Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 23, 2014

ABSDF မြောက်ပိုင်းမှာ အသတ်ခံခဲ့ရတဲ့ ကျောင်းသူရဲမေ ခင်ချိုဦး အကြောင်း ပြန်လည်တူးဖော်ခြင်း


မခင်ချိုဦး ဖခင်နဲ့ညီမ



ဇန်န၀ါရီ ၂၃ ရက် ၂၀၁၄

အိမ်ရှေ့ခန်းက ဧည့်ခန်းထဲမှာ အမြဲတမ်းခင်းထားပုံရတဲ့ ဖျာနဲ့အညာစောင်ကို အိပ်ရာလုပ်ပြီး ခင်းထားတဲ့ အိပ်ရာ ပေါ်မှာ အသက် ၇၀ ကျော်အရွယ်၊ ပိန်ပိန်ပါးပါးနဲ့ အဖိုးအိုတစ်ဦးလှဲနေရာကနေ ခေါင်းကလေးထောင်ပြီးကြည့်တယ်။

သူ့မျက်လုံးတွေက မှုန်ဝေနေပုံရပေမဲ့ အာရုံစိုက်ပြီး ကြည့်တဲ့အကြည့်မှာတော့ စူးစူးရှရှရှိတယ်။ စူးစမ်းတဲ့ သူ မျက်လုံးတွေနဲ့အရာရာကို သတိရှိရှိနဲ့သာ စောင့်ကြည့်မဲ့ သူတစ်ယောက်ရဲ့ မျက်လုံးတွေပါပဲ။ သူကတော့ မခင်ချိုဦးရဲ့ ဖခင်အသက် ၇၃ နှစ်အရွယ် ဦးတင်ပိုပဲဖြစ်ပါတယ်။

ဂွမ်းကပ်အပါးသားအနွေးထည် မိုးခိုးရောင်နဲ့ မလိုက်ဖက်လှတဲ့ ပုဆိုး ညိုဝါရောင်ကို တွဲဝတ်ထားတဲ့ ဦးတင်ပိုက အိမ်ရှေ့ခန်းက သစ်သားဆက်တီအဟောင်းလေးမှာထိုင်းရင်း တစ်စုံတစ်ရာကို စဉ်းစားမိသွားသလိုဟန်နဲ့ အံကို တင်းတင်းကြိတ်လိုက်တယ်။

သူ စဉ်းစားမိသွားတာ သူ့ရဲ့ ချစ်လှစွာသော သမီးကြီး ခင်ချိုဦးများ ဖြစ်လေမလား။ မခင်ချိုဦးက ၁၉၈၈ ခုနှစ် အရေးခင်းကာလကစတင်ပြီး နိုင်ငံရေးလောကထဲကို ရောက်ရှိခဲ့ သူဖြစ်ပါတယ်။ အရေးအခင်းကာလအပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီမှာဝင်ရောက်ပြီး လူငယ်အနေနဲ့ နိုင်ငံရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ တယ်လို့လည်း သိခဲ့ရတယ်။

နောက်ပိုင်း ၁၉၈၉ ခုနှစ် ဧပြီလမှာ ရန်ကုန်မြို့နေအိမ်ကနေ ထွက်ခဲ့ပြီး သူငယ်ချင်းတွေဖြစ်ကြတဲ့ မနန်းအောင်ထွေးကြည်၊ ကိုသန်းထွန်းစိုး၊ ကိုအောင်ကျော်ဦး၊ ကိုဋ္ဌေးမြင့်ဝင်းတို့နဲ့အတူတူ မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်မှာ ရှိတဲ့ မကဒတ(မြန်မာပြည်ကျောင်းသားတပ်မတော် ကချင်ပြည်နယ်)ကို သွားရောက် တောခို ခဲ့တယ်။ မခင်ချိုဦးအနေနဲ့ တော်လှန်ရေး ရဲမေအဖြစ်နဲ့ တာဝန်ထမ်းဆောင်ရင်း ABSDF မြောက်ပိုင်း ပါဂျောင်စခန်း ဦးဆောင်သူတွေက ထောက်လှမ်းရေးလို့ စွပ်စွဲပြီး ဖမ်းဆီးနှိပ်စက်ရင်း ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ထောက်လှမ်းရေးလို့ စွပ်စွဲခံခဲ့ရတဲ့ အခြားကျောင်းသား ၁၄ ဦးတို့နဲ့အတူ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။

အဲဒီအကြောင်းတွေကို ကြားသိခဲ့ရတဲ့ ဖခင်တစ်ဦးဖြစ်တဲ့ ဦးတင်ပို အနေနဲ့ နာကျင်ဝမ်းနည်းစိတ်တွေနဲ့ နှလုံး ရောဂါနဲ့ နှစ်ကြိမ်တိုင်တိုင် ဆေးကုသမှု ခံခဲ့ရတယ်။

ခုချိန်မှာတော့ သူ့သမီးအတွက် သူမသေခင်မှာ တစ်ခုခုများ လုပ်ပေးနိုင်လေမလားဆိုတဲ့ မျှော်လင့်စိတ်နဲ့ စိတ်အားတင်းရင်း အသက်ရှည်အောင် မွေးနေရသူတစ်ဦးလည်း ဖြစ်ပါတယ်။

သူ့အနေနဲ့ သမီးဖြစ်သူ ရက်စက်စွာအသတ်ခံခဲ့ရတဲ့အတွက် တရားဥပဒေလမ်းကြောင်းကနေ ဆောင်ရွက် နိုင်ဖို့အတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန် အပါအ၀င် ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်၊ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေး ကော်မတီ၊ ပြည်ထဲရေး၊ ရဲချုပ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ စတဲ့ ဋ္ဌာနတွေဆီကို အသနားခံစာ စာပို့ထားခဲ့ပြီး ဖြစ်တယ်။စာပို့ထားပြီး ၇ လကျော် ၈ လကြာတဲ့အချိန်ထိ အဆိုပါ ဋ္ဌာနတွေက အရေးတယူဆောင်ရွက်ပေးခြင်း၊ တစ်စုံတစ်ရာ တုန့်ပြန်ပေးခြင်း မရှိသေးဘူးလို့ ဦးတင်ပိုက ပြောပါတယ်။

သမီးရဲ့ မတရားခံရသူတွေအတွက် ဘယ်သူကမှ အရေးတယူလုပ်ဆောင်ပေးခြင်းမရှိရင်လည်း ဖခင်ဖြစ်တဲ့ သူက တော့ သူတတ်နိုင်သမျှ သမီးအတွက် မသေမချင်း လုပ်နေဦးမှာပဲ ဆိုတာကိုလည်း ပါးရည်နားရည်တွန့်ပြီး တွဲကျ နေတဲ့ အသက် ၇၀ ကျော်အဖိုးအိုတစ်ယောက်ရဲ့ အားမာန်အပြည့်နဲ့ ပြောပြခဲ့တယ်။

ဦးတင်ပိုအနေနဲ့ သမီးဖြစ်သူရဲ့ အကြောင်းကို ပြောရမယ်ဆိုရင်တော့ မောတယ် ပန်းတယ်မရှိဘူး ရောဂါဖောက်မှာ ကိုလည်း စိတ်မပူတော့ဘူး၊ သမီးအတွက်တစ်ခုခု လုပ်ပေးနိုင်ဖို့ကိုပဲ စိတ်အားတင်းထားတော့တယ်လို့ ပြောပါ တယ်။

အဲဒီကနေ စပြီး သူ့သမီး မခင်ချိုဦးရဲ့ အကြောင်းကို ခုလို စပြောခဲ့ပါတယ်။

အပိုင်း(၁)

သမီးကြီးခင်ချိုဦးက သားသမီး ၄ ဦးထဲမှာ အကြီးဆုံး သမီးပါ။ စကားလည်း နည်းတယ်၊ စကားကို လေးလုံး ကွဲအောင် လည်း မပြောတတ်ဘူး။ အေးအေးဆေးဆေး နေတတ်တယ်။

ငယ်တုန်းကတော့ နိုင်ငံရေးကိုလည်း ၀ါသနာပါတယ်လို့ မရှိပါဘူး။ သူ့ဟာသူ ကျောင်းစာလေး လုပ်ပြီး နေတယ်။ သူ နိုင်ငံရေး ၀ါသနာပါသွားတာကလည်း ၁၉၈၈ ခုနှစ် အရေးအခင်းမှာ စိတ်မကောင်းဖြစ်စရာတွေကို မြင်တွေ့ရပြီး နိုင်ငံရေးဘက်ကို စိတ်ရောက်သွားခဲ့တာ။

သမီးကနိုင်ငံရေးလောကထဲရောက်သွားတာက RC 2 မှာတက္ကသိုလ်တတ်တယ်။ အဲဒီမှာ ကျောင်းတက်နေရင်းနဲ့ ၁၉၈၈ ခုနှစ်၊ အရေးအခင်းဖြစ်တယ်။ အဲဒီအခါမှာ သူက ကျောင်းသူကျောင်းသားတွေက လုံထိန်းတွေက ရိုက်တာတွေ တွေ့လာတယ်လို့ သူက အိမ်ကို ပြန်ပြောတယ်။ ပြီးတော့ အဲဒီမှာ ကျောင်းသူတစ်ယောက် သေသွားတာလည်း တွေ့တယ်၊ သေသွားတဲ့အတွက်စိတ်မကောင်းဘူးလို့ သူက ပြောတယ်။ အိမ်က သူ့ကို အဲဒီနေရာတွေကို မသွားနဲ့ မသွားရင် မတွေ့ဘူး၊ မသွားနဲ့လို့ တားခဲ့သေးတယ်။ ဒါပေမဲ့ မရဘူး သူက အဲလိုဖြစ်တဲ့ နေရာတွေကို သွားပြီး ဆန္ဒပြရင်းနဲ့ နိုင်ငံရေးဘက်ကို ပါသွားတော့တာပဲ။

နောက်ပိုင်းအရေးအခင်းပြီးတော့လည်း သူက နိုင်ငံရေးဆက်ပြီး လုပ်နေတယ်၊ သူကဘယ်ရောက်သွားလဲဆိုတော့ အောင်ဆန်းစုကြည် ဆီကို ရောက်သွားတယ် တက္ကသိုလ်ရိပ်သာလမ်းထဲရောက်သွားတယ်။ အဘတို့ကတော့ သူ နိုင်ငံရေးလုပ်နေတယ်ဆိုတာကို သိတာလောက်ပဲ ရှိတယ်။ သူ နိုင်ငံရေးဘက်ပါသွားပြီဆိုတော့ အဲဒီအချိန်တုန်းက အဘက ဆောက်လုပ်ရေးဝန်ကြီးဋ္ဌာနမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းပါ။ အဘကလည်း အစိုးရ၀န်ထမ်းဖြစ်ပေမဲ့ သမီးနိုင်ငံရေး လုပ်လို့ဆိုပြီး အစိုးရက ဖိအားပေးတာတွေ အဘအလုပ်ကို ထိခိုက်တာတွေလည်း မရှိပါဘူး၊ ၀န်ထမ်းပေမဲ့ ကိုယ်ကလည်း စစ်အစိုးရလုပ်ပုံကိုင်ပုံတွေကိုကြိုက်တာ မဟုတ်ဘူး။ မဟုတ်တော့ ငါ့သမီး နိုင်ငံရေး လုပ်တာ သူယုံကြည်တာလေး သူလုပ်တာပဲ၊ ကောင်းတဲ့ အလုပ်ပဲ ၊ စစ်အာဏာရှင်တွေကို တိုက်တာပဲ ဆိုပြီး သဘောထားခဲ့တယ်။

အဲတုန်းက သူ့တို့လို နိုင်ငံရေးလုပ်တဲ့ သူတွေ လိုက်ဖမ်းတယ်ဆိုပြီး ကြားတော့ သူ့ကိုလည်း အဘက တော ကို ပို့လိုက်တယ်။ ရှောင်ခိုင်းလိုက်တာပေါ့လေ၊ နောက်တော့ ဘာမှ မဖြစ်ဘူးဆိုတာနဲ့ သူ့ကို တောကနေ ပြန်ခေါ် လိုက်တာ။ ပြန်ခေါ်လိုက်တာနဲ့ သူကလည်း ဒီတက္ကသိုလ်ရိပ်သာလမ်းပဲ သွားတယ်။

နိုင်ငံရေးဘက်ဆက်သွားတယ်။ သွားရင်းသွားရင်းနဲ့ အဲ့ဒီကနေပြီးတော့ထွက်သွားတာပဲ။ ထွက်သွားတော့ ချက်ခြင်း မသိသေးဘူး၊ အိမ်ကနေ ထွက်သွားတော့ စာတော့ရေးထားခဲ့တယ် မသိရဘူး သူ့အမေကဖုံးထားတာ။ ဒါပေမဲ့ သူ မန္တလေးရာက်တော့ သိရပြီ၊ အဲဒါနဲ့ တူတစ်ယောက်ကို လိုက်ရှာပြီး ခေါ်ခိုင်းလိုက်သေးတယ်။ ဒါပေမဲ့ မရဘူး။ တူတစ်ယောက်ကို တက္ကသိုလ်ထဲသွားပြီးတော့ သွားတွေ့ခိုင်းတယ် ဝင်လို့မရဘူးတဲ့ အဲဒီလိုပဲ အဘဆီကို အကြောင်း ပြန်လာခဲ့တယ်။ အဲ့ဒီတည်းက အဘနဲ့ သမီးနဲ့ အဆက်အသွယ်ပြတ်သွားတယ်။

အဲဒီလိုနဲ့ သူ့အကြောင်း မကြားရဘဲနဲ့ အကြာကြီး နေနေရတယ်၊ နောက် တစ်နှစ်လောက်ကြာတော့ သူတို့ဆီက လူလာတယ် ဘယ်သူတွေလာလဲဆိုတော့ သန်းထွန်းစိုးတို့ ၊ နောက် မိုးဟိန်းတို့ အိမ်ကိုလာကြတယ်။ လာတဲ့ အခါ ကျတော့ မချိုက ဟိုမှာတော့တောထဲရောက်နေတယ် ဒီိလိုရှိတယ် အဘမပူပါနဲ့ပေါ့။ အဲဒီလိုပဲ ပြောကြတယ်။

အော်… စိတ်ထဲမှာလည်း သူ့ကို သတိရပေမဲ့ ငါ့သမီးက ကျောင်းသားတပ်မတော်ထဲမှာပေါ့၊ သူက စစ်အာဏာရှင်ကို တိုက်နေတာ၊ တစ်ချိန်ကြရင်တော့ ဒီမိုကရေစီရမှာပဲ ငါ့သမီးက တော်လှန်ရေးလုပ်နေတယ်ဆိုတဲ့ စိတ်နဲ့ နေနေခဲ့ တာပေါ့။

နောက်ပိုင်းမှာတော့ တော်တော်လေး အဆက်ပြတ်သွားတယ်။ သမီးရဲ့ သတင်းအစအနကိုလည်း မကြားရဘူး၊ သူတို့ဆီက လူတွေလည်း မလာတော့ဘူး၊အဲ့လိုနဲ့ တော်တော်ကြာတယ် အဆက်မသွယ်မရတော့တာ။ နောက် အသတ်ခံရတယ်လို့လည်း ကြားလိုက်သေးတယ်။ ဒါပေမဲ့ သေချာလည်း မသိဘူးပေါ့၊ အိမ်ကိုလည်း ဘယ်သူမှ လာပြီး ဆက်သွယ်တာလည်း မရှိဘူး။ အဲ့ဒါနဲ့ဒီအတိုင်းပဲနေနေတာ နေနေတဲ့ခါကျတော့ ဘယ်လိုဖြစ်လဲဆိုတော့ အဘတို့ နေတဲ့အင်းစိန်းက အခုနေတဲ့ တောင်ဒဂုံကို ပြောင်းခိုင်းတဲ့အခါကျတော့ ဒီကိုပို့လိုက်တာ။

အဲ့ဒီ အင်းစိန်နေအိမ်ကနေ ဖျက်ပြီး ဒီတောင်ဒဂုံဘက် ပြောင်းရတဲ့အခါကျတော့ မတွေ့ဘူးဆိုတာလည်းဖြစ်ကောင်း ဖြစ်နိုင်တယ်ပေါ့လေ ဒါပေမဲ့ ဘေးပတ်ဝန်းကျင်ကိုတိတိကျကျမေးရင်တော့လည်း တွေနိုင်တဲ့ သဘောရှိတာပေါ့ မသိတော့ နောက်ဆုံး ဒီရောက်တော့ လေ့လာရင်းလေ့လာရင်းနဲ့ အသံလည်းမကြားရဘူး။

ရှေ့ဆက်ဖော်ပြပေးပါမည်။

မေသင်္ကြန်ဟိန်(မြစ်မခ)
Kachin Daily News မှ ကူးယူဖော်ပြသည်။

--------------------------------------------------------------------------------------------------------
အောက်မှ Follow ကိုနှိပ်ထားရုံဖြင့် facebook သုံးရင်း သတင်းများကို ဖတ်နိုင်ပါမည်။
(သတိပြုရန် - Follow ပေါ်တွင် အမှန်ခြစ်ရှိနေပါက မနှိပ်ရပါ။)

No comments:

Post a Comment