Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 22, 2013

ပုဂံတွင် စက်ဘီးစီး နိုင်ငံခြားသားများ ကျွမ်းကျင်မှု မရှိသဖြင့် ထိခိုက်မှုများ

မြန်မာ့ရှေးဟောင်း အမွေအနှစ် ဒေသတစ်ခုဖြစ်သော မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံဒေသသို့ ဘက်ထရီသုံး စက်ဘီးများစီးကာ လည်ပတ်ကြသော နိုင်ငံခြား ခရီးသွားများမှာ ကျွမ်းကျင်မှု မရှိသည့်အတွက် မတော်တဆ တိမ်းမှောက်မှု များကြောင့် ထိခိုက်မှု များလာကြောင်း ဧည့်လမ်းညွှန်အသင်း (ပုဂံဇုန်) တာဝန်ရှိသူနှင့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ယင်းကဲ့သို့ ထိခိုက်မှု များလာသည့်အတွက် ဘက်ထရီ စက်ဘီး ငှားရမ်းသူများ အနေနှင့် ယင်းစက်ဘီး ကျွမ်းကျင်စွာ စီးနင်းတတ်သူများကိုသာ ငှားရမ်းသင့်ကြောင်း ညောင်ဦးမြို့ ဒေသခံ များက ပြောကြားသည်။

ညောင်ဦးမြိုနယ် ရွှေနန်းရင်တော် ဘုရားအနီး လှည်းလမ်းကြောင်းတွင် ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်က စင်ကာပူနိုင်ငံသူ တစ်ဦးသည် သူငယ်ချင်း သုံးဦးနှင့်အတူ ဘက်ထရီစက်ဘီး မောင်းနှင်လာစဉ် စက်ဘီးရှေ့ဘီးမှာ သဲလမ်းကြောင်းထဲသို့ ခေါက်လဲ ကျသွားသဖြင့် ဝဲလက်ကောက်ဝတ် ဒဏ်ရာ၊ အဆစ်လွဲဒဏ်ရာ ရရှိပြီး ညောင်ဦး ဆေးရုံတွင် ဓာတ်မှန်ရိုက်ကာ ပြင်ပလူနာဌာနတွင် ဆေးကုသမှု ခံယူခဲ့ကြောင်း ဧည့်လမ်းညွှန်အသင်း (ပုဂံဇုန်) ဥက္ကဋ္ဌ ဦးဇော်ဝင်းချိုက ပြောကြားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ၂၂ ရက်နေ့ နံနက် ၁၀ နာရီ ၅၅ မိနစ်ခန့်ကလည်း ညောင်ဦးမြို့နယ် ခရိုင်ပြည်သူ့ဆေးရုံ ရှေ့တွင် သြစတြေးလျ နိုင်ငံသူ တစ်ဦးသည် ဘက်ထရီ စက်ဘီးပေါ်မှ ပြုတ်ကျကာ မေးကွဲသွားသဖြင့် သုံးချက်ချုပ်၍ ပြင်ပလူနာအဖြစ် ကုသမှုခံယူခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းများအရ သိရသည်။
“ညောင်ဦးမှာကတော့ လျှပ်စစ်စက်ဘီးတွေ၊ ဘက်ထရီ ဆိုင်ကယ်တွေ အရမ်းများလာတယ်။ ငှားရမ်းတဲ့ သူတွေကလည်း နိုင်ငံခြားသားတွေက စီးတတ်မှန်းမသိ ဘာမသိနဲ့ ငှားတယ်။ အဲဒီတော့ ယာဉ်မတော်တဆ လဲမှုတွေ၊ လုယက်မှုတွေ အဖြစ်များလာတာပေါ့၊ အဓိက ကတော့ နိုင်ငံခြားသားတွေက ဈေးနှုန်းသက်သာတဲ့ အတွက်ကြောင့် ဘက်ထရီစက်ဘီး၊ ဆိုင်ကယ်တွေကို ငှား ကြတယ်။ ဒါမျိုးမတော်တဆ တိမ်းမှောက်မှုတွေ မဖြစ်အောင်လို့ ငှားတဲ့ သူတွေကလည်း ရှေ့မှာ အစမ်းစီးပြခိုင်းရမယ်။ စီးတတ်တဲ့ သူတွေကိုပဲ ငှားသင့်တယ်” ဟု ဦးဇော်ဝင်းချိုက ထပ်မံဆိုသည်။

ယင်းဒေသ ဘက်ထရီစက်ဘီး၊ ဆိုင်ကယ် ငှားရမ်းခများသည် မြင်းလှည်း ငှားခထက် ဈေးနှုန်း သက်သာသည့် အတွက်ကြောင့် ခရီးသွား နိုင်ငံခြားသားများကလည်း ဘက်ထရီစက်ဘီး၊ ဆိုင်ကယ် ငှားရမ်းမှု အငှားများလာကာ အဆိုပါ စက်ဘီးအငှား လုပ်ကိုင်သူများလည်း ပိုမို များပြားလာကြောင်း ညောင်ဦးမြို့တွင် မြင်းလှည်းမောင်းသူ ဦးမောင်စိုးက ပြောကြားသည်။

“ကျွန်တော်တို့လည်း ဧည့်သည်တွေကို အကြံဉာဏ် ပေးပါတယ်။ ဘယ်လို စီးရမယ်၊ မစီးတတ်လို့ မဟုတ်ဘူး။ နိုင်ငံခြားသားတွေက သူတို့ရဲ့ဝိတ်နဲ့ စက်ဘီးနဲ့က မမျှတော့ Speed ကိုအရှိန်မြင့်ပြီး နင်းကြတယ်။ သူတို့နဲ့က ဒီစက်ဘီးတွေနဲ့ မစိမ်းပါဘူး” ဟု ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းတွင် ဘက်ထရီစက်ဘီး ငှားရမ်းသူ ဦးမြင့်ဇော်က ဆိုသည်။

ပုဂံညောင်ဦး တစ်ဝိုက်တွင် ဘက်ထရီစက်ဘီး ငှားရမ်းမှုမှာ တစ်ရက်လျှင် ၈၀၀၀ ကျပ်ခန့်သာ ရရှိပြီး မြင်းလှည်း ငှားရမ်းခမှာ တစ်နာရီလျှင် ၇၀၀၀ ကျပ်ခန့် ရှိကြောင်း အဆိုပါ ညောင်ဦးမြို့ ဒေသခံများထံမှ သိရသည်။

The Voice

No comments:

Post a Comment