့စည်းပေးထားကာ သတင်းမေးမြန်းနိုင်ပြီး တာဝန်အရ ဖြေကြားပေးနိုင်သည့် မေးခွန်းများကို ဖြေကြားပေးခြင်း မရှိပါက ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးထံသို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

No comments:

Post a Comment